ECYL အခန်း ၁

ဖဝါးထက်က ပုလဲသွယ် (၁)

________

ယဲလီကျူးနိုးလာတော့ သူမရင်ဘတ်တစ်ခုလုံး တင်းကြပ်နေသည်။

ယဲ့လီကျူးကို ဇူလိုင်တစ်ဆယ့်ငါးရက်တွင် အေးစက်ကာ မကောင်းသည့် ချီစွမ်းအင်ဖိစီးမှုနှင့်အတူ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သူမ ငယ်ရွယ်စဉ်က ဘုန်းတော်ကြီးတစ်ပါးက သူမအသက်ဆက်ရှင်လိုလျှင် တစ်ဘဝလုံးကို ခေါင်းတုံးရိတ်ကာ သီလရှင်ဘ၀နှင့် နေရမည်ဟု ဆိုခဲ့သည်။

သိူ့သော် ယဲ့လီကျူး၏ ဖခင်က သူမကိုအချစ်ဆုံး ဖြစ်သောကြောင့် ဒီလိုသမီးလိမ္မာလေးကို သီလရှင် မဝတ်စေချင်ပေ။

သူမ အသက်သုံးနှစ်ပြည့်ပြီးနောက် တစ်ခုသောဆောင်းညတွင် ယဲ့လီကျူး၏ အထိန်းတော်က နမော်နမဲ့နိုင်စွာဖြင့် အိပ်ရာဘေးကပြတင်းပေါက်ကို ပိတ်ရန်မေ့သွားခဲ့သည်မို့ သူမတစ်ညလုံးခဲမတတ် ဖြစ်ခဲ့ရသည်။ သူမအဖျားတွေတောက်လျှောက်တက်ကာ သေမလိုပင်ဖြစ်ခဲ့၏။

ယဲ့လီကျူး၏ ဖခင်က လက်ရှိတွင် အမတ်ချုပ်ဖြစ်နေသူဖြစ်သည်။ အမတ်ချုပ်ကြီးက နာမည်ကြီး သမားတော်ပေါင်းများစွာကို ဖိတ်ခေါ်ကာ ကုသစေခဲ့သော်လည်း သူမအသက်ကို ကယ်တင်နိုင်ရုံလေးမျှသာ တတ်နိုင်ခဲ့သည်။ သို့သော် ယဲ့လီကျူး ငါးနှစ်အရွယ်တွင်တော့ သူမက တဖြည်းဖြည်းနှင့် အားနည်းသထက်နည်းလာသည်မို့ သူမကို အိမ်တွင် မထားရဲတော့ပေ။ သူ ယဲ့လီကျူးကို မင်ဘုန်းကြီးကျောင်းသို့ ပို့ခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ယဲ့အမတ်ချုပ်တ်ယောက် ယဲ့လီကျူးဆီကို ပွဲတော်ရက်တွေမှသာ သွားရောက်လည်ပတ်နိုင်တော့သည်။

ယဲ့လီကျူးတစ်ယောက် မင်ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနေခဲ့သည်မှာ ဆယ်နှစ်မျှ ရှိပြီဖြစ်ပြီး လာမည့်နှစ်လအတွင်းတွင် သူမအသက် တစ်ဆယ့်ငါးနှစ် ပြည့်တော့မည်ဖြစ်သည်။

လတ်တလောရက်များတွင်တော့ သူမ ကျန်းမာရေးအခြေအနေက ဆိုးသထက်ဆိုးလာသည်။ ရင်ဘတ်တွေအောင့်ကာ ရံဖန်ရံခါချောင်းဆိုးတိုင်း သူမ လက်ကိုင်ပဝါတွင် သွေးစတွေ ပါလာတတ်သည်။ ကျောင်းထိုင်ဆရာတော် ပြောပုံအရတော့ ယဲ့လီကျူးက ဦးပြည်းကတုံးရိတ်ရန် ငြင်းဆန်ကာ လောကုတ္တရာတွင် ပျော်မွေ့ပြီး သီလရှင်ဝတ်ရန်ဆန္ဒမရှိသည်မို့ ရှင်တော်ဗုဒ္ဒလည်း မကာကွယ်နိုင်တော့ပြီတဲ့။ သူမကို တတ်နိုင်သမျှ အိမ်သို့သာ မြန်မြန်ပြန်ပို့ရတော့မည်။ ဖြစ်နိုင်တာကတော့ သူမ တော်ဝင်မျိုးနွယ်တစ်ယောက်နှင့် တွေ့ဆုံနိုင်သေးသည်။

ချည်လိုက်ကာစကို ယဲ့လီကျူးလက်တစ်ဖက်ဖြင့် မလိုက်သည်။

သူမက အခုမှအိပ်ရာထစမို့ သူမ၏ ပိတုန်းရောင်ကေသာတို့က လျောတိ့လျော့ရဲနှင့် အဖြူရောင်အင်္ကျီက ရှုပ်ပွနေကာ နူးညံ့တင့်တယ်သော ညှပ်ရိုးလေးများက ပေါ်လွင်နေတော့သည်။

ယဲ့လီကျူးက လှပစွာကြီးပြင်းခဲ့ရသည်။ ဘုရားကျောင်းတွင် သီလရှင်များက မိန်းမသားတို့၏ အလှတရားများကို ဆွေးနွေးခွင့်မရှိသော်ငြား သူတို့စိတ်ထဲတွင် ယဲ့လီကျူးက ထူးခြားသော အလှလေးမှန်း အသိအမှတ်ပြုထားကြသည်။

သူမအသက်က ငယ်ငယ်လေး ရှိသေးသော်ငြား လေယူရာယိမ်းနွဲ့နေသည့် မိုးမခပင်လေးလို ပျော့ပျောင်းသွယ်လျသည်။ သူမ၏ အသားအရေက ဖြူဖျော့နူးညံ့သည်။ သူမက ပင်ကိုယ်ဆွဲဆောင်မှုရှိသူဖြစ်ပြီး အထူးသဖြင့် နွေဦးရေအိုင်လေးလိုဗာဒံစေ့သဏ္ဌာန်မျက်လုံးလေးက တခြားသူတွေကိုဆွဲဆောငိနိုင်လွန်းသည်။ ဆန့်ကျင်ဖက်အနေနှင့်ကတော့ သူမမျက်လံူးနှစ်ခုကြားရှိ အနီရောင်သန်းသည့်အမှတ်လေးက သူမကို ချစ်စရာ ဖြူစင်သည့်ပုံစံပေါက်စေသည်။ ဆွဲဆောင်မှုရှိတာနှင့် ဖြူစင်တာနှစ်ခုပေါင်းစပ်မှုက တကယ်သေစေနိုင်၏။

သူမက ကျန်းမာရေးမကောင်းသူမို့ အသားအရေက ရံဖန်ရံခါ ဖြူဖျော့နေတတ်ပြီး နှုတ်ခမ်းလေးကလည်း ပန်းဖျော့ရောင်လေးသန်းနေတတ်သည်။ ဘုန်းကြီးကျောင်းတွင်တော့ သူမကို ဘယ်သူကမှ မခစားရပေ။ ထို့ကြောင့် မျက်နှာသစ်တာ အ၀တ်ဝတ်တာကအစ ယဲ့လီကျူးကိုယ်တိုင်သာ လုပ်ရသည်။

သူမက သူမ၏ အလှကိုပေါ်လွင်စေသော စိမ်းပြာရောင်အင်္ကျီလေးကိုဝတ်ထားပြီး ပြတင်းပေါက်ဘေးတွင် ထိုင်နေကာ သူမ၏ ဆံနွယ်များကိုတော့ ထုံးဖွဲ့ပြီး ဦးထုပ်တစ်လုံး ဆောင်းထား၏။

လဲ့ယီကျူးက တောင်အနောက်ဖက်သို့ သွားကာ သူမ၏ လက်လှလှလေးဖြင့် မျက်နှာသစ်လိုက်သည်။ သူမပြန်မည်အပြု လူနှစ်ယောက်၏ရင်းနှီးနေသောအသံကို ကြားလိုက်ရ၏။

“ဆရာတော်ဆီကကြားတာတော့ ကျူးကျူးက ဒီလထဲပြန်တော့မယ်ဆို”

“ကျူးကျူးက ဘယ်ကိုပြန်မှာလဲ”

အတင်းတုတ်နေသူနှစ်ယောက်မှာ ကျောင်းထိုင်ဆရာတော်ဝူရှင်း၏ တပည့်နှစ်ဦးဖြစ်သူ ချင်ရွှမ်းနှင် ချင်ဟွေ့ဖြစ်သည်။

ချင်ရွှမ်းက ပြောလိုက်သည်။

“ဒါနဲ့ ကျူးကျူးက ဒီကိုဘာလို့လာလဲဆိုတာ နင်မသိဘူးမလား။ အဲ့တုန်းက နင်မရောက်သေးဘူးလေ။ ဆရာတော်က ဒီအကြောင်းကိုမပြောပေမဲ့ ကျူးကျူးက သာမန်မိန်းကလေးမဟုတ်ဘူး။ အရာရှိကြီးတစ်ယောက်ရဲ့ သမီးပဲ။ အတော်ရာထူးမြင့်တဲ့သူတောင် ကျူးကျူးရဲ့အဖေကို ဒူးထောက်ရတယ်။ အခုကျူးကျူးက ဆယ့်ငါးနှစ်ရှိနေပြီဆိုတော့ သူ့အဖေက ပြန်ခေါ်ချင်နေပြီ”

ယဲ့လီကျူးက မာန်မာနထောင်လွှားခြင်းမရှိ၊ စရိုက်ဆန်တာမျိုးမရှိမှန်း ချင်ဟွေ့သိသည်။ သူမခန္ဓာကိုယ်အခြေအနေက သိပ်မကောင်းသော်ငြား ဘုရားကျောင်းရှိ လူတိုင်းက သူမကို သဘောကျကြသည်။ ယဲ့လီကျူး ထွက်သွားတော့မည့်အကြောင်းကို ကြားတော့ ချင်ဟွေ့တစ်ယောက် မသက်မသာ ဖြစ်လာ၏။

“အာ….ကျူးကျူးက ထွက်သွားတော့မှာလား ငါ သူ့ကို ပုလဲဆံထိုးကောင်းကောင်းလေး ဝယ်ပေးဖို့ ပိုက်ဆံစုထားတာကို”

ဘုန်းကြီးကျောင်းရှိလူတိုင်း ဆံချထားကြသူများ ဖြစ်ပြီး ယဲ့လီကျူးတစ်ယောက်သာ လှပသော ဆံပင်များရှိသည်။ ဦးထုပ်ကြောင့် လူတိုင်းမသိသော်လည်း အများစုလည်းသိကြသည်။ ချင်ဟွေ့ကတော့ သူမ သီလရှင်တစ်ပါးဖြစ်လာပြီး ကျင့်ကြံခြင်းပြုလုပ်နေပြီဟု ထင်ထားခဲ့သည်။

“ဟ…မင်းက ကျူးကျူးကို ပုလဲဆံထိုးဝယ်ပေးချင်လို့ မဟုတ်ဘဲ ကျူးကျူးထွက်သွားရင် လကုန်တိုင်း တောင်အောက်ဆင်းရင် လိုက်လာမဲ့သူမရှိတော့မှာ စိတ်ပူလို့မလား”

ချင်ရွှမ်းက ရေရွတ်၏။

“ဒီနှစ်တွေမှာ ကျူးကျူးအဖေက အားလပ်ရက်ဆို ရောက်လာပြီး အများကြီးလှူဒါန်းတယ်။ ဒါပေမဲ့ သူ့အမေကတော့ တစ်ခါမှကို မလာဘူးနော်။ ငါကြားတာတော့ ကျူးကျူးအမေက မောင်လေးတစ်ယောက် ထပ်မွေးထားတယ်တဲ့။ ချင်ဟွေ့ နင်တွေးကြည့်စမ်း ကျူးကျူးအိမ်ပြန်သွားရင် အနိုင်ကျင့်ခံရလောက်လား”

ချင်ဟွေ့ မသိပေ။ သူတို့က ထိုအကြောင်းများကို ဘုရားကျောင်းထဲတွင်မပြောကြ။ ဘုန်းတော်ကြီးဝူရှငိးကလောကီအရေးတွေကို ပြောခွင့်မပြုသည်မို့ နှစ်ကိုယ်ကြားသာပြောရသည်။

ချင်ဟွေ့က ခြင်းတောင်းကိုမကာ ပြော၏။

” နောက်ပိုင်း ကျူးကျူးအိမ်ပြန်သွားလို့ သူ့အိမ်ကို မကြိုက်ဘဲ အနိုင်ကျင့်ကြလို့ ဒီကိုပြန်လာရင်တောင် ငါနဲ့ဆရာတော်တို့က ကျူးကျူးကို သဘောကျဆဲပဲဆိုတဲ့အကြောင်းကို ပြောမယ်”

ယဲ့လီကျူးက သူမ၏ မျက်ဝန်းစိုများကို လက်ဖြင့်သုတ်လိုက်သည်။

သူမ၏ ဖခင်ကို တစ်နှစ်တွင် နှစ်ခါလောက် တွေ့ရသည်။ နှစ်ရက်ပြီးလျှင် မြို့တော်ကိုပြန်ရသည်။ သူမ၏ မိခင်ကိုတော့ သူမ မင်ဘုန်းကြီးကျောင်းကို ရောက်သွားသည့်အချိန်မှစကာ မမြင်ရတော့ပေ။

အဖေကတော့ သူမအမေက ကျန်းမာရေးမကောင်းနေသည်မို့ ခရီးဝေး မသွားနိုင်ကြောင်းသာ ပြောခဲ့သည်။ ဆယ်နှစ်လုံးသူမအမေကို သူမ၏ အိပ်မက်ထဲတွင်သာ တွေ့ရတော့သည်။

သူမ မင်ဘုန်းကြီးကျောင်းကို အသက်၅နှစ်အရွယ်တွင် ရောက်ခဲ့၏။ သူမ ၅နှစ်သာ ရှိသေးသည်မို့ သူမအမေ၏ မျက်နှာကိုရော ကျန်တာတွေကိုရော မမှတ်မိပေ။ သူမအဖေကတော့ သူမမောင်လေးအကြောင်း တစ်ခါပြောဖူးသော်လည်း ယဲ့လီကျူးသိပ်မမှတ်မိတော့။ အခုတော့ ချင်ရွှမ်း မပြောသည့်စကားအဓိပ္ပာယ်ကို သူမ အပြည့်အ၀နားလည်နေပြီ။ သူမအမေ သူမကို လာမကြည့်တာ သူမမောင်လေးကြောင့် ဖြစ်သည်။ ယဲ့လီကျူးက ဝမ်းနည်းသွားမိ၏။

သို့သော် စက္ကန့်ပိုင်းမျှသာ ကြာသည်။

သူမအိမ်ကို မပြန်ဖို့ သူမမိသားစုတွေကို မတွေ့ဖို့ဆိုတာမျိုးကို သူမ မစဉ်းစားထားပေ။ ခြံဝန်းကို သန့်ရှင်းနေစဉ် ချင်တီးသံကို သူမ ကြားလိုက်ရသည်။ ဆရာတော်ဝူရှင်း တီးနေမှန်း သူမ သိလိုက်၏။

လွန်ခဲ့သည့်နှစ်တွေအတွင်း၊ ချင်၊ ကျား၊ လက်ရေးလှနှင့် ပန်းချီပညာတို့ကို ဆရာတော်ဝူရှင်းလက်အောက်၌ ဘုန်းကြီးကျောင်းမှာပင်လေ့လာခဲ့သည်။

သူမ လက်ဆေးပြီး အဝတ်အစားလဲပြီးနောက် ယဲ့လီကျူးတစ်ယောက် လက်ဖက်ရည်ဖျော်ကာ ဆရာတော်ဝူရှင်း၏ အခန်းထဲသို့ သွားပို့လိုက်၏။

ဆရာတော်ဝူရှင်းက ရှင်းသန့်ပြီး ကြည်ညိုဖွယ်ရုပ်သွင်ရှိသည်။ ယဲ့လီကျူးက လက်ဖက်ရည်ခွက်ကို ချပေးလိုက်၏။ “ဆရာတော် သုံးဆောင်ပါ”

ဆရာတော်က ခေါင်းညိတ်ပြသည်။

“လီကျူး….သမီးလည်းစားလေ”

လီကျူးလှည့်သွားမည်အလုပ် ဆရာတော်ဝူရှင်းက ထပ်ခေါ်လိုက်၏။

“လီကျူး”

လီကျူးက ခေါင်းလေးမော့ကာ ဆရာတော်ကိုကြည့်၏။

“သမီး လူ့ဘောင်ကို ပြန်ရင် ဒီကိုပြန်လာလို့ မရတော့ဘူးနော်” ဆရာတော်က မိန့်၏။

“ဗုဒ္ဓရဲ့အရိပ်အောက်မှာပဲ လုံလုံခြုံခြုံနေပါ။ ဒီကနေ ထွက်သွားရင် သမီးရဲ့ သေရေးရှင်ရေးဟာ မသေချာဘူး”

လီကျူးက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။ “အရှင်ဘုရား။ ဒီတပည့်က ဒီအကြောင်းကို တွေးပြီးပါပြီ။ တပည့်တော်မှာ သီလရှင်ဝတ်ဖို့ စိတ်ဆန္ဒ မရှိကြောင်းပါ”

“တပည့်တော်ဟာ ကိလေသာ မကင်းစင်သေးပါဘူး ဘုရား။ တပည့်တော်မှာ တပည့်တော် ရှောင်လွှဲလို့မရတဲ့ အကြွေးတွေကို ကမ္ဘာကြီးဆီ ပေးဆပ်ဖို့ကျန်ရှိနေပါသေးတယ်။ အသက် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တပည့်တော် နောင်တမရကြောင်းပါ”

ဆရာတော်ဝူရှင်း၏ အခန်းထဲက ထွက်လာသည့်အချိန်တွင် နေရောင်က သစ်ပင်ဖျားတွေဆီမှတစ်ဆင့် မြေပေါ်သို့ ကျရောက်နေသည်။ ယဲ့လီကျူးက ခေါင်းလေးကိုမော့ကာ ခပ်ဝေးဝေးမှ ငှက်တွန်နေသည့်နေရာသို့ မျှော်ငေးမိသည်။

ငှက်ကလေးတစ်ကောင်က သူမဆီပျံလာပြီး ယဲ့လီကျူးပခုံးပေါ်တွင်နား၏။ ယဲ့လီကျူး၏ နောက်ကျောလးကိုထိပြီးနောက် လီကျူး၏ လက်ချောင်းထိပ်ကလေးကို နမ်းကာ အတောင်ပံခတ်ရင်း ပျံပြေးသွားလေတော့သည်။

ထို့နောက် ယဲ့လီကျူးက ထမင်းစားဆောင်သို့ဝင်ကာ ချင်ရွှမ်းနှင့် ချင်ဟွေ့ဘေးသို့ ထိုင်လိုက်၏။

ချင်ဟွေ့က ယဲ့လီကျူးကို အချိန်တိုင်း ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။

ယဲ့လီကျူးက ပြုံးကာ ”ချင်ဟွေ့ ညီမ ဘာဖြစ်လို့လဲ။ ညီမမျက်နှာမှာ တစ်ခုခုများပေနေလို့လား”

ချင်ဟွေ့က ဆိုလိုက်သည်။ “ညီမလေး…ညီမ ဒီကနေ သွားသွား မသွားသွား ပြောစရာရှိ…..”

သူမ စကားမဆုံသေးခင်မှာပင် ချင်ရွှမ်းက ချင်ဟွေ့ကိုဆိတ်၍ သူမပါးစပ်ထဲသို့ မန်ထိုတစ်လုံး ထိုးပေးလိုက်သည်။ သူမက ယဲ့လီကျူးကိုပါ ဆက်ပြောလိုက်သည်။

“ကျူးကျူး ဆန်ပြုတ်တွေ အေးကုန်တော့မယ် မြန်မြန်စားလိုက်လေ”

ယဲ့လီကျူးက ပြုံးကာ ဆန်ပြုတ်ကို ငုံ့သောက်၏။ သူမက စားချင်စိတ်အနည်းဆုံးလူမို့ အမြန်ဆုံး ပြီးသွားသည်။

ယဲ့လီကျူးထွက်သွားတော့ ချင်ဟွေ့က ပြောလိုက်၏။ “ချင်ရွှမ်း နင် ငါ့ကို ဘာလို့ဆိတ်တာလဲ စကား ဆက်ပြောလို့မရတော့ဘူးလေ”

ချငိရွှန်းက ချင်ဟွေ့၏ နဖူးကိုပုတ်လိုက်သည်။

“နင့်ကို ဆရာတော်က ဘာလို့ ချင်ဟွေ့လို့နာမည်ပေးလဲဆိုတာ မသိဘူးလား နင်က တုံးလွန်းလို့ နင့်ကို စာလုံးကောင်းကောင်းလေး ပေးပြီး တော်လာမလားလို့လေ”

ချင်ဟွေ့က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်သည်။

ချင်ရွှမ်းက ဆက်ပြော၏။

“ကျူးကျူးက သိပ်မကြာခင် အိမ်ပြန်တော့မှာ။ သူ့မိသားစုနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ပြီး အပျော်တွေနဲ့ ပြည့်နေမှာသေချာတယ္။ သူ့မိသားစုအကြောင်းပြောပြီး ရေအေးတွေ လောင်းချတာမျိုး မလုပ်သင့်ဘူးလေ။ သွေးက ရေထက်ပျစ်တယ်ဟဲ့ နားလည်ရဲ့လား ကျူးကျူးက ငတုံးငအ မဟုတ်ဘူး။ ဆရာတော်ကတောင် ပြောဖူးတယ်လေ။ ကျူးကျူးက ငါတို့ထဲမှာ အတော်ဆုံးတဲ့။ အိမ်ပြန်တာ ကောင်းကောင်း၊ မကောင်းကောင်း အချိန်တန် သူ့ဟာသူသိလိမ့်မယ်။ အဲ့ဒါကြောင့် သူ့ကို စိတ်ညစ်အောင် သွားမလုပ်နဲ့”

ချင်ဟွေ့က ပြန်ပြောလိုက်သည်။

“ငါ အများကြီးမစဉ်းစားမိဘူး။ ငါပြောချင်တာက ကျူးကျူးက သွားတော့မှာ ငါက သူ့ကို ကတိပေးထားတဲ့ပုလဲဆံထိုးလေး ဝယ်ပေးဖို့ပိုက်ဆံမရှိသေးဘူး။ အဲ့ကျ ချင်ရွှမ်း ငါ့ကို ငွေ၂စလောက်ချေးပါလား”

ချင်ရွှမ်း : “………”

________

မနက်စောစောကတည်းက ယဲ့ဖူအန်းက သူ့အလုပ်များကို လက်ထောက်ဆီလွှဲခဲ့ပြီး အရှင်မင်းကြီးထံ ရက်အနည်းငယ်ခွင့်ပေးရန် တောင်းခံနေသည်။ သို့မှသာ သူ့သမီးဆီပြန်သွားနိုင်လိမ့်မည်။

ဧကရာဇ်က အမတ်ချုပ်ယဲ့ဖူအန်း၏ လုပ်နိုင်စွမ်းနှင့် အရည်အချင်းကို သိပြီးသားဖြစ်၏။ ယဲ့ဖူအန်းတွင် သမီးကညာရှိကြောင်း ရုတ်တရက် ကြားသိရပြီးကတည်းက သူအတော်လေးသိချင်တာမို့ မေးခွန်းများ မေးမိသည်။

ယဲ့ဖူအန်းက သူ့သမီးလေးကို အချစ်ဆုံးဖြစ်သည်။ ယဲ့လီကျူးမွေးတုန်းက နေ့ရောညရော သူ့သမီးလေးကို မြင်ရဖို့မစောင့်နိုင်ဖြစ်ခဲ့ရသည်တဲ့။

ဧကရာဇ်က ပထမဆုံးအနေနှင့် ယဲ့လီကျူးသည် တုနှိုင်းမမှီသည့် အမျိူးသမီးဖြစ်ကာ ထူးချွန်ကြောင်း ချီးကျူးလိုက်၏။

ယဲ့မိသားစုက သစ္စာရှိကာ မျိုးဆက်အဆက်ဆက် မင်းမှုထမ်းတွေဖြစ်ခဲ့ကြသည်။ ယဲ့ဖူအန်းက ရက်စက်ကာ ကြောက်စရာကောင်းသော်ငြား တိုင်းပြည်နှင့် လူမျိုးအတွက်တော့ သစ္စာရှိသူဖြစ်သည်။ ဧကရာဇ်ကတော့ သာမန်ညောင်ညဖြစ်ကာ ချီးမွမ်းလောက်စရာလူလည်း မဟုတ်သည်မို့ အမတ်များကိုသာ အားထားနေရသည်။

သူ့တွင် သားတော်ခြောက်ပါးရှိပြီး ကိုယ်လုပ်တော်မိဖုရားကို အချစ်ဆုံးမို့ သူ့သားဖြစ်သူ ဒုတိယမင်းသားကို မျက်နှာသာအပေးဆုံး ဖြစ်နေသည်။ လတ်တလောကမှ ဧကရာဇ်သည် အိမ်ရှေ့မင်းသားကိုနန်းချပြီး ဒုတိယမင်းသားကို အိမ်ရှေ့စံမြှောက်ချင်နေခဲ့သည်။

သို့သော် အိမ်ရှေ့မင်းသားတွင် အလွန်ခွန်အားကြီးပြီး စစ်သည်ခြောက်သိန်းအင်အားကို ပိုင်ဆိုင်ထားသည့် မင်းသားချင် (ချင်ခရိုင်စား) ၏ ထောက်ပံ့မှုကရှိနေ၏။ မင်းသားချင်က မိဖုရားခေါင်ကြီး၏ မောင်အငယ်ဖြစ်ကာ အိမ်ရှေ့စံ၏ ဦးရီးတော်ဖြစ်သည်။ သူက သတ်ဖြတ်ရာတွင် ပျော်မွေ့ပြီး တစ်နိုင်ငံလုံး၏ ကြည်ညိုအားကိုးခံရသူဖြစသည်။ ဧကရာဇ်က အိမ်ရှေ့စံကို နန်းချချင်လျှင်တောင် သူ မလုပ်ရဲပေ။

သူမလုပ်ရဲဘူးဆိုသော်ငြား မလုပ်ချင်ဟုတော့ မဆိုလို။ လတ်တလောကမှ တော်ဝင်ကိုယ်လုပ်တော်နှင့် စကားပြောခဲ့ပြီး ကြားနေ အမတ်ချုပ်ကြီးယဲ့ကို ဒုတိယမင်းသားဘေးသို့ပို့ချင်နေခြင်းဖြစ်၏။

“ယိအာက အခုထိ လက်မဆက်ရသေးဘူး။ ပြီးတော့ ယဲ့သခင်မလေးက ထက်မြက်တယ်ဆိုတော့ ကိုယ်တော် သူတို့နှစ်ဦးကို ထိမ်းမြားပေးချင်တယ်”

အမတ်ချုပ်ယဲ့က ပြုံးလိုက်ကာ သူ့မုတ်ဆိတ်သူ ပွတ်လိုက်သည်။

“ဒီအမတ်ချုပ်ကလည်း သမီးလေးကို ဒုတိယမင်းသားနဲ့သဘောတူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့သမီးက ပင်ကိုယ်စရိုက်ကောင်းလွန်းပြီး ကျန်းမာရေးလည်းမကောင်းလို့ ခစားဖို့ခက်ပါတယ်။ မဟုတ်ရင် ကျွန်တော်မျိုးလည်း သူ့ကို ဘုန်းကြီးကျောင်းဘယ်ပို့ပါ့မလဲ။ ဒီအမတ်ချုပ်ကြားတာတော့ ဒုတိယမင်းသားမှာ ကိုယ်လုပ်တော်တွေ အများကြီးရှိတယ်တဲ့။ ကျွန်တော်မျိုးရဲ့သမီးကလည်း ကျန်းမာရေး မကောင်းဘူးလေ။ အကယ်၍ သမီးလေးကို ကိုယ်လုပ်တော်တွေက ဝိုင်းဒုက္ခပေးကြရင် ဒေါသဒဏ်ကို မခံနိုင်ဘဲ လဲသွားမှာစိုးပါတယ်။ ကျွန်တော်မျိုးသမီးလေးသာ တစ်ခုခုဖြစ်သွားရင် ဒီအမတ်လည်း အသက်ဆက်ရှင်နိုင်မှာမဟုတ်ပါဘူး”

ထိုစကားကို ကြားတော့ ဧကရာဇ်လည်း တုံ့ဆိုင်းသွား၏။

ဒုတိယမင်းသားက တကယ်လည်း စိတ်အပြောင်းအလဲမြန်ကာ ယဲ့၏သမီးအတွက် ကံဆိုးမှုကိုသာ ဖြစ်စေလိမ့်မည်။ သူကြောက်တာတစ်ခုက ယဲ့လီကျူးသာ ဒေါသထွက်ပြီး သေဆုံးသွားပါက ယဲ့ဖူအန်းသည် ဒုတိယမင်းသားကို ဆန့်ကျင်ပေတော့မည်။

ထို့အပြင် ယဲ့လီကျူးအိမ်တော်ထဲ ဝင်လာသည့်တိုင် ကိုယ်လုပ်တော်များကတော့ ရှိနေဦးမည်သာ။ အရေးအကြီးဆုံးကတော့ တော်ဝင်မိသားစုအတွက် အကိုင်းအခက်ဝေဖြာ[သားသမီးထွန်းကား]ရန် ဖြစ်သည်။ ယဲ့၏ သမီးက အားနည်းပြီး သားသမီးမထွန်းကားနိုင်ဘဲ တခြားကိုယ်လုပ်တော်များကိုလည်း နှင်ထုတ်လိုက်ပါက ဒုတိယမင်းသားတွင် မျိုးဆက်မကျန်တော့ဘဲ ဖြစ်သွားစေလိမ့်မည်။

ဧကရာဇ်လည်း ပြုံးကာ ပြောလိုက်၏။

“ယိအာက ရိုင်းစိုင်းပြီး စိတ်မြန်တယ်။ အမတ်ချုပ်ကြီးယဲ့က သမီးလေးကို အရမ်းတန်ဖိုးထားမှတော့ ငါကိုယ်တော်ကလည်း ဒီလိုသမီးလိမ္မာလေးကို ဒုတိယမင်းသားဆီမပေးတော့ပါဘူး။ ရှုခရိုင်က ပိုးဖဲတွေ ပဏ္ဏာဆက်ထားတာရှိတယ်။ အမတ်ချုပ်ကြီးယဲ့ သမီးလေးအတွက်ယူသွားပေးလိုက်ပါ။

ယဲ့ဖူအန်းတစ်ယောက် စာကြည့်ဆောင်ကထွက်လာတော့ မျက်နှာကြီးနီမြန်းနေသည်။ သူ့သမီးအဖိုးတန်လေးကို ကျောက်ယိလို တဏှာရူးလက်ထဲ ထည့်ရမှာလဲ

သူက သူ့သမီးအကြောင်းကို ကြားဝါခဲ့ရုံသာ။ ယဲ့ဖူအန်းရဲ့ လက်ဖုဝါးထဲက ပုလဲရတနာလေး[အချစ်ဆုံးသမီး] ကို လက်ထပ်ချင်တိုင်း လက်ထပ်လို့ရမတဲ့လား

ECYL
Author: ECYL
ဖဝါးထက်က ပုလဲသွယ်

ဖဝါးထက်က ပုလဲသွယ်

掌上骊珠
Score 7.2
Status: Ongoing Type: Author: Artist: Released: 2019 Native Language: Chinese
မိတ်ဆက်  ယဲ့လီကျူးက အသားအရေကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။  လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှောက်လိုက်ရုံဖြင့်ပင် ကူတွဲပေးရမည့်သူ လိုသည်အထိ အားပင်နည်းပါးသော ခန္ဓာကိုယ်ပိုင်ရှင်။ ထို့အပြင် အမတ်ချုပ်ကြီးကလည်း သူ့သမီးကညာလေးကို ကောင်းကင်ထိတက်အောင် ဖူးဖူးမှုတ်လို့ထားသည်။ အကယ်၍ ဒီလို မကျန်းမာသည့်အလှလေးကို လက်ထပ်ယူကာ ကောင်းကောင်း မခစားခဲ့လျှင် ရက်စက်လှသည့် အမတ်ချုပ်ကြီးယဲ့က သေချာပေါက် သတ်ပစ်မှာပင်။  ယဲ့လီကျူးတစ်ယောက် အတော်လေး စိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ အားနည်း၍လာသည်။ သူမ သေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သို့ ရောက်လာခဲ့သည်။ ထိုအမျိုးသားက အရပ်ရှည်သည်၊ နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်သောအသွင် ရှိသည်။ ထို့နောက် ယဲ့လီကျူးကို ကြောက်မက်ဖွယ် မျက်လုံးများဖြင့် ကြည့်တတ်သည်။  သို့သော် ယဲ့လီကျူးနားသို့ အဆိုပါအမျိုးသား ကပ်လာသည်နှင့် သူမ၏ ချိနဲ့သောခန္ဓာကိုယ်က တစ်နည်းမဟုတ်တစ်နည်း ပြန်ကောင်းလာလေသည်။ သူ အဝေးရောက်သွားလျှင်တော့ သူမလည်း အသက်ပင် ကောင်းကောင်းမရှူနိုင်တော့။  နောက်ဆုံး တစ်ရက်တွင်တော့ ထိုအမျိုးသားနားတွင် ကပ်၍နေရလျှင် သူမ အသက်ရှင်နိုင်သည်ဟု တွေးကာ ယဲ့လီကျူးတစ်ယောက် လဲကျချင်ယောင် ဆောင်လိုက်တော့သည်။  မိုးမြေတစ်ခွင် ဘာကိုမှမကြောက်သည့် အမတ်ချုပ်ကြီးယဲ့ခမျာ သူ့သမီးလေးကို ချက်ချင်းဆွဲထူကာ ခပ်တိုးတိုး ပြောလိုက်၏။  "အဲဒါ ဧကရာဇ်ကို စစ်သည်အင်အားတစ်သိန်းနဲ့ ခြောက်ရအောင်လာတဲ့ မင်းသားချင်ပဲ။ တခြားသိမ်မွေ့တဲ့ယောကျာ်းကို ရှာရအောင်ပါ သမီးလေးရယ်။ အဲ့မကောင်းဆိုးဝါးကိုတော့ မကြည့်ပါနဲ့”  ထို့နောက်တွင်တော့ မင်းသားက သနားစရာ လီကျူးလေးကို သူ့ရင်ခွင်ထဲပွေ့ကာ  "ကောင်းတယ်....နည်းနည်းလေး အနားတိုးအုံး"  ဒီအလှလေးကို ဘယ်လောက်ကြာကြာချစ်ခဲ့သလဲဆိုတာကိုတော့ မင်းသားကိုယ်တိုင်သာ သိလိမ့်မည်။  ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset