- အပိုင်း (၅) သူမက တကယ်တော့ သူ့လက်ဖဝါးကို လျက်နေတာ
သူ့ခန္ဓာကိုယ်သည် အနည်းငယ်နွေးထွေးနေပြီး သက်သောင့်သက်သာရှိလှသော်လည်း သူ့သွေးကြောင့်လား သူ့ခန္ဓာကိုယ်က နွေးနေ၍လားကိုတော့ သူမ မသိချေ။
အင်း….
ကုချင်းယွီသည် သူမ၏မျက်လုံးများကို မှိတ်ထား၏။ သူသည် အလွန်သက်သောင့်သက်သာဖြစ်နေရာ သူမ၏မျက်လုံးများကိုပင် မဖွင့်ချင်ဖြစ်နေတော့သည်။ သူ့ကို လေးတွဲ့စွာမှီထားရင်းသာ အိပ်လိုက်ချင်နေတော့သည်။ သူမသည် စွမ်းအင်များကို ထပ်စုပ်ယူရလျှင်တော့ အကောင်းဆုံးပင်။
ထိုအခိုက်အတန့်တွင် စွန့်ပစ်စက်ရုံ၏ မီတာ၅၀ပတ်လည်ရှိ လေထဲနှင့် မြေကြီးပေါ်မှသွေးများအားလုံး… ထိုလူပိုင်ဆိုင်သည့်သွေးအားလုံးကို ကုချင်းယွီက စုပ်ယူထားပြီးဖြစ်၏။ သည်အခိုက်အတန့်တွင် တစ်ယောက်ယောက်က ထိုနေရာကိုမြင်သွားပြီး မြေကြီးပေါ်မှသွေးကွက်များသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်လျှင် အံ့ဩသွားပေလိမ့်မည်။
“ထူးဆန်းတယ်… သူသေချာပေါက် ဒီနားမှာပဲ ရှိတဲ့ဟာကို၊ ဘောစ့် ဒီစက်ရုံက လွဲရင် တခြားပုန်းစရာနေရာ မရှိဘူးမလား”
“… ကိရိယာက သူ ဒီမှာရှိတယ်လို့ သေချာပြနေတာပဲ ဒါပေမဲ့ အခုကျတော့ လုံးဝ မတုံ့ပြန်တော့ဘူး…”
“ သူက အခုဆိုရင် အားအနည်းဆုံးအခြေအနေဖြစ်နေတာ ၊ ပြီးတော့ သူ သွေးတွေလည်း ထွက်ထားသေးတယ်၊ သေချာပေါက် အဝေးကြီး ပြေးနိုင်မှာ မဟုတ်ဘူး၊ ဒီအနီးအနားမှာ သွေးကွက်တွေကို ရှာကြ”
“ဟုတ်ကဲ့”
သူတို့သည် လူခွဲလိုက်သော်လည်း စွန့်ပစ်စက်ရုံနားတွင် သူတို့ကိုရှာရန် တစ်ယောက်နှစ်ယောက် ကျန်နေခဲ့ပုံရလေသည်။ သို့သော် သူတို့၏တည်နေရာကို လုံးဝရှာမတွေ့ချေ။
စွန့်ပစ်စက်ရုံအတွင်းရှိ တခြားအရောင်အဝါများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ထိုယောက်ျား၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ဖြေလျှော့လာတော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူရှေ့ကမိန်းမကို မယုံနိုင်စွာကြည့်ရင်း သူ့သူငယ်အိမ်များသည် ကျုံ့သွားတော့သည်။
“မင်း… မင်းဘာလုပ်နေတာလဲ”
သေမှာမကြောက်တဲ့ဒီမိန်းမက တကယ်တော့… တကယ်တော့…
သူမရဲ့လျှာကိုထုတ် ပါးစပ်နဲ့အုပ်ပြီး သူ့လက်ဖဝါးကို လျက်နေတာတဲ့။
သူမ ရူးသွားတာလား။ သူ့အထူးထုတ်သေနတ်က သူမရဲ့ခေါင်းကို ထောက်ထားပြီး အချိန်မရွေးသူမကို သတ်ပစ်နိုင်တာတောင်လေ။
ကုချင်းယွီသည် အပြစ်ကင်းစွာ မျက်တောင်ကို ပုတ်ခတ်ခတ်လုပ်လိုက်လေသည်။ ဓာတ်လိုက်သွားသလို ခံစားလိုက်ရသည့်နှယ် လှုပ်ရှားသွားသည့်သူ့လက်များကို ကြည့်ရင်း သူမသည် အံ့ဩစရာကောင်းလောက်အောင် သူမ၏နှုတ်ခမ်းကို အမှတ်တမဲ့လျှာဖြင့် သပ်လိုက်လေသည်။
“…”
ထိုယောက်ျား၏နဖူးပေါ်မှာ အပြောရောင်သွေးကြောများသည် ထောင်တက်သွားလေသည်။ သို့သော် အကြောင်းတချို့ကြောင့် သူမထိုသို့လုပ်လိုက်ချိန်၌ သူ့နှလုံးသားသည် အနည်းငယ် ယားကျိကျိ ဖြစ်သွားတော့သည်။
သည် ယားကျိကျိခံစားချက်သည် မကြုံစဖူးပင်။
သူ၏ထူးခြားသည့် ခန္ဓာကိုယ်အမျိုးအစားကြောင့် သူသည် လှပကာ ဆွဲဆောင်မှုရှိသည့်မိန်းမပင်ဖြစ်စေ ဘယ်မိန်းမကိုမှ စိတ်မဝင်စားခဲ့ဖူးချေ။ သူ့ရှေ့ကမိန်းမသည် မည်မျှစွဲမက်ဖွယ်ကောင်းနေပါစေ မည်သည့်ခံစားချက်မှ တိုးထွက်မလာချေ။ သူ့နှလုံးခုန်သံကပင် ထူးထူးခြားခြား ခုန်သွားသည်ဟူ၍ မရှိချေ။
သို့သော်ငြား သူ့ရှေ့ကမိန်းမသည် အမှတ်တမဲ့ နှုတ်ခမ်းကို သပ်လိုက်ရာ သူ့အား ယားကျိကျိ ခံစားသွားစေပြီး သူ့တစ်ကိုယ်လုံးသည် အပူတက်လာတော့သည်။ ထိုယားယံမှုကို ကုတ်ပစ်ချင်သော်လည်း ဘယ်ကစရမည်မှန်း မသိတော့ချေ။
ကုချင်းယွီးသည် သူ့ကိုကြည့်လိုက်ပြီး သိသိသာသာ မျိုချလိုက်ကာ
“…ချိုလိုက်တာ”
သူမသည် သူမ၏အတွင်းစိတ်ခံစားချက်ကို ရိုးရိုးရှင်းရှင်းဖော်ပြလိုက်သော်လည်း ဤသို့ပြုမူခြင်းက ယောက်ျားကတစ်ယောက်အတွက် မည်မျှစွဲမက်ဖွယ်ဖြစ်နေသည်ကိုတော့ မသိခဲ့ချေ…
ထိုယောက်ျား၏လည်ချောင်းသည် လှုပ်ရှားသွား၏။ သူ့နှလုံးသားထဲက ဖော်ပြလို့မရနိုင်သည့် ဂနာမငြိမ်သည့်စိတ်တို့ကို ချိုးနှိမ်ထားရင်း သူမ၏နှုတ်ခမ်းများကို စိုက်ကြည့်နေမိတော့သည်။ သူ့လက်များသည် သွေးများနှင့် စွန်းထင်းနေခဲ့သော်လည်း သူမသည် ထိုအရာကို လျက်ခဲ့၏။ သူမ၏နှုတ်ခမ်းများကို သပ်လိုက်ချိန်တွင် ထိုအရာသည် အရသာရှိသည့်အစားအစာတစ်မျိုးနှင့်ပင် တူနေသယောင်…
သို့သော်ငြား သူသည် သူမ၏ရိုးသားမှုကို ခံစားမိနေ၏။
သူမက လူ့အသိုင်းဝိုင်းထဲကို သွတ်သွင်းခံလိုက်ရတဲ့ သားရဲကောင်လေးတစ်ကောင်လိုပဲ။ အရသာရှိတာကို စားလိုက်တာနဲ့ မရပ်နိုင်တော့ဘူး။ ပြီးတော့ သူမက သူ့အကြောင်း၊ သူ့သွေးအကြောင်းကို သိချင်နေတာပဲ။ သိချင်ရုံကလွဲပြီး ကြောက်ရွံ့မနေလေဘူး။
သူမက အကြောက်တရားကို သိပုံ မရလေဘူး။ အရာအားလုံးက ပင်ကိုယ်စရိုက်အတိုင်းတုံ့ပြန်မှု တစ်ခုသက်သက်ပဲ။ ပင်ကိုယ်စရိုက်တဲ့…
ဒါက အင်မတန်ကို စစ်မှန်တာပဲ။
သူမကို အဖွဲ့အစည်းတစ်ခုက သင်ကြားပေးပြီးတော့ သူ့စောင့်ကြည့်မှုကို ကြိုးစားလျှော့ချဖို့ သူ့ဘက်ကို ခေါ်လာခဲ့ပြီးရင်တော့ သူတို့တွေ အောင်မြင်မှာပဲ။
…
အပိုင်း (၆) သူ မသေပါဘူးနော် ဟုတ်တယ်မလား
ထိုယောက်ျားသည် သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး သူ့မျက်လုံးထဲတွင် သွေးဆောင်ဖြားယောင်းမှု အနည်းငယ် ပါရှိနေလေသည်။
“ မင်း ငါသွေးကို ကြိုက်လား”
“ဟင်း”
သူ့ရှေ့က မိန်းမသည် သူ့ကို တောက်ပသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
သူက သူ့သွေးကို ငါ့ကိုပေးသောက်ဖို့ ဆန္ဒရှိနေတာတဲ့လား။
သူမက အချိန်အကြာကြီး ‘ဆာလောင်’နေပြီးမှ နောက်ဆုံးတော့ အရသာရှိတဲ့အစားအသောက်ကို ခံစားမိလိုက်တာကြောင့် ဒီ’အစားအသောက်’ကို ထောက်ပံ့ပေးသူကို သတိလွတ်သွားပြီး သူမရဲ့အထူးသဘာဝကိုတောင် ဖုံးကွယ်ထားဖို့တောင် မေ့သွားတယ်ထင်ပါရဲ့။ သူမက သူ့ကို အပြစ်ကင်းတဲ့အကြည့်နဲ့ ကြည့်နေရင်း သူမကို အစာထပ်ပေးဖို့ စိတ်အားထက်သန်နေတာနဲ့ သူမရဲ့နားထင်ကို သေနတ်နဲ့ထောက်ထားတဲ့ ဒီအစာကို အထောက်ပံ့ပေးတဲ့သူက ဒီအခိုက်အတန့်မှာ အရမ်းအန္တရာယ်များတယ်ဆိုတာ လုံးဝမေ့သွားလေရဲ့။
ထိုယောက်ျားသည် သူ့မျက်လုံးကို ကျဥ်းမြောင်းထား၏။
“ ငါ့သွေးက အရမ်းအဆိပ်ပြင်းတာနော်…. သွေးကို သောက်တဲ့သူတိုင်း သေရလိမ့်မယ်”
သေမှာတဲ့လား။ မဖြစ်နိုင်တာ။ ဒီလိုချိုမြိန်တဲ့အစားအစာထဲမှာ ဒီလောက်များတဲ့ စွမ်းအင်တွေ ပါနေတာ သွေးကိုသောက်တဲ့သူက ဘယ်လိုသေလုပ်ပြီး သေမှာတဲ့လဲ။
ငါလေး မယုံပါဘူးနော်။
သို့နှင့် သူမသည် ချက်ချင်းပြန်ပြောလိုက်၏။
“ ကျွန်မမကြောက်ပါဘူး၊ ကျွန်မကို ပေး”
ထိုယောက်ျားသည် သူမကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ဓားရှရာရှည်တစ်ခု ရှိနေသည့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်လေသည်။
“…သောက်”
သူမ၏မျက်လုံးများထဲတွင် ရှင်းလင်းသည့်အံ့ဩရိပ် ဖြတ်ပြေးသွားပြီးနောက် တွေဝေခြင်းမဲ့စွာ ခေါင်းငုံ့လိုက်ပြီး သူမ၏နှုတ်ခမ်းကို သူ့ဒဏ်ရာနှင့်ကပ်လိုက်ကာ သွေးကို ဂရုတစိုက် လျက်လိုက်တော့သည်…
နာလေသည်။ သို့သော်ငြား အလွန်နွေးထွေးကာ နူးညံ့နေ၏။
ထိုယောက်ျားသည် အမှတ်တမဲ့ ဖြည်းညင်းစွာ ပင့်သက်ရှိုက်လိုက်ပြီးနောက် အံကြိတ်လိုက်ပြီး သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြိး သူ့ကိုယ်သူ အသံတစ်ချက် မထွက်အောင် သည်းခံလိုက်ရင်း သူ့ရှေ့ကမိန်းမကို အေးစက်စက်ငုံ့ကြည့်နေလိုက်၏။
သူမက တကယ်ပဲ သားရဲကောင်လေးတစ်ကောင်နဲ့ တူတာပဲ။ သူ့သွေးတွေကို ချစ်စရာကောင်းလောက်အောင် လောဘတကြီးနဲ့ စုပ်နေလိုက်တာများ….
အစပိုင်းတွင် သူမသည် သူမကို အစာထောက်ပံ့သူ နာကျင်မည်စိုးသဖြင့် ဂရုတစို က်ရှိလှသော်လည်း သူ့သွေးသည် အလွန်အရသာရှိနေ၍လားမသိပေ သွေးကိုထပ်သောက်လိုက်သည်တွင် အထိန်းအချုပ် ကင်းမဲ့သွားတော့သည်။
သူသည် သွေးများ အမြောက်အမြား ဆုံးရှုံးလိုက်ရသည့်ခံစားချက်ကို တဖြည်းဖြည်းခံစားလာရပြီး သူ့မျက်နှာသည် ပိုဖြူဆွတ်လာ၏။ သို့သော် ထိုသို့ခံစားနေရသော်လည်း သူသည် သူမကို မတားလိုက်ချေ။
ကုချင်းယွီသည် သူမ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ပြည့်ဝလာသောကြောင့် တဖြည်းဖြည်း အသိပြန်ဝင်လာလေသည်။ သူမ ဆက်လုပ်နေလျှင် ထိုယောက်ျားသည် သွေးထွက်လွန်ကာ သေတော့မည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူမသည် ခက်ခက်ခဲခဲ ရပ်လိုက်ပြီးနောက် သူမ၏ရှေ့မှ ထိုယောက်ျားကို ကြည့်လိုက်လေသည်။
“ရှင်…. ကျွန်မ ရှင့်သွေးတွေကို ကုန်အောင် သောက်ပစ်လိုက်မှာ မစိုးရိမ်ဘူးလား”
ထိုယောက်ျားသည် ခွန်အားလုံးဝ မရှိတော့သည့်နှယ် သူမကို ငေးကြည့်နေ၏။ သူမခေါင်းကို ချိန်ထားသည့် သေနတ်သည် အတိုင်းအတာတစ်ခုအထိ လျှောကျသွားတော့သည်။ သူသည် ချိနဲ့သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းကာ သူ၏သွေး မရှိတော့သည့်မျက်နှာပေါ်တွင် ချွေးအေးများ တစက်စက် ကျလာပြီး သေတော့မည် ထင်ရလေသည်။ သို့သော် သူ့သွေးများအားလုံးနီးပါး စုပ်ယူခံလိုက်ရလျှင်တောင် သန့်ရှင်းသည့်သွေးသစ်များသည် သူ့ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ပြန်လည်ထုတ်လုပ်နေမည်ကို သိထားလေသည်။
ထို့နောက် သည်သန့်ရှင်းလတ်ဆတ်သည့်သွေးသည် တစ်လကြာပြီးနောက် ပြင်းထန်သည့်အဆိပ် ဖြစ်လာပေမည်။ အရွယ်ရောက်ပြီးသား သန်မာသည့်ယောက်ျားတစ်ယောက်က ပါးစပ်အပြည့် တစ်ငုံသောက်လိုက်သည်နှင့် ချက်ချင်း သေသွားလိမ့်မည်။ သူကိုယ်တိုင်လည်း အချိန်မီ သွေးမလဲလျှင် သူသည် ပေါက်ကွဲပြီး သေသွားတော့မည်…
ဒါသည် သာမန်လူအသိုင်းအဝိုင်းတွင် စိတ်ကူးကြည့်၍ပင် မရနိုင်သည့်အရာပင်။
သူက သာမန်လူအသိုင်းအဝိုင်းက လာတာ မဟုတ်တာတော့ နှမြောစရာပဲပေါ့။ အဲဒါထက် ဒါကို သူ ကျင့်သား ရသွားလို့ပဲလား။ ဒါပေမဲ့ ထပ်မဖြစ်ချင်တော့ဘူး…
တစ်နေ့လုံး ဟိုလှည့်သည်လှည့်လှုပ်ရှားပြီးနောက် ထိုလူ၏ခန္ဓာကိုယ်သည် အနည်းငယ်ပင်ပန်းလာ၏။ သူ့မျက်ခွံများသည် လေးလံလာပြီး သူ့မျက်တောင်များသည် အသာအယာတုန်ယင်နေသည်။ သူသည် သူ့ရှေ့က မိန်းမကို သေသေချာချာကြည့်ဖို့ ကြိုးစားလိုက်ပြီး သူ့စိတ်ထဲမှ သံသယသည် နက်ရှိုင်းလာတော့သည်။
သူ့သွေးတွေကို အများကြီး သောက်ပြီးတာတောင် ဘာလို့ သူမက တောက်ပြီး ပိုတက်ကြွလာတာတဲ့လဲ…ပြီးတော့ နည်းနည်းလေးမှ….
သူမဆီမှာ သေတော့မဲ့ အရိပ်အယောင် ဘာလို့ မပြတာလဲ။
“မင်း…”
သူ၏ ဖျော့တော့နေသည့်နှုတ်ခမ်းများသည် တစ်ခုခုကို မေးချင်သယောင် လှုပ်ရှားနေ၏။ သို့သော် သူ့သိစိတ်သည် တဖြည်းဖြည်း ဝေဝါးလာတော့သည်…
ထိုယောက်ျား၏ မျက်လုံးများ မှိတ်သွားလေသည်။
ကုချင်းယွီ၏မျက်လုံးများ ပြူးကျယ်သွား၏။ သူမသည် လက်ချောင်းဖြင့် သူ့ကို ထိလိုက်သော်လည်း သူသည် လုံးဝမတုံ့ပြန်တော့သည်ကို တွေ့လိုက်ရလေသည်။
“ သူ… သူမသေပါဘူးနော် ဟုတ်တယ်မလား”
သူမသည် မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်၏။
ငါလေး သူ့ကို သေတဲ့အထိ သွေးစုပ်ခဲ့မိပြီလား။
…