ERSY အခန်း ၁

မြောက်များလှသောမိစ္ဆာများ စုဝေးမှု

အခန်း ၁။ မြောက်များလှသောမိစ္ဆာများ စုဝေးမှု

ဆောင်းဦးညက ထူးထူးခြားခြားချမ်းစိမ့်နေတယ်။ သေမျိုးနယ်ပယ်မှာ နေထိုင်သူတွေအကုန်လုံး တံခါးတွေကို ပိတ်ပြီး အနားယူဖို့ မီးငြှိမ်းလိုက်ကြတယ်။

တောအုပ်နက်နက်ကြီးအတွင်းမှာတော့ မိစ္ဆာထောင်ချီစုဝေးနေလေရဲ့။

မိစ္ဆာမျိုးစုံက သူတို့ရဲ့မတူညီမှုတွေကို ဘေးဖယ်ထားပြီး အရင်က မကျင်းပဖူးတဲ့ စုဝေးပွဲကြီးလုပ်ဖို့ ကြိုးစားနေကြတယ်။ ကျားတွေ၊ ယုန်တွေ၊ မြွေတွေ၊ မြေခွေးတွေ…မိစ္ဆာမျိုးစုံရှိနေတယ်။

ဒီအခိုက်အတန့်မှာတစ်တောလုံးက အမျိုးမျိုးသော မိစ္ဆာတွေရဲ့အသံနဲ့ ပြည့်နေတယ်။ တချို့က ကျယ်ကျယ်လောင်လောင် တချို့က ခပ်တိုးတိုး၊ တချို့ဆို ဆွဲဆောင်မှုတောင်ရှိသေးတယ်

ထိပ်ဆုံးမှာ ထိုင်နေကျသူတွေက တော့မိစ္ဆာအရှင် ဆယ်ပါး၊ ဒီဆယ်ပါးက မိစ္ဆာနယ်ပယ်မှာဆိုရင်တော့ ထိပ်ဆုံးမှာ ရှိနေပေမဲ့ အခုတော့ သူတို့ မျက်မှောင်ကြီးတွေ အသေကြုတ်ထားကြတယ်။

“မိစ္ဆာတို့ မင်းတို့တွေအကုန် အခုတလော ဘာဖြစ်နေလဲဆိုတာ သိမယ်လို့ထင်တယ်”

ကျားတွေက ပိုပြီးလွှမ်းမိုးမှုရှိတဲ့မျိုးစိတ်တွေထဲက တစ်ခုဖြစ်တဲ့အတွက် ကျားဘုရင် ပြောလိုက်တဲ့ အချိန်မှာ မိစ္ဆာတွေ တိတ်ဆိတ်သွားကြတယ်

“အခုကျုပ်တို့ ရင်ဆိုင်နေရတဲ့ကပ်ဘေးမှာ အားလုံးက မတူညီတာတွေကို ဘေးဖယ်ထားပြီး ဒီပြဿနာကို တူတူဖြေရှင်းဖို့ လုပ်ရမယ်”

“ဒါပေမဲ့ဒီကိစ္စမှာ တစ်ခုလိုနေတာတွေ ရှိသေးတယ်”

ဝံပုလွေဘုရင်က မျက်မှောင်ကြုတ်လိုက်တယ်။

“ကျုပ်တို့ကို ဘယ်သူက တိုက်ခိုက်နေတာလဲဆိုတာ မသိရသလို ရည်ရွယ်ချက်လဲမသိရသေးဘူး”

“ခန့်မှန်းဖို့လိုသေးလို့လား” ကျားဘုရင်က အေးစက်စက်ဟောက်လိုက်တယ်။

“ဂိုဏ်းသုံးဂိုဏ်း ကျောင်းခြောက်ကျောင်းက ကျင့်ကြံသူတွေအပြင် ဘယ်သူကဒီလိုလုပ်မှာလဲ၊ သူတို့က ကျုပ်တို့မိစ္ဆာတွေကို နှစ်ချီနှိပ်စက်ခဲ့တာတွေလဲ ပြန်တွေးကြည့်အုံး”

“ဒါပေမဲ့ ကျုပ်တို့တွေက ကျင့်ကြံခြင်းဂိုဏ်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ လုပ်တာပဲလေ ဘာလို့ ရုတ်တရက်ကြီး ကျုပ်တို့မိစ္ဆာလောကလမ်းမှာ လာနှောင့်ယှက်တာလဲ” ဝံပုလွေဘုရင်က သံသယပေါင်းများစွာနဲ့ မေးလိုက်တယ်။

“ဟုတ်သားပဲ မိစ္ဆာနယ်ပယ်ကနေ ထွက်သွားတဲ့မိစ္ဆာတွေတောင် အဆိုးဆုံးဆိုလို့ သာမန်လူတွေရဲ့ ဝိညာဉ်တချို့ပဲ စုပ်ယူခဲ့တာလေ ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေကို သတ်တာမှ မဟုတ်တာ”မြွေဘုရင်က ဝေဖန်လိုက်တယ်။

“သူတို့တွေ ဒီလောက်ထိတော့ မလုပ်သင့်ပါဘူး”

“အဲလိုမဟုတ်လောက်ဘူး” ကျားသစ်ဘုရင်က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။

“ဒီနှစ်တွေအတွင်းမှာ ဘယ်မိစ္ဆာကများ လူဝိညာဉ်ကို မမျိုဖူးသူရှိလဲ၊ ဘာလို့ ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းကလူတွေက ရုတ်တရက် ကျုပ်တို့ကို အခက်တွေ့အောင်လုပ်မှာလဲ၊ ကျုပ်ကတော့ သူတို့လို့မထင်ဘူး”

“ဟုတ်တယ် လူတိုင်းသိတာပဲ ငါတို့မိစ္ဆာဘုံက အငွေ့အသက်တွေက သူတို့ကျင့်ကြံခြင်းကို ထိခိုက်စေတယ်ဆိုတာ ငါတို့မိစ္ဆာလောကရဲ့ အစွန်အဖျားတောအုပ်နား ရောက်လာတာတောင် တော်တော်ရှားတယ်လေ၊ နယ်နိမိတ်ကို ကာကွယ်ဖို့ဆိုပြီး ဘာလို့ ရုတ်တရက် တပ်ဖြန့်ထားမှာလဲ”

“ဒါပေမဲ့… ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းက လူတွေကလွဲရင် လွန်ခဲ့တဲ့သုံးလလုံး ဘယ်သူကများ မိစ္ဆာလောကကထွက်လာတဲ့မိစ္ဆာမှန်သမျှကို သတ်ဖို့အစွမ်း ပိုင်သေးလို့လဲ”

ကျားဘုရင်က ငြင်းလိုက်တယ်။

လင်းယုန်ဘုရင်ကခေါင်းတညိတ်ညိတ်နဲ့ တစ်ခုခုကို စဉ်းစားမိသွားတဲ့ပုံပဲ။ သူကတောင်ပံတွေကို ခါပြီး ပြောလိုက်တယ်။

“ကျုပ်ကြားရသလောက်တော့ မိစ္ဆာလောကကနေ ထွက်သွားတဲ့မိစ္ဆာတိုင်း ကိုယ်ခန္ဓာတောင် မကျန်တော့ဘူးဆို …သူတို့တွေကို ရက်ရက်စက်စက်နှိပ်စက် အရေခွံချွတ်ပြီး ချက်ပြုတ်ခံရတယ်တဲ့၊ တောအုပ်ထဲက ရှေးဟောင်းနတ်သစ်ပင်မှာဆို အခြောက်လှန်းထားတဲ့ အလောင်းတွေ ရှိတယ် ဒီလို မစာနာတတ်တဲ့လုပ်ရပ်တွေက…သားရဲတွေထက်တောင်ပိုဆိုးတယ်”

“ဒါလုံးဝ သည်းခံနိုင်စရာ မဟုတ်ဘူး”

ကျားဘုရင်က သူ့ခုံရဲ့ ကျောက်လက်တန်းကို ရိုက်ချလိုက်ပြီး ဒေါသတကြီး မတ်တတ်ရပ်လိုက်တယ်။

“မိစ္ဆာအဖွဲ့ဝင်တို့ လျှောက်ပြီးခန့်မှန်းနေမဲ့အစား တစ်ခါတည်း ချီတက်ပြီး တကယ့်တရားခံကို ဖော်ထုတ်တာ မကောင်းဘူးလား၊ ကျုပ်ကတော့ အဲသူဘယ်လောက်ပဲ အားကြီးကြီး ကျုပ်တို့မိစ္ဆာတပ်ကြီးရဲ့ ဖျက်ဆီးပုံကို ခံနိုင်ရည်ရှိမယ်မထင်ဘူး

ဒီစကားလုံးတွေက ချက်ချင်းဆိုသလို တခြားမိစ္ဆာဘုရင်တွေ ရဲ့ထောက်ခံချက်ကို ရရှိသွားတယ်။

ဟုတ်တယ် ကြောက်ရွံ့နေမဲ့အစား သူတို့တွေကအရင် လက်ဦးမှုယူရမယ်။

“မှန်တယ်” သမင်အရှင်ကပြောလိုက်တယ်

“ကျုပ်ကလေးတွေ သူတို့လက်ထဲ သေသွားရတာ ခန့်မှန်းနေမဲ့အစား သူတို့ရှုံးနိမ့်အောင် လုပ်ပစ်မယ် သူတို့တွေက ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းဆိုလဲ ဘာအရေးလဲ၊ ဘယ်တုန်းက ကျုပ်တို့မိစ္ဆာတွေ သူတို့ကို ကြောက်ခဲ့ဖူးလဲ”

“ပြောတာမှန်တယ် ! ကျုပ်တို့ ဒီနေ့ စုစည်းရတဲ့အကြောင်းအရင်းက ဒါကြောင့်မလား၊ ဘယ်သူတရားခံပဲဖြစ်ဖြစ် ကျုပ်တို့ညီနောင်တွေအတွက် လက်စားချေရမယ်”

ကြောက်တတ်တဲ့ ယုန်ဘုရင်လေးတောင် ထရပ်ပြီး သဘောတူတော့တယ်။ ဆုံးရှုံးမှုအကြီးဆုံး ဖြစ်ခဲ့တာက ယုန်တွေလေ။

“အင်း တကယ်လို့ကျုပ်တို့လက်မစားချေဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်မိစ္ဆာလို့ခေါ်ရမှာရှက်စရာပေပဲ”

“ငါတို့ညီနောင်တွေရဲ့ သေဆုံးသွားတဲ့ဝိညာဉ်တွေအတွက် သေချာပေါက်လက်စားချေမယ်လို့ကျိန်တယ်”

“ဒီမသတီစရာလူတွေကို ဖယ်ရှားပြီး ကျုပ်တို့မိစ္ဆာဘုံအတွက် ငြိမ်းချမ်းရေး ပြန်သယ်ဆောင်ရမယ်”

“မိစ္ဆာဘုံအတွက်…”

အခြားမိစ္ဆာဘုရင်တွေကလည်း ထောက်ခံတဲ့အနေနဲ့ မတ်တတ်ရပ်ကြတယ်။ အဲနေရာမှာ ရှိနေတဲ့သူတွေအကုန် သူတို့ရဲ့ မူလပုံစံအစစ်ကို ပြန်ပြောင်းပြီး လက်စားချေဖို့ ကြွေးကြော်ရင်း အစွယ်တွေ ထုတ်နေကြတယ်။ သူတို့ပုံက စစ်ချီတော့မဲ့ စစ်တပ်ကြီး ကျနေတာပဲ။ မိစ္ဆာတွေဆီက ဟိန်းဟောက်သံတွေက ကောင်းကင်ယံထိ အဆုံးမဆမရှိ ပြန့်သွားတဲ့သယောင် ဖြစ်နေလေရဲ့။

“ဟေး…” အသံခပ်တိုးတိုးလေးက မိစ္ဆာအုပ်ကြီးထဲကနေထွက်ပေါ်လာတယ်

“ဒီလိုလုပ်ဖို့ မလိုဘူးထင်တယ်”

စိတ်ဓာတ်ပြင်းထန်နေတဲ့ မိစ္ဆာတွေ ကြားကနေ ဒီလိုကန့်ကွက်သံ ထွက်လာတာကြောင့် အသံတိုးတိုးလေး ဆိုပေမဲ့ မိစ္ဆာတွေရဲ့ အာရုံစိုက်မှုကို ရသွားတယ်။ ဟစ်ကြွေးနေတာတွေက ရပ်တန့်သွားပြီး မိစ္ဆာတွေ အားလုံးက လက်သည်တရားခံကို ချက်ချင်းရှာကြတော့တယ်။

“ဘယ်သူလဲ” ကျားဘုရင်က ဒေါသတကြီးဟိန်းဟောက်ပြီး အဲသတ္တိနည်းတဲ့ မိစ္ဆာလေးကို ရှာတော့တယ်။

စူးရှတဲ့အာရုံတွေ ပိုင်ဆိုင်ထားပေမဲ့ မိစ္ဆာတွေအကုန်လုံး ဒီစကားကို ပြောလိုက်သူကို မရှာနိုင်ကြ။

“ခုနကပြောလိုက်တဲ့သူကဘယ်သူလဲ” ကျားဘုရင်လည်း အမျက်ချောင်းချောင်း ထွက်တော့တယ်။

“ဒီလိုငကြောက်က ဘယ်ကနေလာတာလဲ။ မင်းကိုယ်မင်းလူလုံးပြစမ်း”

“ဒီမှာ!ငါဒီမှာ”

“ဘယ်မှာလဲ” မိစ္ဆာတွေက သူတို့အနီးအနားကို နောက်တစ်ခေါက် ရှာကြပေမဲ့ အသံပိုင်ရှင်ကို ရှာမတွေ့နိုင် ဖြစ်နေတုန်းပဲ။

“ဒီမှာ ဒီမှာ…” အသံလေးကနောက်တစ်ကြိမ်ပေါ်လာတယ်

“နင်တို့ရဲ့ဘယ်ဘက် ဘယ်ဘက်… အရမ်းများသွားပြီ ညာဘက် နည်းနည်းလေးထပ်ပြီး ညာဘက်…ထပ်ပြီးလွဲသွားပြန်ပြီ ဒီနားမှာ ဒီကိုကြည့်”

မိစ္ဆာတွေက အသံညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေမဲ့ လူကို ရှာလို့မတွေ့ဖြစ်နေသေးတယ်။

“ဟင်း…မေ့လိုက်တော့ ငါဒီမှာ!”

သက်ပြင်းချသံပြီးမှာတော့ မိစ္ဆာဘုရင်တွေအကုန် ထိုင်နေတဲ့ နေရာပေါ် အရိပ်တစ်ခုတက်လာတယ်။ နောက်ဆုံးတော့ မိစ္ဆာတွေ အကုန်လုံးအသံလာရာကို တွေ့သွားတယ်။

မီးခိုးရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမပခုံးတွေက ပျော့တိပျော့ဖတ်နဲ့ အသက်မဲ့တဲ့ မျက်ဝန်းတွေမှာ မျက်တောင်တွေက ညွတ်ကျနေတယ်။ သူမတစ်ကိုယ်လုံးက ပျင်းရိမှုတွေ ဖုံးလွှမ်းထားသလိုပဲ။ သူမက အရပ်ပုပုပိန်ပိန်ပါးပါး နဲ့မျက်နှာလေးကနည်းနည်းဖောင်းတယ်။

ချက်ချင်းဆိုသလို မိစ္ဆာတိုင်းရဲ့အတွေးထဲမှာ စကားလုံးတစ်လုံးတည်း ပေါ်လာတယ် “အားနည်းတယ်” သူမက အရမ်းအားနည်းလွန်းတယ် ဒီမှာ စွမ်းအားအနည်းဆုံး မိစ္ဆာတောင် သူမကို တစ်ချက်တည်းနဲ့ မှုတ်ထုတ်ပစ်လိုက်လို့ရတယ်။

သူတို့တွေ တစ်ချိန်လုံး ရှာနေတာတောင် မတွေ့တာလည်း အံ့သြစရာတော့မရှိပါဘူး။ ဒီလိုမိစ္ဆာမျိုးက လုံးဝ ထင်ပေါ်မှုကို မရှိတာ။

သွေးပူနေတဲ့ကျားဘုရင်လည်း ထပ်သည်းမခံနိုင်တော့ဘူး။ နှာမှုတ်ပြီး ဒေါသတကြီးပြောလိုက်တယ်။

“ဟမ့် သတ္တိကြောင်တဲ့မိစ္ဆာပဲ။ ဒီလိုပုံစံဖြစ်ရလောက်တဲ့အထိ ကျင့်ကြံသူနည်းနည်းလေးက မင်းကို ခြောက်လှန့်လို့ရတယ်ပေါ့”

မိစ္ဆာတွေက သူတို့ကိုယ်သူတို့ လူပုံစံ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ဒါက မိစ္ဆာစုံညီလာခံကြီးလေ။ ဒီနေရာမှာ စုဝေးနေတဲ့မိစ္ဆာတွေအကုန် သူတို့မူလပုံစံကို ပြောင်းထားတာတောင်မှ သူမကတော့ လူပုံစံဖြစ်နေတုန်း။ ဒါကြောင့် ကျားဘုရင်က ပိုပြီးဒေါသထွက်လာတော့တယ်။

“မင်းက ကိုယ့်ပုံစံအစစ်ကို မပြရဲတာလား၊ မင်းကဘယ်လိုမိစ္ဆာမျိုးလဲ”

“ငါကလူသားလေ” အမျိုးသမီးကပြန်ဖြေလိုက်တယ်

“လူမိစ္ဆာလား” ကျားဘုရင်ကြောင်သွားတယ်။

“လူမိစ္ဆာဆိုတာဘာလဲတစ်ခါမှဒီလိုမိစ္ဆာမျိုးမကြားဖူးဘူး”

“…” အမျိုးသမီးမျက်နှာက ရှုံ့မဲ့သွားတယ်။ ငါ့ကို အဲလိုကြီးတော့ မစော်ကားနဲ့လေ။

“မင်းလိုအဆင့်နိမ့်မိစ္ဆာက ဒီလိုညီလာခံကြီးကို ဘယ်လိုလုပ် တက်ရဲတာလဲ”

ကျားဘုရင်က အမျိုးသမီးကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်တယ်။

“မင်းလို ကျောရိုးမရှိတဲ့မိစ္ဆာကများ ငါတို့သူရဲကောင်းတွေ လက်စားချေမှာကို လာပြီး ပေါက်ကရတွေ ပြောမနေနဲ့တော့”

“မဟုတ်ဘူး ငါတကယ်ပြောနေတာ”

အမျိုးသမီးက နောင်တမရဟန်နဲ့ လက်တောင် မြှောက်လိုက်သေးတယ်။ ဒါပေမဲ့ဒီလိုလုပ်တာက သူမပခုံးကို ပိုတောင်လျှောကျသွားစေပြီး ပိုအားနည်းသွားတဲ့ပုံပေါ်သွားတယ်။

“နင်တို့တွေ တရားခံ တကယ်ရှာဖို့ မလိုပါဘူး”

“ထပ်ပြီးအရေးမပါတဲ့စကားတွေပဲလား!” ကျားဘုရင် ဟိန်းဟောက်သံက တဖြည်းဖြည်း ကျယ်လာတယ်။

“မင်းလိုမိစ္ဆာလေးမျိုးကို ငါက မဝါးမျိုရဲဘူးထင်နေလား”

“နင်ငါ့ကိုစားပြီးရင်တောင် အသုံးမဝင်တဲ့ ခရီး ထွက်ဖို့မလိုပါဘူး”

“မင်းဘာဆိုလိုတာလဲ”

“ဟိုလေ ခုနကနင်တို့ပြောနေကြတဲ့ မိစ္ဆာတွေကို ရက်ရက်စက်စက် သတ်သွားတဲ့သူဆိုတာလေ… သားရဲတွေထက်တောင် ဆိုးတဲ့သူဆိုတာလေ…” သူမက သက်ပြင်းချပြီး ဝတ်ရုံကို ခပ်ဖွဖွပုတ်နေတယ်။ တက်ကြွမှုမရှိတဲ့ မျက်နှာထားနဲ့အတူ သူမကိုယ်သူမ ညွှန်ပြလိုက်တယ်။

“အဲဒါ…ငါထင်တယ်”

မိစ္ဆာများ :”…”

!!!!!!!!

Σ(°△°||)) တစ်ကွင်းလုံး တစ်ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။

သုံးစက္ကန့်ကြာသော်…

“သူ့ကိုသတ်!”

သူတို့တွေအသိဝင်ဝင်လာချင်း မိစ္ဆာတွေအကုန် အမျိုးသမီးဆီ စုပြုံလာတယ်။

ဒါပေမဲ့ အမျိုးသမီးကနွမ်းချိနေတဲ့ပုံနဲ့သက်ပြင်းရှည်ကြီးချလိုက်တယ်…

ဒီတိရစ္ဆာန်လေးတွေလား၊ ဘာတွေလားတော့မသိဘူး-

သေချာတာကတော့ တကယ်ဒုက္ခပေးတာပဲ။

ငါးမိနစ်ကြာသော်

မိစ္ဆာအလောင်းတွေက သွေးစီးချောင်းနဲ့အတူတူ မြေပြင်ပေါ်မှာ တုံးရုံးလဲနေကျတော့တယ်။

ဒီလိုနဲ့ပဲ ပထမဆုံးနဲ့နောက်ဆုံး မိစ္ဆာညီလာခံကြီးက ပြီးဆုံးသွားရှာတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset