အပိုင်း ၂၃ ပြန်လည်ဆုံတွေ့ခြင်း စကားဝိုင်းတစ်ခု
လီရှီရှူး မည်သည့်နေရာသို့ ပျံသန်းသွားသည်ကို ဂုဟန် သိပေသည်။
တစ်ချိန်က ဓားတောင်ပေါ်တွင် သူ ပထမဆုံးအကြိမ် ဓားကို အောင်မြင်စွာ စီးနင်းနိုင်ခဲ့ပြီးနောက် သူသည်လည်း တိမ်တိုက်များအထက်ကို သွားခဲ့သည်။
ဓားတစ်ချောင်းဖြင့် ပျံသန်းခြင်းက ကျင့်ကြံသူတစ်ယောက်၏ အကြီးမားဆုံးသော အိပ်မက်ဖြစ်သည်။ သူတို့ အောင်မြင်သွားသည်နှင့် ၎င်းက အံ့ဩစရာအကောင်းဆုံး အတွေ့အကြုံဖြစ်ပေလိမ့်မည်။ ကောင်းကင်က မည်မျှ မြင့်သည်ကို မည်သူက မမြင်ချင်ဘဲ ရှိမည်နည်း။
ဩဘာသံများကို အောက်မှနေ၍ ကြားနိုင်ပေသည်။ ဂုဟန် တောင်ထိပ်ကို ကြည့်လိုက်ပြီး တွေးလိုက်၏။
‘မင်းက အာအိုးယာမာဂိုဏ်းမှာ မွေးရာပါတာအိုအမျိုးအစားကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသောလူမဟုတ်ဘူး။’
သူ့အကြည့်ကို ကြည့်ကာ ဝတုတ် သူ တွေးနေသည့်အရာကို သိသောကြောင့် ဖျောင်းဖျလိုက်သည်။
“ဂျူနီယာညီမလေးကျောင်းက လျန်းဝမ်တောင်ထွတ်ကို မဝင်ချင်ဘူး။ သူမမှာ သူမရဲ့ ကိုယ်ပိုင်အစီအစဉ်ရှိရမယ်။ ဒေါသမထွက်ပါနဲ့ အစ်ကိုကြီး။”
ဂုဟန် မတုံ့ပြန်ခဲ့သော်လည်း ပြောလိုက်သည်။
“ရှီရှူးက ကျင့်ကြံခြင်းရဲ့ အရေးကြီးတဲ့ အချိန်ကာလမှာပဲ။ သူ့အပေါ် မကောင်းတဲ့လွှမ်းမိုးမှု ရှိနိုင်တာကြောင့် အဲအမှိုက်ကောင်နဲ့ သူ့ကို ပေးမတွေ့စေနဲ့။”
ဖက်တီး တခဏမျှ မှင်သက်သွားပြီးနောက် သူက ကျင်းကျူးအကြောင်း ပြောနေသည်ကို နားလည်လိုက်သည်။
***
ကျင်းကျူး သူ့ဂူဆီသို့ ပြန်လာခဲ့၏။
တောင်ပိုင်းထင်းရှူးစံအိမ်ရှိ ခြံငယ်လေး အနောက်ရှိ ဂူနှင့် ကွဲပြားစွာ လက်ရှိနေထိုင်ရာနေရာသည် တကယ့်ဂူအစစ်ဖြစ်သည်။
ဘုံဗိမာန်များသည် ဓားဆေးကြောခြင်းစမ်းချောင်း၏ နှစ်ဖက်စလုံးရှိ ကမ်းပါးများပေါ်တွင် တည်ရှိကြသည်။ ၎င်းသည် အလွန်တိတ်ဆိတ်ပြီး အနှောက်အယှက်ကင်းကာ ရှူခင်းသည် အလွန်လှပ၏။
မနက်တိုင်း အဖိုးတန်သစ်သီးပန်းကန်တစ်ကန်နှင့် ရေသန့်တစ်အိုးတို့သည် ဂူဗိမာန်ရှေ့ ပေါ်လာပေလိမ့်မည်။ ဤသစ်သီးပန်းကန်သည် သေချာပေါက် အပြင်စည်းရှိ သစ်သီးပန်းကန်များထက် များစွာ ပိုကောင်းပေ၏။ ခွဲဝေခြင်းကို တာဝန်ယူထားသည်လူသည် အစောင့်မဟုတ်တော့ဘဲ ဓားအိမ်ဖြစ်သည်။
ကုန်းမြေတိုက်ရှိ နံပါတ်တစ်ဓားဂိုဏ်းအနေဖြင့် အာအိုးယာမာဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် စုဆောင်းမှုတို့သည် မယုံနိုင်စရာပင်။
ကျင်းကျူး ဤသို့သော မြင်ကွင်းမျိုးကို အကြိမ်များစွာ မြင်ဖူးခဲ့သောကြောင့် ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။ သူ လတ်ဆတ်သည့် သစ်သီးကို ယူလိုက်ပြီး စားလိုက်ကာ ကျန်သစ်သီးများကို ဂူနောက် တောထဲရှိ မျောက်များကို ပစ်ပေးလိုက်သည်။ ထို့နောက် ဝါးကုလားထိုင်အပေါ် လဲလျောင်းလိုက်၏။
သူ သူ့ရင်ဘက်ထဲမှ ဓားကျမ်းစာအုပ်ကို ထုတ်ယူလိုက်ပြီး ကြည့်လိုက်ကာ ထို့နောက် ၎င်းကို ကြည့်ရှုနေခြင်းအား ရပ်တန့်လိုက်သည်။
ထိုသည်မှာ တောင်ပိုင်းထင်းရှူးစံအိမ်ရှိ အခြေအနေနှင့် အတူတူဖြစ်၏။ သူ့စိတ်ဝိဉာဉ်ပင်လယ်သည် အလွန်နက်ပြီး ကျယ်ပြောသည်။ ဓားသစ်သီး ဖြစ်ပေါ်လာသည်အထိ တာအိုမျိုးစေ့အတွက် အစာအာဟာရများအဖြစ် ၎င်းကို ပြောင်းလဲချင်ပါက သူ အချိန်လိုပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤအကြိမ်လိုအပ်သည့် အချိန်သည် များစွာ တိုတောင်းပြီး ဓားကို ရယူရန် တောင်ပေါ်သို့ သူသွားချင်ပါက သူသည် ဓားဆေးလုံး ဖွဲ့စည်းရန် မလိုအပ်ပေ။
သူ အဖြူရောင်သဲတစ်ဆုပ်ကို ယူလိုက်ပြီး ကြွေပန်းကန်းပြားထဲ ထည့်ချင်ခဲ့သော်လည်း သူ့နှလုံးသားက ယနေ့ မတည်ငြိမ်သည်ကို သူ တွေ့လိုက်ရသည်။
ဤသည်မှာ သူ့အတွက် အလွန်ဖြစ်ခဲလှသောကြောင့် သူ သဲနှင့် ကြွေပန်းကန်ပြားတို့ကို အဝေးတွင် ထားလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ စတင် ကျင့်ကြံလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူ သူ့မျက်လုံးကို နောက်တစ်ခေါက် ပြန်ဖွင့်လိုက်၏။
နေဝင်သွားပြီဖြစ်ပြီး ကြယ်များ တောက်ပနေကြသည်။
ရှီရှူး ဝါးကုလားထိုင်ရှေ့တွင် ရပ်နေ၏။
ထိုသည်မှာ သူသည် လွန်ခဲ့သည့်သုံးနှစ်က ရေကန်ဘေးတွင် ရှိနေသေးသကဲ့သို့ဖြစ်သည်။
“သခင်လေး”
လီရှီရှူး ပျော်ရွှင်စွာ သူ့ကို ဦးညွှတ်လိုက်၏။ နေ့ဘက်က ဖြစ်ပျက်ခဲ့သည့်အရာကို တွေးတောကာ သူ ရှင်းပြလိုက်သည်။
“စီနီယာအစ်ကို ဂုကို အပြစ်မတင်ပါနဲ့။ သူက လူကောင်းတစ်ယောက်ပါ။ နည်းနည်းစည်းကမ်းကြီးရုံပါပဲ။”
ဤစကားကို ကျင်းကျူး ကြားလိုက်သောအခါ သူ ပြဿနာတစ်ခုကို သတိပြုမိလိုက်၏။ သူ မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
“စီနီယာအစ်ကိုလား”
လီရှီရှူး အနည်းငယ်ရှက်ရွံ့စွာ ပြူံလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် သူ့ကို ဆရာဂု လို့ ခေါ်သင့်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို လုံလောက်တယ်လို့တွေးပြီး ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ကျွန်တော့်ကို လက်ခံမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို သူက သူ့ကို စီနီယာအစ်ကိုလို့ သီးသန့် ခေါ်ခွင့်ပြုခဲ့တယ်။”
သူ ဂုဏ်ယူခြင်း၊ မောက်မာခြင်း မရှိခဲ့ပေ။ သူ ပျော်ရွှင်နေရုံပင်။
ကျင်းကျူး ဘာမှမပြောဘဲ ပြုံးလိုက်၏။
သူက သူ့ကို ရယ်နေသည်ဟု လီရှီရှူး တွေးလိုက်ပြီး ရှက်သွေးဖြာလာခဲ့သည်။ သူ ဘာလုပ်ရမလဲမသိသောကြောင့် သူ မတ်တပ်ရပ်လိုက်ပြီး ကျင်းကျူးအတွက် အိပ်ယာပြင်ပေးရန် သွားလိုက်ကာ ညောင်စောင်းရှိ ပစ္စည်းများကို သပ်သပ်ရပ်ရပ်လုပ်ပေးလိုက်သည်။
အာအိုးယာမာဂိုဏ်း တန်ဖိုးအထားဆုံး မွေးရာပါတာအိုအမျိုးအစားနှင့် လျန်းဝမ်တောင်ထွတ် အလွန်လိုချင်သည့် ပါရမီရှင် တပည့်သည် ယခုလေးတင်အတွင်းစည်းထဲ ဝင်ရောက်လာခဲ့သည့် တပည့်တစ်ယောက်အတွက် ထိုမျှ သဘာဝကျသည့် ပုံစံဖြင့် အိပ်ယာပြင်ပေးခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤမြင်ကွင်းကို မြင်တွေ့ခဲ့ပါက သူတို့ သေချာပေါက် အံ့ဩတုန်လှုပ်သွားပြီး ဆွံ့အသွားပေလိမ့်မည်။
ပို၍ အံ့ဩစရာကောင်းသည့်အရာမှာ ကျင်းကျူး သူ့ကို မတားဆီးခဲ့ပေ။
အိပ်ယာပြင်ပေးပြီး ဂူဗိမာန်ရှေ့ရှိ မြေပြင်ကို လှည်းကျင်းပေးပြီးနောက် သူသည် ကျင်းကျူးကို ပြီးခဲ့သည့်နှစ်အတွင်း သူလုပ်ခဲ့သည့်အရာများနှင့် သူ ဆုံတွေ့ခဲ့သည့် လူများကို စတင်ပြောပြလိုက်သည်။
ကျင်းကျူး တိတ်ဆိတ်စွာ နားထောင်နေပြီး တစ်ခါတစ်လေ ရယ်မောနေကာ တစ်ခါတစ်လေ တုံ့ပြန်နေသည်။
သူ စိတ်မရှည်မဖြစ်ခဲ့ပေ။ မျက်လုံး မမှိတ်ခဲ့ပေ။ မအိပ်ခဲ့ပေ။ သူသည် တောင်ရွာ၌ ရှိခဲ့ချိန်နှင့် ကွဲပြားပေသည်။
သူသည် တစ်ချိန်လုံး စကားပြောနေသူ ဖြစ်ခဲ့သောကြောင့် လီရှီရှူး အနည်းငယ် ပျင်းရိလာသည်။
ပြီးခဲ့သည့်နှစ်အတွင်း တောင်ပိုင်းထင်းရှူးစံအိမ်တွင် ကျင်းကျူး မည်သို့ အချိန်ကုန်ဆုံးခဲ့သည်ကို သူ အမှန်တကယ် သိချင်ပေသည်။ သူ ဘာကြောင့် ရုတ်တရက် ဇွဲရှိလာခဲ့သနည်း။ စိတ်ဝိဉာဉ်တည်ငြိမ်ခြင်း၏ ပြီးပြည့်စုံခြင်းအဆင့်ကို သူ မည်သို့ ရောက်ရှိခဲ့ပြီး အတွင်းစည်းကို ဝင်ရောက်လာခဲ့သနည်း။
ကျင်းကျူးက ဤအရာများအကြောင်း ပြောဆိုရန် စိတ်ဝင်စားပုံမရပေ။
သူတို့က တစ်ယောက်နှင့်တစ်ယောက် တစ်နှစ်လောက် မတွေ့ခဲ့ကြသောကြောင့် သူ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရသည်လော။
လီရှီရှူး အကြံတစ်ခုကို တွေးလိုက်မိသည်။ သူ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး ကျင်းကျူးကို ပြောလိုက်၏။
“သခင်လေး ခင်ဗျားကို စီနီယာအစ်ကိုဂုနဲ့ မိတ်ဆက်ခွင့်ပေးပါ။ ခင်ဗျားရဲ့ နားလည်သဘောပေါက်မှု စွမ်းရည်နဲ့ သူ့ရဲ့ အသိအမှတ်ပြုမှုကို သေချာပေါက် ရလိမ့်မယ်။ ဓားဆက်ခံခြင်းပြိုင်ပွဲမှာ တောင်ထွတ်ကို ဝင်ရောက်ဖို့အတွက် ခင်ဗျားကို ဖိတ်ခေါ်ဖို့ သူက ကတိမပေးရင်တောင် သူက သေချာပေါက် ခင်ဗျားကို ဓားပညာရပ်တွေ သင်ပေးဖို့ ဆန္ဒရှိလိမ့်မယ်။ အဲအချိန်ကျရင် ကျွန်တော်တို့ အတူတူကျင့်ကြံလို့ပြီ။”
ကျင်းကျူး တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“မလိုဘူး”
လီရှီရှူး မှင်သက်သွားပြီး ပြောလိုက်သည်။
“သခင်လေး လျန်းဝမ်တောင်ထွတ်က အာအိုးယာမာမှာ အထူးခြား အပြောင်မြောက်ဆုံး နေရာဖြစ်တယ်ဆိုတာကို ခင်ဗျား သိမှာမဟုတ်ဘူး။ တောင်ထွတ်မှာရှိတဲ့ တပည့်တွေအကုန်လုံးက တတိယမျိုးဆက်တပည့်တွေဖြစ်ကြပြီး တောင်ထွတ်ခေါင်းဆောင်တွေ၊ စီနီယာတွေမရှိကြဘူး။ ဒါပေမယ့်လည်း တောင်ထွတ်တစ်ခုစီရဲ့ ဆရာသခင်တွေက လျန်းဝမ်တောင်ထွတ်မှာ သင်ခန်းစာတွေ ပို့ချပေးဖို့ ရက်တစ်ရက်ကို ရွေးချယ်ကြလိမ့်မယ်။ ဒါက ခင်ဗျားဟာ လျန်းဝမ်တောင်ထွတ်ရဲ့ တပည့်တစ်ယောက်ဖြစ်တာနဲ့ တောင်ထွတ်ကိုးခုရဲ့ ဓားပညာရပ်တွေအကုန်လုံးကို လေ့လာနိုင်တယ် လို့ ပြောလို့ရတယ်…”
သူ့အသံသည် တိုးသည်ထက် တိုးလာပြီး နောက်ဆုံး ပျောက်ကွယ်သွား၏။
အကြောင်းမှာ ကျင်းကျူးက စိတ်ဝင်စားမှု မပြသေးသောကြောင့်ဖြစ်သည်။
လီရှီရှူး အနည်းငယ် စိတ်ပျက်သွား၏။
သူ့မျက်နှာသေးသေးလေးပေါ်ရှိ အမူအရာကို ကြည့်ကာ ကျင်းကျူး ရှင်းပြလိုက်သည်။
“ငါ တကယ်ကို စိတ်မဝင်စားဘူး၊ ဘာလို့လဲဆိုတော့ လျန်းဝမ်တောင်ထွတ်ကို ငါ သဘောမကျလို့ပဲ။ ဟမ်.. ပြီးတော့ မင်းရဲ့ အဲဒီ စီနီယာအစ်ကိုဂု..”
လီရှီရှူး အံ့ဩတုန်လှုပ်သွား၏။ တစ်စုံတစ်ယောက်က လျန်းဝမ်တောင်ကို သဘောကျလိမ့်မည်မဟုတ် ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။
“လျန်းဝမ်တောင်ထွတ်က အာအိုးယာမာရဲ့ ဓားပဲ။ တောင်ပေါ်မှာရှိတဲ့ တပည့်တွေက ပူးလောင်းလင်နဲ့ မြေအောက်လောကရဲ့ နတ်ဆိုးတွေကို ခိုးဝင်လာတာကနေ တားဆီးဖို့နဲ့ ကင်းလှည့်ဖို့ တာဝန်ယူထားကြတယ်။ သူတို့က ဆယ်နှစ်မှာ တစ်ကြိမ်ကျင်းပတဲ့ ပလန်းတွေ့ဆုံပွဲမှာ ပါဝင်ဖို့ အာအိုးယာမာဂိုဏ်းကိုလည်း ကိုယ်စား ပြုပေးရတယ်။ လူများစွာက နှစ်တိုင်း သွေးထွက်သံယိုဖြစ်ပြီး သေဆုံးကြပေမယ့် တပည့်တစ်ယောက်ကမှ နောက်မဆုတ်ခဲ့ဖူးဘူး။ ခင်ဗျားက အာအိုးယာမာရဲ့ တပည့်တစ်ယောက်က ဘယ်လိုလုပ် လျန်းဝမ်တောင်ထွတ်ကို မနှစ်သက်ရတာလဲ။”
သူ ကျင်းကျူးကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“နောက်ပြီး စီနီယာအစ်ကိုဂု.. သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ။”
“ငါ အဲဒါကို သဘောမကျလို့ ဘာလို့မရရမှာလဲ။ ဒီပြောဆိုချက်က မှားတယ်။”
ကျင်းကျူးပြောလိုက်၏။
“ဥပမာ မင်းရဲ့ စီနီယာအစ်ကိုဂုက လူကောင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး။ သူက သူတော်စင်တစ်ပါးဆိုရင်တောင် ငါ သူ့ကို သဘောမကျလို့ ရသေးတယ်။”
လီရှီရှူး ကြက်သေသေသွား၏။ ကျင်းကျူးပြောသည့်အရာက ကျိုးကြောင်းမဆီလျော်ဟု သူ ထင်သော်လည်း သူ မည်သည့်အမှားမျှ မရှာနိုင်ပေ။
“ကျွန်တော် ခင်ဗျားကို မနိုင်ဘူး။”
လီရှီရှူး တော်တော်လေး မသက်မသာဖြစ်သွား၏။ အကြောင်းမှာ စီနီယာအစ်ကိုဂုကဲ့သို့ လူကောင်းတစ်ယောက်ကို ကျင်းကျူးက ဘာကြောင့် သဘောမကျခဲ့သည်ကို သူ နားမလည်နိုင်သောကြောင့်ဖြစ်သည်။
စီနီယာအစ်ကိုဂုက နေ့ဘက်တုန်းက တောင်ထွတ်စည်းမျဉ်းများဖြင့် သူ့ကို အပြစ်ပေးခဲ့သောကြောင့်လော။
လျန်းဝမ်တောင်ထွတ်ကိုရော ဘာကြောင့်နည်း။
လီရှီရှူး ထိုအကြောင်း ပိုတွေးလေလေ ဖြစ်နိုင်ချေတစ်ခုသာရှိသည်ဟု သူ ခံစားရလေလေဖြစ်သောကြောင့် သူ တိတ်တိတ်နေလိုက်သည်။
***
ကမ်းပါးဘေးရှိ ဂူဗိမာန်မှ ထွက်ခွာပြီး တောင်လမ်းအတိုင်း မိုင်ဝက်လောက် လမ်းလျှောက်ပြီးနောက် လီရှီရှူး သူ့ဓားပေါ် ရပ်လိုက်ပြီး ပျံသန်းလိုက်သည်။
သူ ကျင်းကျူးကို ဤမြင်ကွင်းအား မမြင်စေချင်ခဲ့ပေ။ အကြောင်းမှာ ၎င်းက သူ့ကို စိတ်ဓာတ်ကျစေမည်ကို သူ စိုးရိမ်သောကြောင့်ဖြစ်သည်။
ဓားပျံသည် ကမ်းပါးနံရံအတိုင်း ပျံတက်သွားပြီး မကြာမီ ပြန့်ကျဲနေသော တိမ်တိုက်အနည်းငယ်ကို ကျော်ဖြတ်သွားကာ ညကောင်းကင်ယံရှိ အမြင့်တစ်နေရာကို ရောက်ရှိလာသည်။
လေအေးက သူ့မျက်နှာကို ရိုက်ခတ်သွား၏။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ဓားအရင်းအမြစ်ကို အသုံးပြုခြင်းမရှိဘဲ လီရှီရှူး အေးသည်ဟု မခံစားရပေ။ ထို့အစား သူ ပူနေ၏။
ဓားပျံကို စီးနင်းခြင်းက ခုချိန်တွင် သံသယရှိစရာမလိုဘဲ သူ့အတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာဖြစ်ပေသည်။
ကြယ်စုံသည့် ကောင်းကင်အောက်ရှိ တိမ်တိုက်များ၊ အောက်ဘက်ရှိ ဓားဆေးကြောခြင်းစမ်းချောင်းနှင့် သိပ်မဝေးသည့် တောင်ထိပ်များကို ကြည့်ကာ သူ အော်ဟစ်လိုက်မိ၏။ ထို့နောက် သူ အသိစိတ်ဝင်လာပြီး ပါးစပ်ကို အုပ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
***
ကျင်းကျူး ညကောင်းကင်ယံကို ကြည့်ရန် ခေါင်းမော့လိုက်၏။
ထိုအော်သံသည် ညကောင်းကင်ယံရှိ အမြင့်တစ်နေရာမှလာခဲ့ပြီး စမ်းချောင်းဘေးရှိ တပည့်များက ၎င်းကို မကြားနိုင်ကြသော်လည်း သူ့သက်တူရွယ်တူများထက် များစွာ ပိုကောင်းသော အကြားအာရုံကို ပိုင်ဆိုင်ထားသည့် ကျင်းကျူးအတွက်မူ သူ့ဘေးတွင် လာအော်လိုက်သကဲ့သို့ ရှင်းလင်းလှသည်။
ရှီရှူး၏ အသံဖြစ်သည်ကို သူ မှတ်မိလိုက်ပြီး ၎င်းထဲရှိ စိတ်လှုပ်ရှားမှုကိုပင် သူ ကြားနိုင်ခဲ့သည်။
လီရှီရှူးက တစ်နှစ်မျှအတွင်း ဓားကို စီးနင်းနိုင်သည်အထိ သူအဆင့်ကို ထိုမျှ လျင်မြန်စွာ တိုးမြှင့်နိုင်ခဲ့သည်ကို သူ မအံ့ဩခဲ့ပေ။
အတွင်းစည်းကို ဝင်ရောက်ပြီးနောက် မွေးရာပါတာအိုအမျိုးအစား၏ အားသာချက်က အပြည့်အဝ ပြသပေလိမ့်မည်။
လျန်းဝမ်တောင်ထွတ်သည် ဓားဆက်ခံခြင်းပြိုင်ပွဲတွင် လီရှီရှူးကို ရရှိရန် ကြိုတင်စီစဉ်နေခဲ့ပေသည်။ ထိုလူများတွင် အမြော်အမြင်ကောင်းရှိကြပေ၏။
သို့သော် သူ လက်ရှိလျန်းဝမ်တောင်ထွတ်ကို အမှန်တကယ် မနှစ်သက်ခဲ့ပေ။
သူ့ဘယ်ဘက်လက်ကောက်ဝတ်ရှိ လက်ကောက်ကို ထိကိုင်ကာ သူ တွေးလိုက်သည်။
‘အင်း.. လျန်းဝမ်တောင်ထွတ်ကို အစကတည်းက ငါ ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး၊ ဒါက သက်သေပဲ’
“စီနီယာအစ်ကိုလား၊ လူကောင်းလား၊ ဘယ်လို…”
*************************************