Chapter 25: တင်းကျပ်သည့် စီမံခန့်ခွဲမှု
ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းထဲသို့လာကာ လက်ရွေးစင်အသင်းအဖွဲ့ဝင်အားလုံးမှာ ကွန်ပျူတာရှေ့၌ လေ့ကျင့်ရေးဆော့ဖ်ဝဲဖွင့်ကာ ထိုင်နေကြသည်ကိုတွေ့ခဲ့သည်။ အမြဲလွတ်လပ်နေသော ယယ်ကျင်းမင်ပင်လျှင် ယနေ့အတော်နာခံနေသည်။ သူသည်ကွန်ပျူတာဖန်သားပြင် စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏လက်ချောင်းများမှာ ကီးဘုတ်အားအမြန်နှိပ်နေသည်။ သူသည်အာရုံမလွဲဘဲ အပြည့်အဝစူးစိုက်နေခဲ့သည်။
လက်ထောက်နည်းပြ ကျွီရုန်သည် သူလာသည်ကိုမြင်ကာ ချက်ချင်းတီးတိုးပြောရန် သူ့ဆီလျှောက်လာခဲ့သည်။ “နည်းပြကျန်း လူတိုင်းဒီနေ့ အရမ်းလေးလေးနက်နက် လေ့ကျင့်နေတယ်”
ကျန်းရှောင်ယွီမှာ တည်တည်တံ့တံ့သာပြောလိုက်သည်။ “ဟုတ်တယ်။ သူတို့သုံးသပ်စာတွေရေးလို့ခုပဲပြီးတယ်လေ။ သူတို့ဒါကိုဆက်မရေးချင်ဘူး ဟုတ်တယ်မလား”
ကစားသမားများသူ၏အသံကို ကြားသည်နှင့် သူတို့၏နောက်ကျောများ မတ်သွားကာ သူတို့၏မျက်နှာများပေါ်မှ အမူအရာမှာ ပိုလေးနက်သွားကြသည်။ သူတို့၏မျက်လုံးများပြူးသွားပြီး သူတို့သည် ကွန်ပျူတာထဲမှ အပေါက်တစ်ခုကို စိုက်ကြည့်ချင်နေပုံရသည်။
ကျန်းရှောင်ယွီသည် သူတို့လေ့ကျင့်ရေးအကြောင်းအရာကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
လက်ရွေးစင်အသင်းအတွက် လေ့ကျင့်ရေးဆော့ဖ်ဝဲမှာ အတွင်းပိုင်းအင်ဂျင်နီယာများမှ တည်ဆောက်ထားကာ ငါးနှစ်ကြာအသုံးပြုခဲ့သည်။ အင်ထရာနက်အကောင့်နှင့် ဆော့ဖ်ဝဲအတွင်းသို့ဝင်ပြီးနောက် ကစားသမားများသည် ရှောင်ရှားခြင်းလေ့ကျင့်ခန်းများ၊ ပစ်ခတ်ခြင်းလေ့ကျင့်ခန်းများ၊ မြေပုံလေ့ကျင့်ခန်းများ အစရှိသော သူတို့၏လေ့ကျင့်ရေးပစ္စည်းများကို ရွေးချယ်နိုင်သည်။ အခွဲပစ္စည်းတစ်ခုချင်းစီအား အခက်အခဲအမျိုးမျိုးသို့ ခွဲခြားထားသည်။
ဤလေ့ကျင့်ရေးစနစ်မှာ ယခင်က ACE အသင်း၏စနစ်နှင့် တူနေသည်။
သို့သော် ယနေ့ကမ္ဘာ့စီးရီးတွင် ၎င်းမှာခေတ်နောက်ကျနေကာ အချိန်စည်းချက်အား အမီမလိုက်နိုင်သည်မှာ ထင်ရှားသည်။
ကျန်းရှောင်ယွီသည် ရှီရှောင်ဘင်းနောက်သို့ သူလေ့ကျင့်သည်ကိုကြည့်ရန် သွားခဲ့သည်။ ရှီရှောင်ဘင်းမှာ နည်းပြအနားကပ်လာသည်ကို သတိထားမိကာ သူ၏နောက်ကျောအား စိတ်လှုပ်ရှားစွာ မတ်လိုက်သည်။ မောက်စ်ကိုင်ထားသည့်လက်မှာ အနည်းငယ်တုန်လှုပ်သွားပြီး သူသည်သူ၏အနောက်မှ ဖြတ်သွားသော ပစ်မှတ်ကို လွဲချော်ခဲ့သည်။
ကျန်းရှောင်ယွီသည် ဘာမှမပြောဘဲ မိုဟန်တျန်းနောက်သို့ ရွေ့သွားသည်။ ရှောင်းမိုသည် ရှောင်ရှားခြင်းကို လေ့ကျင့်နေသည်။ သူသည်နည်းပြမှာ သူ၏နောက်တွင်ရပ်နေသည်ကို ခံစားမိကာ သူ၏နောက်ကျောမှာ အနည်းငယ် အေးစက်နေခဲ့သည်။ ကီးဘုတ်အားဖိထားသောလက်မှာ ချော်သွားကာ ဖန်သားပြင်ပေါ်မှ လူငယ်လေးမှာ လက်ပစ်ဗုံးကြောင့် သေသွားခဲ့သည်။
ကျန်းရှောင်ယွီ: “……”
ငါကအဲ့လောက်တောင်ကြောက်စရာကောင်းလား။ တစ်ယောက်ပြီးတစ်ယောက် နည်းပြရောက်လာတာကိုမြင်တာနဲ့ အမှားလုပ်မိတာလား။
ကျိုးယီရန်သည် မျက်ခုံးပင့်ကာ ဤလူသစ်များကို လျစ်လျူရှုလိုက်သည်။ သူသည်လှည့်၍ ကျိုးယွီရန်နောက်သို့ ရွှေ့သွားသည်။ ရှောင်းကျိုးသည် အလွန်တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် သူ၏ဘေးတွင် ကျန်းရှောင်ယွီရပ်နေလျှင်ပင် တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏လက်ထဲရှိ AK ချေမှုန်းရိုင်ဖယ်မှာ တည်နေရာအားလူံကို အမြန်ပစ်လိုက်ပြီး သူ၏အနားတွင်ပေါ်နေသော ပူပေါင်းများအားလုံးကို ပစ်လိုက်သည်။
သူသည်အနောက်သို့ကြည့်ကာ ရေတိုက်ပွဲတွင် အဓိကကျသော အသက်ရှူခြင်းစည်းချက်များကို ထပ်ခါထပ်ခါလေ့ကျင့်ရန် ရေအောက်သို့ငုပ်နေသည့် ယယ်ကျီကို မြင်ခဲ့သည်။
ဒါနဲ့ ဘာလို့ စားပွဲပေါ်မိုဘိုင်းဖုန်းတစ်လုံး ရှိနေတာလဲ။
သူတို့အခုထိ လေ့ကျင့်ရေးကို သူတို့ဖုန်းတွေယူလာတုန်းလား။ ဒါကစာမေးပွဲအတွင်း စာမေးပွဲခန်းထဲ သူတို့ဖုန်းတွေယူလာတာလောက် အန္တရာယ်မရှိဘူးလား။
ကျန်းရှောင်ယွီသည် အေးစက်စွာ အမိန့်ပေးလိုက်သည်။ “အားလုံးပဲ မင်းတို့ဖုန်းတွေသိမ်းလိုက်”
လူတိုင်းဤသည်ကိုကြားပြီး သူတို့နှေးပါက နည်းပြမှအပြစ်တင်လိမ့်မည်ကို ကြောက်သောကြောင့် သူတို့အိတ်ကပ်များမှ ဖုန်းများကိုအမြန်ထုတ်လိုက်သည််။
လက်ထောက်နည်းပြ လောင်ကျွီသည် အမြန်ဆောင်ရွက်ကာ လူတိုင်း၏ဖုန်းကို လေ့ကျင့်ရေးခန်း၏ဝင်ပေါက်ရှိ သေတ္တာကြီးထဲထည့်လိုက်သည်။
ကျန်းရှောင်ယွီမှာ ပြောခဲ့သည်။ “နောက်ကျရင် ပိုပြီးတော့ အာရုံစိုက်။ မင်းတို့လေ့ကျင့်ရေးခန်းထဲ ဝင်လာတာနဲ့ ဖုန်းတွေပိတ်ပြီး တံခါးမှာထားခဲ့။ မင်းတို့ဖုန်းတွေယူလာရင် အာရုံပျက်ဖို့ ပိုလွယ်တယ်”
လူတိုင်းသည် နားလည်သောကြောင့် ခေါင်းငြိမ့်လိုက်သည်။
ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းအား ပတ်ကြည့်လိုက်သည်။ “မင်းတို့ရဲ့လေ့ကျင့်ရေး အချက်အလက်က အရမ်းရိုးတယ်။ လက်ရွေးစင်အသင်းရဲ့ လိုအပ်ချက်တွေက ပိုပြီးတင်းကျပ်ရမယ်။ ငါလက်ရွေးစင်အသင်းအတွက် လေ့ကျင့်ရေးဆော့ဖ်ဝဲနဲ့ လေ့ကျင့်ရေးအဆင့်တွေကို မြှင့်ဖို့ အင်ဂျင်နီယာတွေနဲ့ ပြောလိုက်မယ်။ ရက်ပိုင်းအတွင်းတော့ မပြောင်းနိုင်ဘူး။ နောက်ရာသီမှာ အသစ်တစ်ခုသုံးမယ်။ မင်းတို့ထဲကတစ်ချို့ နောက်ရာသီကိုရောက်လာမှာ သေချာတယ်မလား။ ကြိုပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား”
လူတော်တော်များများမှာ ဤသည်ကိုကြားသောအခါ ချွေးထွက်လာသည်။
နည်းပြကျန်းပြောသော ပိုပြီး’တင်းကျပ်’မည်ဆိုသည်မှာ ‘သေလောက်အောင် ခက်ခဲမှု’ မဟုတ်ပါလား။ သူတို့သည် နောက်လက်ရွေးစင်ကစားသမားများအတွက် တကယ်ပင်ချွေးစေးများထွက်နေသည်။
သူတို့နောက်တစ်ကြိမ် ပြန်လာခဲ့လျှင်…ကြိုတင်ကာ သူတို့အတွက် ဝမ်းနည်းပေးရမည်။
ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းအား စာမေးပွဲအချိန်အတွင်း အခန်းစောင့်သဖွယ် ပတ်ကြည့်နေသည်။ သူ၏စစ်ဆေးမှုအတွင်း လူတိုင်းသည် ဖန်သားပြင်အား တစိုက်မတ်မတ်ကြည့်ကာ ကျောများမတ်ထားကြသည်။ ကျန်းရှောင်ယွီသည် ဤဟန်ဆောင်နေသောလူများအား ကြည့်ရန်စိတ်ထဲမရှိပေ။ လျှောက်ပတ်သွားပြီးနောက် သူသည်လှည့်၍ ရုံးခန်းဆီပြန်သွားခဲ့သည်။ ထို့နောက်သူသည် လက်ရွေးစင်အသင်းအလုပ်အဖွဲ့၏ အဖွဲ့စာပို့ခန်းထဲ စာတစ်စောင်ပို့လိုက်သည်: @Qin Bo @Anna @Lao Cui၊အစည်းအဝေးအတွက် ငါ့ကိုနာရီဝက်ကြာရင် ရုံးခန်းမှာလာရှာ။
သုံးယောက်လုံး သတိပေးချက်ကို လက်ခံရရှိကာ နည်းပြချုပ်၏ရုံးခန်းသို့ အမြန်လာခဲ့သည်။တံခါးမှတစ်ဆင့်ဝင်လာသောအခါ သူတို့သည် ကျန်းရှောင်ယွီမှာ အနက်ရောင်မှတ်စုနှင့် စာရေးကာဆွဲနေသည်ကို တွေ့ခဲ့သည်။ သူသည်သူ၏ခေါင်းကိုမော့ကာ သူ၏အရှေ့မှဆိုဖာကို လက်ညှိုးထိုးရင်းပြောလိုက်သည်။ “ထိုင်ကြ။ ဒီနှစ်ရဲ့ စီမံခန့်ခွဲမှုအသင်းက အရမ်းလျော့ရဲနေပြီး မင်းတို့နဲ့ဆွေးနွေးဖို့ အကြံအများကြီးရှိတယ်” ထို့နောက်သူသည် သူ၏ဘောပင်အားချလိုက်ကာ ခန့်ခွဲသူအားမေးလိုက်သည်။ “ကျင်းဘို၊ နေ့စဉ်လေ့ကျင့်ရေးအတွက် ဆော့ဖ်ဝဲကို ပြန်လုပ်လို့ရနိုင်လား”
ကျင်းဘိုမှာ ခေါင်းငြိမ့်လိုက်သည်။ “ဒါပေါ့။ နည်းပြကျန်း ဘာလုပ်စေချင်တာလဲ”
ကျန်းရှောင်ယွီသည် တည်ငြိမ်စွာ ပြောလိုက်သည်။ “လေ့ကျင့်တဲ့အကွာအဝေးနဲ့ ရွေ့နေတဲ့ပစ်မှတ်ကိုပစ်တဲ့အခါ အမြန်ဆုံးအရှိန်ကို ဆယ်ဆတိုးလိုက်။ ဂိမ်းထဲမှကာရိုက်တာရဲ့ ခေါင်းတွေ ၃၆ဝဒီဂရီနေရာအတွင်း ကျပန်းပေါ်လာမယ့် အခြားပရိုဂရမ်တစ်ခုလုပ်။ သူတို့က ဂိမ်းထဲက ကာရိုက်တာရဲ့အဆင့်အရ လိင်၊ဆံပင်ပုံစံနဲ့ အသားအရေအမျိုးမျိုးရှိသင့်တယ်။ လူ့ခေါင်းတွေပေါ်လာတဲ့အရှိန်က ပိုပိုပြီးမြန်လာမယ်။ ပိုမြန်တဲ့တစ်ခုက ၀.၁စက္ကန့်အတွင်း ပေါ်လာလိမ့်မယ်။ သူတို့ကထွက်သွားဖို့ အားလုံးကိုပစ်ရမယ်။ တစ်ခုလွဲသွားရင် သူတို့ထပ်ပြီးအစကပြန်စရမယ်။ သူတို့ကိုတုံ့ပြန်မှုနှုန်း စစ်ဆေးဖို့ အနက်ရောင်အခန်းငယ်လေးထဲ သော့ပိတ်ထားလိုက်”
လက်ထောက်များ: “……”
ဤသို့ဆိုလျှင် လက်ရွေးစင်အသင်း၏ ကစသမားများ အနာဂတ်တွင် အိပ်မက်ဆိုးများမက်နေလိမ့်မည် မဟုတ်လား။
မတူညီသော အသားအရေများနှင့် ဆံပင်ပုံစံများတို့ဖြင့် မရေမတွက်နိုင်သည့်လူ့ခေါင်းများနှင့် ဝန်းရံခြင်းခံရသည်။ လူ့ခေါင်းများ၏ကျပန်းအသွင်အပြင်မှာ သရဲရုပ်ရှပ်၏ ပစ်ခတ်ခြင်းမြင်ကွင်းကဲ့သို့ ဖြစ်လုနီးပါးပင်။
သူတို့သည် တစ်ခုလွဲသွားပါက ပြန်စရလိမ့်မည်။ သူတို့သည် မပြီးမချင်း ပြန်ထွက်လာခွင့်လည်း မပြုသည်လား။
၎င်းသည်အလွန်ခက်ခဲလွန်းသည် မဟုတ်လား။ သူတို့သုံးယောက်လုံးမှာ အနာဂတ်တွင် လက်ရွေးစင်အသင်းကစားသမားများ၏ ပြိုလဲမှုကို မျှော်လင့်နေမိပြီးဖြစ်သည်။
ကျင်းဘိုသည်သူ၏နှာခေါင်းရိုးပေါ် မျက်မှန်အားပင့်တင်ကာ မေးခဲ့သည်။ “ဒါကအဆင့်တွေအနေနဲ့ ဒီဇိုင်းဆွဲထားပြီး အဆင့်တစ်ခုချင်းစီကမြန်သွားမှာလား”
ကျန်းရှောင်ယွီပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ အရှိန်ကသူတို့ကို လိုက်လျောညီထွေဖြစ်အောင် ၁စက္ကန့်ကနေ ၀.၈စက္ကန့်အထိ တဖြည်းဖြည်းပြောင်းသွားနိုင်တယ်”
ကျင်းဘိုသည် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပြီ။ ဒီပရိုဂရမ်နှစ်ခုက မခက်ပါဘူး။ ကျွန်တော်ပြန်လာရင် ဒါတွေလုပ်ထားပါမယ်”
ကျန်းရှောင်ယွီသည် ဆက်ပြောလိုက်သည်။ “နောက်ပြီး မြေပုံသိမ်းထားတဲ့နေရာထဲက မြေပုံအားလုံးကို 3Dအဆင့်လုပ်လိုက်။ သေနတ်ပစ်မှတ်၊ ချုံခိုက်တိုက်ခိုက်မှတ်နဲ့ အဓိကလမ်းဆုံလမ်းခွတွေကို အသင်းဖော်တွေနဲ့ ချပြသင့်တယ်။ ငါသူတို့ကို သူတို့စိတ်ထဲမြေပုံပုံစံတွေအားလုံးကို သေချာမှတ်ထားစေချင်တယ်။ ကစားနေတဲ့အတောအတွင်း ခေါင်းဆောင်ပ စကားပြောဖို့ပဲလိုပြီး သူတို့ကသက်ဆိုင်ရာ တည်နေရာဆီကို ချက်ချင်းသွားနိုင်တယ်”
လူသုံးယောက်: “……”
ကျယ်ပြန့်သည့် တွေးခေါ်နိုင်စွမ်းရည်နည်းသည့် ကစားသမားများမှာ ဒူးထောက်ရလိမ့်မည်။သို့သော် ကျွမ်းကျင်ကစားသမားတစ်ယောက်အနေဖြင့် မြေပုံတိုင်းအားသူတို့၏လက်နောက်ကျောကဲ့သို့ သိထားသင့်သည်။
ကျင်းဘိုသည် ခဏတာ တွန့်ဆုတ်သွားသည်။ “မြေပုံသိမ်းထားတဲ့နေရာမှာ မြေပုံတွေအများကြီးပဲ။ သူတို့အားလုံးအဆင့်မြှင့်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်”
ကျန်းရှောင်ယွီ ပြောလိုက်သည်။ “အလျင်မလိုပါဘူး။ နောက်နှစ်မတ်လမတိုင်ခင်အထိသာလုပ်ပါ”
ကျင်းဘိုသည် ရိုးရှင်းစွာပြောလိုက်သည်။ “ကိစ္စမရှိပါဘူး”
ကျန်းရှောင်ယွီသည် လက်ထောက်နည်းပြအား ကြည့်လိုက်သည်။ “လောင်ကျွီ၊ ငါဒီမှာရှင်းစရာကိစ္စအများကြီးပဲ။ နောက်ပိုင်းနေ့စဉ် လေ့ကျင့်ရေးမှာ ကြီးကြပ်ဖို့ ငါ့ကိုကူပေး။ နေ့စဉ်လေ့ကျင့်ရေးတာဝန်တွေက ပြီးရမယ်။ ဒါကိုမပြီးတဲ့သူတွေက မစားရရင်တောင် လေ့ကျင့်ရမယ်။ သူတို့ကို လက်ရွေးစင်အသင်းက ပျော်ဖို့လာတဲ့နေရာမဟုတ်မှန်း သိခွင့်ပေးလိုက်”
လောင်ကျွီသည် ချက်ချင်းတုံ့ပြန်သည်။ “နည်းပြကျန်း စိတ်ချပါ။ ကျွန်တော်ဒါမျိုး အရမ်းကျွမ်းတယ်”
ကျန်းရှောင်ယွီသည် ထပ်ပြောလိုက်သည်။ “အန်နာ၊ နိုင်ငံခြားပြိုင်ပွဲတွေ အထူးသဖြင့် အမေရိကန်၊ဥရောပနဲ့ တောင်ကိုရီးယားက ပြိုင်ပွဲတွေကို ပိုပြီးအာရုံစိုက်ပေး။ မင်းရဲ့နိုင်ငံခြားဘာသာရပ်စွမ်းရည်က ငါတို့ထက်ပိုကောင်းပြီး ဂိမ်းမှတ်ချက်တွေကို နားလည်နိုင်တယ်။ မင်းငါတို့ကို အံ့ဩဖွယ်ဂိမ်းမှတ်တမ်းတွေကိုလည်း ပြနိုင်ပြီး နိုင်ငံခြားမီဒီယာက ဒီကစားသမားတွေရဲ့ သုံးသပ်ချက်ကိုလည်း ကြည့်နိုင်တယ်။ ဂိမ်းဒေတာက စစ်ဆေးဖို့အတွက် ကျင်းဘိုဆီ လွှဲပေးနိုင်တယ်”
အန်နာသည် တောက်ပစွာပြုံးလိုက်သည်။ “နားလည်ပါပြီ။ ကျွန်မ နိုင်ငံခြားပြိုင်ပွဲ ဗီဒီယိုတွေနဲ့ ကစားသမားဒေတာတွေကို အပတ်တိုင်း အနှစ်ချုပ်ပေးပါမယ်”
ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်လိုက်သည်။ “အေအဆင့်လိဂ် နောက်ရာသီ စပြီးတဲ့နောက် ငါက ပြည်တွင်းကလပ်တွေကို စုံစမ်းဖို့သွားမယ်။ လောင်ကျွီနဲ့ကျင်းဘိုက စစ်ဆေးဖို့အတွက် ကလပ်တွေရဲ့ကစားသမား ဒေတာတွေကိုယူဖို့ ငါနဲ့သွားမယ်။ အန်နာက စခန်းမှာပဲနေပြီး နိုင်ငံခြားအခြေအနေကိုဆက်စောင့်ကြည့်ထား။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဘယ်သတင်းမဆို အချိန်မီငါတို့ကို ပြောသင့်တယ်။ မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် အားလုံးပဲ”
သူတို့သုံးယောက် အချင်းချင်းကြည့်ကာ နားလည်မှုနှင့် ခေါင်းငြိမ့်လိုက်သည်။
ဒီဇင်ဘာလကုန်ဖြစ်ကာ နှစ်တစ်နှစ်မှာ ကုန်ဆုံးတော့မည်ဖြစ်သည်။ ဤလက်ရွေးစင်အသင်းမှာ အရင်ကတည်းက အဖွဲ့ပျက်သွားသင့်သည်။ ကျန်းရှောင်ယွီသည် နောက်ရာသီအတွက် ပြိုင်ပွဲဝင်များကို စစ်ဆေးရန် သူတို့အားထားထားခြင်းဖြစ်သည်။ နှစ်သစ်မတိုင်ခင် နောက်တစ်ပတ်တွင် ကျန်းရှောင်ယွီသည် ပဉ္စမမြောက်လက်ရွေးစင်အသင်းအား တရားဝင်ပယ်ဖျက်ကာ နောက်တစ်သင်းအတွက် ပြိုင်ပွဲဝင်များကို စတင်ရှာဖွေမည်။
ကောင်းမွန်သော လက်ရွေးစင်အသင်းအား ဦးဆောင်ရန် ထိုမျှလောက် မရိုးရှင်းပေ။ ရှုထောင့်အားလုံးကို သေချာစွာ ထည့်စဉ်းစားသင့်သည်။
တူညီသည့်ပုံစံများနှင့် ကစားသမားနှစ်ယောက်အား ခေါ်ရန် မလိုပေ။ ကမ္ဘာ့စီးရီးတွင် အဓိကကစားသမားများ မောပန်းကာ အရန်များအား ကစားခွင့်ပေးနိုင်ချေမှာ တကယ်တမ်းတွင် အလွန်နည်းသည်။ အစားထိုးများသည် ပြိုင်ပွဲများစွာတွင်မကစားနိုင်ဘဲ အစားထိုးတော်တော်များများမှာ သူတို့နှင့်အတူလိုက်ရန် လာခဲ့ခြင်းသာဖြစ်သည်။
ကျန်းရှောင်ယွီ၏အတွေးမှာ လက်ရွေးစင်အသင်းသို့ဝင်ရောက်ရန် ခက်ခဲသည့်အတွက် ကစားသမားတိုင်းသည် ကမ္ဘာ့စီးရီးတွင် တောက်ပရန် အခွင့်အရေးရှိသင့်သည်။
အစားထိုးများမှာ အရန်ခုံပေါ်တွင်သာ ထိုင်ကာ အဓိကကစားသမား နာမကျန်းဖြစ်ရန် သို့မဟုတ် အခြေအနေဆိုးရန်သာ စောင့်မနေသင့်ပေ။ ဥပမာ အစားထိုးကစားသမားများစွာမှာ ရွေးချယ်စရာမရှိဘဲ ကမ္ဘာ့စီးရီးတွင်သာ ကစားရမည်။ သူတို့သည် ရလဒ်တစ်ခုမရှိဘဲ ပြည်ပသို့သွားပါက သူတို့သည် သေချာပေါက် သူတို့၏စိတ်ထဲ၌ နောင်တရနေလိမ့်မည်။
သူ၏အမြင်တွင် အစားထိုးကစားသမားတိုင်း သူတို့၏ ကိုယ်ပိုင်ကဏ္ဍရှိသင့်သည်။
နည်းပြတည်ရှိမှု၏ ဆိုလိုရင်းမှာ ကစားသမားတစ်ယောက်ချင်းစီ၏ အကောင်းဆုံးအလားအလာကို ဆက်သွယ်ပေးခြင်း၊ သူတို့အား ပို၍အားသန်ကာ ကစားသမားအမျိုးမျိုး၏ ပုံစံနှင့်လက္ခဏာများအရ အံအကိုက်ဆုံးဖြစ်သော အသင်းတစ်သင်းအဖြစ် ပြောင်းပေးခြင်းဖြစ်သည်။
ယခုသူသည် ‘လက်ရွေးစင်အဖွဲ့၏နည်းပြ’ ခေါင်းစဉ်ကိုယူထားသောကြောင့် သူ၏အပိုင်းအား လုပ်ဆောင်ရန် အစွမ်းကုန်ကြိုးစားရမည်။
ကျန်းရှောင်ယွီသည် သူ၏လက်ထောက်များအတွက် အလုပ်များခွဲဝေပေးကာ ရိုးရှင်းသည့်အစည်းအဝေးမှာ ဆယ်မိနစ်အတွင်း ပြီးသွားခဲ့သည်။
ထွက်သွားပြီးနောက် အန်နာသည် သူ၏လုပ်ဖော်ကိုင်ဖက်နှစ်ယောက်အား ကြည့်ကာပြုံးလိုက်သည်။ “နည်းပြကျန်းရဲ့ အစည်းအဝေးက တကယ် တည့်တိုးဆန်တာပဲ။ ချက်ချင်းစီစဉ်ပြီးတယ်”
လောင်ကျွီသည် စိတ်ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။ “ငါငါးနှစ်ကြာ လက်ရွေးစင်အသင်းမှာ အကူနည်းပြဖြစ်လာတာ သူကကိစ္စတွေကို ကိုင်တွယ်တဲ့အခါ အသပ်ရပ်ဆုံးပဲ”
ကျင်းဘိုသည် မျက်မှန်အား ပင့်တင်လိုက်သည်။ “လေ့ကျင့်ရေးပုံစံအသစ်က နောက်ထပ်ကစားသမားတွေအတွက် အိပ်မက်ဆိုးဖြစ်လာပြီ”
သူတို့သည် လက်ရွေးစင်အသင်းအသစ်၏ ကစားသမားများ နည်းပြကြောင့်ငိုနေလိမ့်မည်ကို မြင်ရရန်မစောင့်နိုင်တော့ပေ။
—
ကျန်းရှောင်ယွီသည် ရုံးခန်းထဲ စာရွက်စာတမ်းများဖတ်ကာ နေ့လယ်ခင်းအချိန်ကို ဖြုန်းလိုက်သည်။ ညနေတွင် သူသည်အဆောင်သို့ပြန်ကာ ကွန်ပျူတာကိုဖွင့်လိုက်သည်။ သူသည်အဆင့်တိုက်ပွဲများ နှစ်ပွဲကစားရန် ပိုင်ဖန်းဆီသွားချင်ခဲ့သော်လည်း Fred ၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် တရားဝင်ကြေငြာချက်ရှိနေသည်: နောက်နှစ်ရက်လောက် အိမ်မှာတစ်ခုခုရှိလို့ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီရပ်ဆိုင်းထားပြီး ထုတ်လွှင့်ချိန်ကိုလည်း ကြေငြာသွားပါမယ်။
တိုက်ရိုက်ထုတ်လွှင့်သူကြီးမှာ ဆန္ဒကြီးမားသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအား ရပ်မည်ပြောပါက သူလွှင့်သည်ကိုရပ်မည်လား။
ကျန်းရှောင်ယွီသည် ကျင်းကွန်ရက်မှ ထွက်ချင်နေသောအခါ သူသည်ညာဘက်ထောင့် အပေါ်ဘက်မှ စာနေရာမှာ မီးလင်းနေသည်ကို တွေ့ခဲ့သည်။ မဖတ်ရသေးသည့်စာများစွာ ရှိနေသည်။
သူသည် ကြောင်သွားကာ သူ၏စာကိုနှိပ်လိုက်သည်။
“မင်္ဂလာပါ ဆရာ။ ကျွန်တော်က TNG ကလပ်ရဲ့ ကင်းထောက်ပါ။ ကျွန်တော်ဒီနေ့ခင်ဗျားနဲ့ Fred တို့ကစားတဲ့ ဗီဒီယိုကိုကြည့်ပြီး ခင်ဗျားမှာ ဂိမ်းကစားတဲ့စွမ်းရည်ရှိတာကို သိလိုက်တယ်။ ခင်ဗျားရဲ့စစ်ဆင်ရေးစွမ်းရည်တွေက အတော့်ကိုပြောင်မြောက်ပါတယ်။ ခင်ဗျားကျွမ်းကျွမ်းကျင်ကျင်ကစားဖို့ စိတ်ဝင်စားပါသလား”
“ဟယ်လို ခင်ဗျား e-sports ကစားသမား ဖြစ်ချင်စိတ်ရှိမလား သိချင်လို့ပါ။ ကျွန်တော်က CIPကလပ်ကဖြစ်ပြီး ကျွန်တော်တို့ကလပ်က ကင်းထောက်လိုအပ်နေလို့ပါ။ ခင်ဗျားကင်းထောက်နေရာ အတော်ကောင်းကောင်းကစားနိုင်တယ်။ ဘာလို့အစမ်းလေ့ကျင့်ရေးအတွက် ကျွန်တော်တို့ဆီမလာတာလဲ။ ကျွန်တော်တို့ ခင်ဗျားကို လေးလေးနက်နက် ဖိတ်ကြားနေတာပါ။ ခင်ဗျားလာရင် အစမ်းလေ့ကျင့်ရေး အောင်သွားရင် အတိအကျလစာကို ဆွေးနွေးနိုင်ပါတယ်”
“ဟယ်လို၊ ကျွန်တော်က REDကလပ်ရဲ့ ကင်းထောက်ပါ…”
ကျန်းရှောင်ယွီ: “???”
ဤကလပ်များမှာ တကယ်ပင် လက်ဦးမှုရယူချင်ခဲ့ကြသည်။
သူသည် ပိုင်ဖန်းအား ဖမ်းရန် ကင်းထောက်ဖြစ်ချင်ယောင်ဆောင်ခဲ့သော်လည်း ရလဒ်အနေနှင့် သူသည် ‘ကင်းထောက်အစစ်များ’အား ရန်စပေးလိုက်သည်။
သူတို့သည် အနည်းငယ်တည့်တိုးဆန်ပုံပေါ်သည်။ သူတို့သည် လက်ရွေးစင်အသင်းနည်းကြကိုပင် ချန်မထားပေ။
သို့သော်ကင်းထောက်များသည် Fred ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ ထိုင်မနေသင့်ပေ။ ပိုင်ဖန်းသည် ဤကလပ်များအား ငြင်းဆန်ခဲ့သည်မှာ ကြာပြီး ကလပ်များမှာလည်း သူ၏လက်ရှိတန်ဖိုးအရ သူ့အားအရမယူနိုင်ပေ။ ထိုသို့ဆိုလျှင် သူတို့သည်သူ့အား မည်ကဲ့သို့ သိသနည်း။
ကျန်းရှောင်ယွီသည် သံသယများနှင့် အင်တာနက်ပေါ် ရှာလိုက်သည်။ ရလဒ်မှာ Weibo ၏အဓိကစာမျက်နှာပေါ်တင်ထားသည့် ဗီဒီယိုတစ်ခုဖြစ်သည်။
#နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူမှာ နိုင်ငံတကာကျွမ်းကျင်ကစားသမားအားသတ်ရန် ဆန်းကြယ်သောသူဌေးနှင့်အသင်းဖွဲ့ခဲ့သည်#
ကျန်းရှောင်ယွီသည် Weibo ပို့စ်အားနှိပ်လိုက်ကာ ၎င်းသည်သူနှင့်ပိုင်ဖန်း နေ့လယ်ကနိုင်ငံတကာဆာဗာပေါ်ကစားကာ ရောဘတ်နှင့်ကင်မင်ဂျီဆီ ရောက်သွားသည့် ဗီဒီယိုဖြစ်သည်။
ထိုအချိန်၌ တောင်ကိုရီးယား ကစားသမား ကင်မင်ဂျီမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေခဲ့သည်။ တောင်ကိုရီးယားမှ တရုတ်ကျောင်းသားများမှာ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုကိုမြင်ကာ Fred ၏တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မြင်ခဲ့သောကြောင့် သူတို့သည် ဗီဒီယိုကိုမှတ်တမ်းတင်ကာ အွန်လိုင်းပေါ်တင်ခဲ့သည်။
၎င်းသည် ကစားပွဲ၏အဓိက မီးမောင်းထိုးပြထားခြင်းဖြစ်သည်။ သွေးထွက်သံယို အသံသက်ရောက်မှုနှင့် ခေါင်းသို့ပစ်ချက်၏ အမြင်သက်ရောက်မှုမှာ အတော်လှပသည်။
မှတ်ချက်နေရာမှ ပရိသတ်များစွာမှ အော်နေကြသည်။ “သူဌေးနဲ့ Fred ကအရမ်းအားကောင်းတာပဲ။ သူတို့ကင်မင်ဂျီကို တကယ်အနိုင်ယူခဲ့တာ”
“ကင်မင်ဂျီက ကမ္ဘာပေါ်မှာ အားအကောင်းဆုံးကင်းထောက် မဟုတ်ဘူးလား။ နောက်ဆုံးတော့ သူကဆန်းကြယ်တဲ့သူဌေးကြောင့် ဓားနဲ့ထိုးသတ်ခံရတာလား”
“ငါက အမေရိကန်က ကျောင်းသားပါ။ Robert444က ရောဘတ်ရဲ့နောက်အကောင့်တစ်ခုပဲ။ သေချာတယ်”
“သေစမ်း၊ ဒါဆိုသူဌေးနဲ့ Fredက ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်နှစ်ယောက်ကို သတ်ခဲ့တာလား”
“သူဌေးရဲ့ စွမ်းရည်တွေက လက်ရွေးစင်အသင်းရဲ့ တက်သစ်စတစ်ချို့ထက် ပိုကောင်းသေးတယ်။ @China Gun King’s National Team လာပြီး အရှက်မရှိကြည့်ပါဦး”
“အစ်ကိုဖန်း ရောဘတ်ကို တစ်ချက်နဲ့ပစ်သတ်တာကို မြင်ရတာ မိုက်တယ်ဗျာ။ အား ငါဒီလို လန်းဆန်းတာမျိုး မခံစားရတာ ကြာပြီပဲ”
ဗီဒီယိုမှာ အချိန်အတိုလေးအတွင်း ကျယ်ပြန့်စွာ ပြန်ပို့စ်တင်ထားသည့်အတွက် ၎င်းသည်မေဂျာကလပ်များမှ ကင်းထောက်များ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤကင်းထောက်များမှာ Fred၏ တိုက်ရိုက်ထုတ်လွှင့်မှုမှတ်တမ်းကို ကြည့်ရန်သွားခဲ့ကြသည်။ ထို့နောက်သူတို့သည် ကျန်းရှောင်ယွီ၏ စာရင်းသွင်းထားသောအကောင့်ကိုရှာတွေ့ကာ သူသည်ကျွမ်းကျင်စွာ ကစားရန် စိတ်ဝင်စားသလားဟု အမေးခံရသည်။
ကျန်းရှောင်ယွီသည် ရယ်ရမလား ငိုရမလားမသိပေ။
သူ့တပည့်ကျော်ကြားမှုမှာ အလွန်မြင့်သည်။ မည်သည့်အဆင့်တိုက်ပွဲမဆို မှတ်တမ်းတင်ခံရကာ ထိပ်တန်းရှာဖွေမှုသို့ တွန်းပို့ခံရမည်။
သို့သော် ဤဗီဒီယိုသည် ထိပ်တန်းရှာဖွေမှုသို့ အဘယ်ကြောင့်ရောက်သွားရသည့် အကြောင်းအရင်းမှာ သူနှင့်ပိုင်ဖန်းသည် ရိုးရှင်းသော အဆင့်ပြိုင်ပွဲကို ကစားခဲ့သောကြောင့်မဟုတ်ပေ။
သူတို့သည် နိုင်ငံခြားကျွမ်းကျင်ကစားသမားများကို အနိုင်ရခဲ့အသည့်အချက်ဖြစ်သည်။
အချိန်အတော်ကြာ ပြည်တွင်းလူထုအမြင်မှာ သူတို့သည် နိုင်ငံခြားကစားသမားများအား အနိုင်မရနိုင်ဘဲ သူတို့ရှုံးလိမ့်မည်ဟူ၍ဖြစ်သည်။
သို့သော် ဤကစားပွဲတွင် ဆရာနှင့်တပည့်ကြား ပူးပေါင်းမှုမှာ အမေရိကန်နှင့် တောင်ကိုရီးယား လက်ရွေးစင်အသင်းများမှ ကစားသမားနှစ်ယောက်ဖြစ်သည့် ရောဘတ်နှင့်ကင်မင်ဂျီတို့အား အနိုင်ရသွားခဲ့သည်။
ယနေ့အနိုင်ရခြင်းသော့ချက်မှာ အသင်းနှစ်သင်းလုံး မည်သည့်အချိန်မဆို ဆက်သွယ်နိုင်သည့်အတွက်ဖြစ်သည်။ ပိုင်ဖန်းသည် တိုက်ရိုက်စကားပြောကာ နောက်ဆုတ်နိုင်၊ ပြန်တိုက်နိုင်ကာ ပို၍သက်ရောက်မှုရှိစွာ ပူးပေါင်းနိုင်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့မှ ကစားသမားနှစ်ယောက်မှာ တူညီသည့်ဘာသာစကားမပြောဘဲ ဂိမ်းစည်းချက်အား သူတို့၏နားလည်မှုမှာ တသမတ်တည်းဖြစ်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အနိုင်ရခဲ့သည်။
ဤသည်မှာ တရုတ်နိုင်ငံမှကစားသမားများသည် ကမ္ဘာ့အဆင့်ကျွမ်းကျင်ကစားသမားများကို အနိုင်ရနိုင်သည်ဟု ပြသနေခဲ့သည်။
မှတ်ချက်နေရာတွင် အချို့မကောင်းပြောသည့် ကီးဘုတ်စစ်သည်များ ရှိနေသော်လည်း အင်တာနက်သုံးစွဲသူအများစုမှာ စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့သည် Fred အားကြိုက်၍ချီးကျူးပြီး ဆန်းကြယ်သောသူဌေးမှာ အလွန်အားကောင်းနေသည်။
ဗီဒီယိုမှာ လူအယောက်တစ်သိန်းကျော်ဆှရောက်သွားကာ ကြိုက်နှစ်သက်မှုပိုများသော မှတ်ချက်နှစ်ခုမှာ ထိပ်ဆုံးတွင်ရှိနေသည်။ “လက်ရွေးစင်အသင်းက ဒီအဆင့်ရဲ့တစ်ဝက်သာဆိုရင် ငါနံ့သာပေါင်းကိုမီးရှို့လိုက်မယ်”
“လက်ရွေးစင်အသင်းကလား။ ရယ်စရာမလုပ်နဲ့။ အဲ့ဒီဘာမှမကောင်းတဲ့သူတွေက ရှုံးဖို့အတွက်ပဲ ကမ္ဘာ့စီးရီးကို သွားနိုင်လိမ့်မယ်”
ကျန်းရှောင်ယွီသည် ဤမှတ်ချက်များကို ကြည့်ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။
ကမ္ဘာ့စီးရီးထဲ နှစ်ပေါင်းဆက်တိုက်ကြာ ညံ့ဖျင်းသည့်စွမ်းဆောင်ရည်မှာ ပြည်တွင်းပရိသတ်များအား သေနတ်ဘုရင် လက်ရွေးစင်အသင်းကို ယုံကြည်ချက်ကျဆင်းစေခဲ့သည်။
သို့သော်လည်း အဆင်ပြေသည်။
အခုကစပြီး ငါက မင်းတို့ဆုံးရှုံးသွားတဲ့ ယုံကြည်မှုကို နည်းနည်းချင်းစီ ပြန်တည်ဆောက်ပေးဖို့ ကူညီမယ်။
တစ်နေ့တွင် သေနတ်ဘုရင်လက်ရွေးစင်အသင်းမှာ ကမ္ဘာ့စီးရီးအား ဂုဏ်သိက္ခာရှိရှိ အနိုင်ရလိမ့်မည်။
အခပေးစာစဉ်ကို ဘယ်လိုဝယ်ယူရမလဲ
အခုလက်ရှိ အရောင်းပိုင်း မစသေးတာပါဗျ။