GMC အပိုင်း ၂၃

Chapter 23

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရုတ်တရက်‌အမှောင်ကျသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်နေခဲ့သော အင်တာနက်သုံးစွဲသူများမှာ ရုတ်တရက် အနည်းငယ် ကြောင်သွားခဲ့သည်။

မှတ်ချက်နေရာတွင် မေးခွန်း သ‌င်္ကေတများစွာ ပေါ်လာခဲ့သည်။

[???]

[ငါလိုင်းပျက်တာလား ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်သူက လိုင်းပျက်သွားတာလား]

[ဖန်သားပြင် မည်းမည်းကြီးပဲ။ ငါတို့လို အထူးပုဂ္ဂိုလ်အဖွဲ့ဝင်တွေ မမြင်နိုင်တဲ့အရာ တစ်ခုခုများရှိနေတာလား]

[ဖန်သားပြင်က တိုက်ရိုက်ထုတ်လွှင့်သူနဲ့ သူဌေးကြား ဒုတိယအချီမှာ ပြတ်သွားတာပဲ။ ဒါကသူဌေးနဲ့ သီးသန့်‌ အပေးအယူလုပ်တော့မလို့လား]

[Fred မင်းတိုးတိုးတိတ်တိတ် ဘာလုပ်နေတာလဲ။ တင်ပြစမ်း]

ပိုင်ဖန်းသည် ဤအကြိမ်၌ သူ၏သူငယ်ချင်းများကဲ့ရဲ့မှုကို အာရုံစိုက်ချင်စိတ်မရှိပေ။ ရူးကြောင်ကြောင် အကြံဉာဏ်တစ်ခု သူ၏စိတ်ထဲ ပေါ်လာခဲ့သည်။

ဤသူဌေး—ရင်းနှီးသည့်အသံ၊ ရင်းနှီးသည့် လှုပ်ရှားမှု နေရာယူခြင်းနှင့် ‌ရင်းနှီးသည့်စည်းချက်။ အရာအားလုံးမှာ သူ၏ဆရာနှင့် အတော်တူနေခဲ့သည်။

ပထမပွဲ၌ ဆရာမှာ တစ်ချိန်လုံး ဘာမှမလုပ်ဘဲ ဘာကိုမျှမမြင်ရပေ။ ထို့နောက် ဒုတိယပွဲတွင် သူဌေး၏ရုတ်တရက် နှစ်ကြိမ်သတ်ဖြတ်မှု သို့မဟုတ် လူနှစ်ယောက်ပူးပေါင်းသည့် အပြိုင်ရှာဖွေမှု နည်းပညာဖြစ်စေကာမူ…

အရာအားလုံးမှာ ပိုင်ဖန်းအား ACE ၏ လေ့ကျင့်ရေးခန်းထဲသို့ ပြန်သွားစေကာ ရင်းနှီးသည့်ပုံရိပ်ကို မြင်စေရန် တွေးစေခဲ့သည်။

“အရှိန်က‌ နှေးတယ်”

“မင်းရဲ့ တည်နေရာကို အာရုံစိုက်”

မှတ်ချက်များပင်လျှင် သပ်ရပ်ကာရိုးရှင်းနေခဲ့သည်။ သူသည်စကားလုံးများအား ရွှေကဲ့သို့တန်ဖိုးထားသည်။ ထိုလူဖြစ်နိုင်သည်လား။

ပိုင်ဖန်း၏စိတ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး ကီးဘုတ်ပေါ်မှ သူ၏လက်များမှာ အနည်းငယ် တုန်ခါနေသည်။ သူ၏ခန့်မှန်းချက်မှန်သည်လား မသေချာဘဲ သူဌေးအား ‘ဆရာ’ဟု အလျင်စလိုမခေါ်ရဲပေ။ ထို့ကြောင့်သူသည် စစ်ဆေးရန် စာပို့ခဲ့သည်။

တစ်ဖက်လူမှာ ပြန်စာမပို့ခင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေခဲ့သည်။

7766501: ?

7766501: လက်ဆောင်တွေပေးပြီးတော့ ငါကငါ့နာမည်ကိုပါ တင်ပြရမှာလား။

ပိုင်ဖန်းသည် အမြန်ပြန်ဖြေလိုက်သည်: အဲ့လိုပြောတာမဟုတ်ပါဘူး။ သူဌေးကအရမ်းသန်မာတယ်လို့ ကျွန်တ်ေုထင်လို့ပါ။ ခင်ဗျားက ကျွမ်းကျင်ကစားသမားလို့တောင် ထင်ခဲ့တာ~”

7766501: အိုး ငါကတကယ်တော့ e-sports ကင်းထောက်ပါ။

7766501: မင်းကျွမ်းကျွမ်းကျင်ကျင် ကစားတာကို စိတ်ဝင်စားလား။

ပိုင်ဖန်းမှာ လန့်သွားသည်။ e-sports ကင်းထောက်တဲ့လား။

E-sports စက်ဝန်းတွင် အွန်လိုင်းကစားပွဲထဲမှ သူတို့၏ e-sports အရည်အသွေးကို စစ်ဆေးကာ ကောင်းစွာကစားသော အပျော်တမ်းများအား ရှာဖွေရာတွင် အထူးပြုသည့် ကင်းထောက်အချို့ အမှန်တကယ်ပင် ရှိနေခဲ့သည်။ သူတို့သည် အလားအလာကောင်းသော မျိုးစေ့ကို ရှာတွေ့သည်နှင့် သူတို့သည် ကျွမ်းကျင်ကစားသမားဖြစ်ရန် စာချုပ်မချုပ်မီ လူငယ်လေ့ကျင့်သူများအဖြစ် ကလပ်များသို့သွားပြီး တစ်နှစ်ခွဲစာ လေ့ကျင့်ရေးလုပ်ရန် အကြံပေးလိမ့်မည်။

မေဂျာကလပ်များအားလုံးတွင် ကစားပွဲထဲမှ လူများရှာရန် တာဝန်ရှိသော ကင်းထောက်များရှိနေခဲ့သည်။ ပိုင်ဖန်းသည် ယခင်က ဤကဲ့သို့ကင်းထောက်မျိုးကို ကြုံတွေ့ခဲ့ဖူးသည်…

သို့သော် ဤသူဌေးမှာ မည်ကဲ့သို့ ကင်းထောက်ဖြစ်နိုင်မည်နည်း။ ကင်းထောက်မှာ အလွန်သန်မာလျှင် ကလပ်၏ကစားသမားများမှာ မည်မျှလောက်အားသန်ရမည်နည်း။ ပိုင်ဖန်းသည် ဤလူ၏သရုပ်မှန်ကို မယုံဘဲ တွေဝေစွာ စကားပြောခဲ့သည်။

Sniper002: သူဌေးက တကယ်ကင်းထောက်လား~

Sniper002: ဘယ်ကလပ်လဲ။

7766501: ငါကိုယ်ပိုင်ကလပ် တည်ထောင်ချင်လို့။ မင်းလာမလား။

Sniper002: ခင်ဗျားရဲ့ ကိုယ်ပိုင်ကလပ် တည်ထောင်မယ်တဲ့လား။ သူဌေးက ရဲရင့်တာပဲ။

Sniper002: ဒါပေမယ့် အချိန်တစ်ခုထိ ကျွန်တော်ကျွမ်းကျွမ်းကျင်ကျင် ကစားဖို့ အစီအစဉ်မရှိဘူး။

ကွန်ပျူတာ‌ရှေ့မှ ကျန်းရှောင်ယွီသည် မျက်ခုံးပင့်လိုက်သည်။

အချိန်တစ်ခုထိ အစီအစဉ်မရှိဘူးတဲ့လား။

ယနေ့စစ်ဆေးမှုမှတစ်ဆင့် ရှောင်ပိုင်း၏စွမ်းရည်မှာ မကျသွားသည်ကို ကျန်းရှောင်ယွီတွေ့ရှိခဲ့သည်။ သူသည် အရင်ကထက် ပို၍တိုးတက်လာသည်ဟူ၍ပင် ပြောနိုင်သည်။

ကျွမ်းကျင်ကစားသမားပင်လျှင် အချိန်အတော်ကြာ လေ့ကျင့်ရေးပစ်ထားကာ ဂိမ်းကစားရန် ရုတ်တရက်ဆွဲခေါ်ခံရလျှင် ‘လက်များအေးခဲ’သည့် အခြေအနေရှိကာ စည်းချက်အား အမီလိုက်နိုင်မည်မဟုတ်ပေ။

သို့သော် ရှောင်ပိုင်းမှာ အမီလိုက်ခဲ့သည်။သူသည် ကမ္ဘာ့အဆင့်မီ သေနတ်ပစ်သမားကို ရင်ဆိုင်ခဲ့သော်လည်း အခွင့်အရေးကိုချက်ချင်း ဆုပ်ကိုင်ကာ ကျန်းရှောင်ယွီ‌ အသေခံရန်ထွက်သွားသည့် အချိန်တွင် ရန်သူကိုပစ်သတ်ခဲ့သည်။

ဤကဲ့သို့ လျင်မြန်သည့်တုံ့ပြန်မှုအမြန်နှုန်းအတွက် တစ်ခုတည်းသောဖြေရှင်းချက်မှာ နှစ်ပေါင်းများစွာကြာ သူသည် လေ့ကျင့်ရေးအား မစွန့်ပယ်ခဲ့သောကြောင့်ဖြစ်သည်။ သူသည်သူ့ကိုယ်သူ ကျွမ်းကျင်ကစားသမား၏ အဆင့်မြင့်မြင့်ကို ထိန်းသိမ်းထားရန် သူ့ကိုယ်သူတောင်းဆိုထားပြီး သူ၏အခြေခံစွမ်းရည်များမှာ အလွန်တောင့်‌တင်းနေခဲ့သည်။ ဤသည်မှာ ချက်ချင်းတုံ့ပြန်မှုနှင့် သင်ယူထားသောတုံ့ပြန်မှုကဲ့သို့ ကြွက်သားမှတ်ဉာဏ်များ ဖြစ်စေခဲ့သည်။

ကျွမ်းကျင်ကစားသမားများ၏ လေ့ကျင့်မှုမှာ အတော်ပျင်းစရာကောင်းသည်။ နေ့တိုင်းသူတို့သည် ဆက်တိုက် တိုက်ပွဲနယ်မြေထဲတွင် ပစ်မှတ်များအား လှုပ်ရှားခြင်း၊ ပစ်ခြင်းတို့ကို လေ့ကျင့်ရသည်…

တစ်ခါတစ်ရံ သူတို့သည် နာရီပေါင်းများစွာ လေ့ကျင့်ရသည်။ အချို့‌လူငယ်ကစားသမားများမှာ ‌နည်းပြ၏အထူးကြပ်မတ်မှုရှိသော်လည်း မပျင်းဘဲမနေနိုင်ခဲ့ပေ။

သို့ဖြစ်လျှင် မည်သူမျှကြီးကြပ်ခြင်း မရှိဘဲ အသိစိတ်နှင့်လေ့ကျင့်ခြင်းမှာ မည်သို့နည်း။ ပိုင်ဖန်းသည် မည်ကဲ့သို့ သည်းခံနိုင်သနည်း။ အဘယ်ကြောင့် သူသည်ကျွမ်းကျင်တစ်ယောက်ကဲ့သို့ ဆက်တိုက်လေ့ကျင့်နေခဲ့သနည်း။ သူသည်စိတ်မပါ‌ဘူးလား။

ကျန်းရှောင်ယွီသည် ကျွမ်းကျွမ်းကျင်ကျင် ကစားရန် သတိနှင့်အကြံပေးခဲ့သည်။ ပိုင်ဖန်း၏စာပြန်မှုမှာ သူထင်ထားသကဲ့သို့ ဖြစ်နေသော်လည်း သူ့အား ပို၍စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

7766501: အချိန်အတိုင်းအတာ တစ်ခုထိလား။

7766501: အနာဂတ်မှာတော့ ကျွမ်းကျွမ်းကျင်ကျင်ကစားဖို့ စီစဉ်ထားလား။

ဤအချိန်တွင် ပိုင်ဖန်းသည် အချိန်အတော်ကြာ စာမပြန်ခဲ့ပေ။ ကျန်းရှောင်ယွီမသိခဲ့သောအချက်မှာ ဤအခိုက်အတန့်တွင် ပိုင်ဖန်းသည် ACE အသင်းမှ သူ၏သူငယ်ချင်းဟောင်းများအား စာပို့နေခဲ့သည်။

Fred: အစ်ကိုယယ်၊ ကျွန်တော့်ဆရာဘယ်မှာလဲ သိလား။

Fred: အစ်ကိုကျိုး၊ ကျွန်တော့်ဆရာဘယ်မှာလဲ သိလား။

Fred: လောင်လင်း၊ ကျွန်တော့်ဆရာဘယ်မှာလဲ သိလား။

ပိုင်ဖန်း၏စာများအတွဲလိုက် လက်ခံရရှိသည့်လူတစ်စုမှာ ဤအချိန်၌ လက်‌ရွေးစင်အသင်း၏ လေ့ကျင့်ရေးခန်းထဲတွင် လေ့ကျင့်နေခဲ့ကြသည်။

ယယ်ကျီမှာ သီးသန့်စာတစ်စောင်ကို တွေ့ရှိခဲ့သည့် ပထမဆုံးသောသူဖြစ်သည်။ သူသည်အမြန်အသံတိုးကာ သူ၏ဘေးတွင်လူနှစ်ယောက်ထိုင်နေသည်ကို မေးခဲ့သည်။ “သေစမ်း၊ ရှောင်ပိုင်းကရုတ်တရက် သူ့ဆရာအကြောင်းမေးခဲ့တယ်။ အစ်ကိုယွီက သူ့တပည့်ကို အနိုင်ကျင့်ဖို့ သွားကစားနေတာလား”

ကျိုးယီရန်သည်လည်း သူ၏ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူသည်စာကိုမြင်ကာ မပြုံးရဘဲ မနေနိုင်တော့ပေ။ “ဖြစ်နိုင်တယ်။ မဟုတ်ရင် ပိုင်ဖန်းက သူ့ဆရာအကြောင်းစုံစမ်းဖို့ ရုတ်တရက်ကြီးစာပို့မှာ မဟုတ်ဘူး”

လောင်လင်းမှာ ခေါင်းကိုက်သွားခဲ့သည်။ “ငါတို့ဘယ်လိုစာပြန်ရမလဲ။ ငါဒါကိုရှောင်ပိုင်းဆီကိုဖုံးကွယ်ထားရတာနဲ့ ပတ်သက်ပြီး အမြဲအပြစ်တင်စိတ်ခံစားရတယ်”

ယယ်ကျီသည် အကြံတစ်ခုမတွေးမိခင် စဉ်းစားနေခဲ့သည်။ “အစ်ကိုယွီက ငါတို့ကို အချိန်တစ်ခုလောက် သူကလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်နေကြောင်းကို မပြောသင့်ဘူးလို့ ပြောထားတယ်မလား။ ဒီတိုင်း ငါတို့မသိဘူးပဲပြောရအောင်”

အခြားနှစ်ယောက်မှာ အချင်းချင်းကြည့်လိုက်ကာ ခေါင်းငြိမ့်ခဲ့သည်။ သူတို့သည် စာပြန်ရန် သူတို့၏ဖုန်းများကို အမြန်ဆွဲထုတ်လိုက်သည်။

Ye Zi: ငါမသိဘူး။

Zhou Yiran: ငါမသိဘူး။

Lao Lin: ငါမသိဘူး။

ပိုင်ဖန်း, “……”

ကွန်ပျူတာရှေ့မှ အယ်လ်ဖာမှာ အနည်းငယ် မျက်လုံးမှေးသွားသည်။ သူတို့၏ပြန်စာများမှာ သေသေသပ်သပ်စီရီထားသည်။ သူတို့သည် အတူထိုင်နေကြကာ မည်သို့စာပြန်ရမည်ကို ဆွေးနွေးနေသကဲ့သို့ဖြစ်သည်။

ယယ်ကျင်းမင်၊ကျိုးယီရန်နှင့် လင်းဟောင်ရန် အားလုံးတို့မှာ ဤနှစ်၏သေနတ်ဘုရင် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသည်။

လွန်ခဲ့သည့်အချိန်က လက်ရွေးစင်အသင်းမှာ ကမ္ဘာ့စီးရီး၏ အုပ်စုအဆင့်တွင် အဖြုတ်ခံခဲ့ရသည်။ အိမ်ပြန်ရောက်ပြီးနောက် သူတို့အား ထိပ်တန်းရှာဖွေမှုပေါ် အင်တာနက်သုံးစွဲသူများက ဆူခဲ့ကြသည်။ ပိုင်ဖန်းသည် တိုက်ရိိုက်ထုတ်လွှင့်မှု သို့မဟုတ် အခြားအနေများဖြစ်စေကာမူ သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိနေကာ သူသည် လက်ရွေးစင်အသင်းအတွက် နေရာချန်ပေးကာ မည်သည့်မှတ်ချက်မျိုးမှ မလုပ်ခဲ့ပေ။

ထိုသို့ဆိုလျှင်ပင် ယယ်ကျီမှာဆိုင်းငံ့ခံထားရကာ လောင်လင်းမှာ အနားယူတော့မည်ကို သူသိနေခဲ့သည်။ ကျိုးယီရန်သည် စိတ်ပူစရာအနည်းဆုံးလူတစ်ယောက်ဖြစ်ပြီး နောက်ရာသီတွင်ဆက်ကစားလိမ့်မည်။

လက်ရွေးစင်အသင်း၏နည်းပြကျန်းမှာ နှုတ်ထွက်သွားသောကြောင့် လက်ရွေးစင်အသင်း၏ စီမံမှုမှာ လက်တလောတွင် အတော်သက်သက်သာသာဖြစ်နေလိမ့်မည်ဟု‌ ပြောရန် သင့်တော်သည်။ တနေ့ကပင် သူသည်အချိန်ကုန်ရန် အဆင့်တက်ခြင်းများကစားနေခဲ့သော လက်ရွေးစင်အသင်း၏ကစားသမားများကို တွေ့ခဲ့သည်။ ဤသည်မှာ နည်းပြနှုတ်ထွက်သွားပြီးနောက် ‌စုစည်းနေသောအဖွဲ့မရှိသည်ကို ပြသနေခဲ့သည်။

နေ့လယ်နှစ်နာရီခွဲတွင် ယယ်ကျင်းမင်မှာ များသောအားဖြင့် အိပ်နေတတ်ကာ ကျိုးယီရန်မှာ အေးဆေးဂိမ်းကစားမည်ဖြစ်ပြီး လောဂ်လင်းမှာ အနားယူရန် ပြင်ဆင်နေသင့်သည်။

ယခု သူတို့သုံးယောက်လုံးမှာ တစ်ချိန်တည်း သူ၏စာကိုပြန်ခဲ့သည်။ ၎င်းသည်မည်ကဲ့သို့ အလွန်တိုက်ဆိုင်နိုင်သနည်း။ သူတို့သုံးယောက်လုံးမှာ တစ်ချိန်တည်းသူ၏စာကိုမြင်ကာ တစ်ချက်တည်းတုံ့ပြန်ခဲ့သည်လား။ မဟုတ်မှလွဲရော…

သူတို့သည် အတူတူရှိနေဟန်ပေါ်ကာ အကြောင်းပြချက်အချို့ကြောင့် သူတို့သည် မည်ကဲ့သို့စာပြန်ရမည်ကို ဆွေးနွေးခဲ့ကြသည်။

ပိုင်ဖန်း၏နှလုံးခုန်သံမှာ သူ၏စိတ်ထဲ ပို၍ရှင်းလင်းသည့် ခန့်မှန်းချက်ပေါ်လာသောကြောင့် မြန်လာခဲ့သည်။ သူသည်ယယ်ကျီဆီသို့ စာတစ်စောင်ပို့ခဲ့ပါက ဤလူသည်စာပြန်ရန် အချိန်အတော်ကြာလိမ့်မည်။ ယခုပိုင်ဖန်းသည်သူ၏ဆရာကို ပြောသည်နှင့် ယယ်ကျီမှာ စက္ကန့်ပိုင်းအတွင်း စာပြန်ခဲ့သည်လား။

နတ်ဘုရား Wing တကယ်ပြန်လာခဲ့သလား။

ACE အသင်းမှလူများ အလွန်ပုံမှန်မဟုတ်သည်မှာ ထိုအရာကြောင့်လား။

ပိုင်ဖန်းသည် တိကျသည့်အဖြေရရန် ဤလူသုံးယောက်အား စာတစ်စောင်မပို့ခဲ့ပေ—၎င်းမှာ သူတို့မည်ကဲ့သို့ တုံ့ပြန်မည်ကို ကြည့်ရန်ဖြစ်သည်။

သူတို့၏တုံ့ပြန်ချက်များမှာ သူ၏သံသယများအား သွယ်ဝိုက်ကာ အတည်ပြုပေးခဲ့သည်။

ပိုင်ဖန်းသည် အချိန်အတော်ကြာ အနည်းငယ်ကြောင်နေခဲ့သည်။

ငါးနှစ်ကြာပြီးနောက် ထိုလူမှာလုံးဝပျောက်ကွယ်သွားသည်ဟု သူထင်ခဲ့သည်။

သူသည် နှစ်ပေါင်းများစွာကြာ သူ၏လူငယ်ဘဝအား ဘယ်နှကြိမ်အိပ်မက်မက်နေခဲ့သည်ကို မမှတ်မိနိုင်ခဲ့ပေ။ သူသည် ထိုလူနောက်လိုက်ကာ သူ၏အသံမှာ ‘ဆရာ’ဟု ရှင်းလင်းစွာခေါ်နေခဲ့သည်။ သူသည်ထိုလူဆီမှ ဆရာအဆင့်မည်သို့ကစားရမည်ကို သင်ယူခဲ့ကာ သူ၏သခင်အား သူသည်ထူးချွန်သော ကျွမ်းကျင်ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူ၏ဆရာအားကျိန်ဆိုခဲ့သည်။

နောက်ပိုင်းတွင်သူသည် ထိုမူလကတိကို မဖြည့်ဆည်းပေးနိုင်ဘဲ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် ဖြစ်သွားခဲ့သည်။ ဆရာမှာ သးြအား ဆူမည်လား သူမသိခဲ့ပေ။

ပိုင်ဖန်း၏မျက်လုံးများမှာ ကျန်းရှောင်ယွီထွက်သွားသော မြင်ကွင်းအကြောင်းတွေးမိသောကြောင့် အနည်းငယ် ပူလောင်နေခဲ့သည်။

သူသည်သူ့ကိုယ်သူ ရှုပ်ထွေးသောခံစားချက်များကို ဖိနှိပ်ရန်တွန်းအားပေးခဲ့ကာ ဂိမ်းမျက်နှာပြင်ကိုဖွင့်လိုက်သည်။ သူဌေးမှ အနာဂတ်တွင် ကျွမ်းကျင်ကစားသမားတစ်ယောက်ဖြစ်လာရန် အစီအစဉ်ရှိသလားဟု သူ့အားမေးထားသည့် အခြားစာတစ်စောင်ကို တွေ့ခဲ့သည်။

Sniper002: တောင်းပန်ပါတယ် သူဌေး။ ကျွန်တော်ရေတစ်ခွက်ခပ်ဖို့ သွားနေလို့~

Sniper002: ကျွန်တော်နဲ့ ကျင်းကွန်ရက် စာချုပ်က နောက်နှစ်မှကုန်လိမ့်မယ်။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်သေချာမပြောနိုင်ဘူး။

Sniper002: သူဌေး၊ နောက်တစ်ပွဲဆော့မလား။

7766501: ဆော့မယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ပို၍ပွင့်သွားခဲ့သည်။ ပိုင်ဖန်း၏အင်တာနက်သုံးစွဲသူများဆီသို့ ရှင်းပြချက်မှာ အတူတူပင်ဖြစ်သည်။ “တောင်းပန်ပါတယ်။ ကျွန်တော်ဒီတိုင်းရေတစ်ခွက်ခပ်ဖို့သွားတာပါ။ ကျွန်တော်တို့ဆက်ဆော့မယ်”

အင်တာနက်သုံးစွဲသူများမှာ မှတ်ချက်တွင် Fred အားချက်ချင်း ကြိုဆိုခဲ့ကြသည်။ ကျန်းရှောင်ယွီသည် တစ်ခုခုမှားနေသည်ကိုသတိမထားမိဘဲ အဆင်သင့်ခလုတ်ကို ဆက်နှိပ်ခဲ့သည်။ သူတို့နှစ်ယောက်လုံးမှာ သူတို့၏အသင်းဖော်များနှင့်ရန်သူများတို့ဖြင့် အမြန်ပွဲဖြစ်သွားသည်။

ပိုင်ဖန်းမှာ ပြုံးလိုက်သည်။ “သူဌေး ဒီကစားပွဲမှာ ကျွန်တော်ကင်းထောက်နေရာကစားမယ်။ သူဌေးသေနတ်ပစ်သမားနေရာ ကစားရင်ရော”

ကျန်းရှောင်ယွီသည် ပိုင်ဖန်း၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ လာခဲ့သည်မှာ သူ့တပည့်စွမ်းရည် ကျဆင်းသွားသလားနှင့် သူသည်ယခုထိ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သလား စစ်ဆေးရန်ဖြစ်သည်။ သူသည် ဤသည်ကိုကြားကာ ပြတ်ပြတ်သားသား စာရိုက်လိုက်သည်: မဟုတ်လည်း မင်းပဲသေနတ်ပစ်သမားနေရာဆော့ပြီး ငါမင်းကိုကူညီမယ်။

ပိုင်ဖန်းသည်တွန်းအား မပေးခဲ့ပေ။ “ဟုတ်ပြီ။ ကျွန်တော် သူဌေးပြောတာ နားထောင်မယ်”

‘ကျွန်‌တော့်ဆီက အသိခံရမှာ ကြောက်နေတာလား’

တကယ်တမ်းတွင် သူ့သခင်၏သေနတ်ပစ် ပုံစံမှာ ထူးခြားလွန်းနေခဲ့သည်။

ကစားပွဲအစတွင် ပိုင်ဖန်းသည် သေနတ်ပစ်သမားအား ရွေးထားဆဲဖြစ်သည်။ ဤတစ်ကြိမ်တွင် ကင်းထောက်မှာ အသင်းသားများဆီမှ အလုယူခံရကာ အားဖြည့်သူနှင့် ချေမှုန်းသူတို့မှာလည်း ယူသွားခဲ့သည်။ ကျန်းရှောင်ယွီသည် မတတ်နိုင်ဘဲ ဆေးအကူကိုရွေးချယ်ခဲ့ရသည်။ ဤပြိုင်ပွဲအတွက် ကျပန်းမြေပုံမှာ ရင်းနှီးသည့် Ghost Castle ဖြစ်သော်လည်း သူတို့သည်ဤပွဲတွင် ပုန်းသူများဖြစ်နေခဲ့သည်။ ဤသည်မှာ တိုက်ခိုက်ရန် ပိုခက်ခဲစေသည်။

ကျန်းရှောင်ယွီသည် အစကတည်းက ပိုင်ဖန်း၏အနားမှ လိုက်နေခဲ့သည်။

ဆေးအကူမှာ သေနတ်ပစ်သမားနောက်လိုက်ကာ လူနှစ်ယောက်ပျောက်ကျားတိုက်ပွဲအား တိုက်ခိုက်နိုင်သည်။ ဆေးအကူ၏ကာကွယ်မှုနှင့် သေနတ်ပစ်သမားတွင် အသက်နှစ်သက်ရှိသည်။ လိုအပ်လျှင် ဆေးအကူမှာ ရန်သူအား ထွက်လာရန် အရင်ဦးဆောင်‌သည့်အတွက် သေနတ်ပစ်သမားမှာ ပစ်နိုင်သည်။

အလယ်မှ သေနတ်ပစ်သမားမှာ ကောင်းမွန်သည့် သတိရှိမှုရှိကာ အလယ်ရှိ စောင့်ရှောက်မှတ်တွင် သေနတ်အားတပ်ဆင်ထားခဲ့သည်။ သူတို့အသင်းဖော်သုံးယောက်မှာ များမကြာမီတွင် သေသွားခဲ့ကာ ကျန်းရှောင်ယွီသည် သူတို့အားမကယ်နိုင်ခဲ့ပေ။ သူသည်လက်လျှော့ရန် ဖိအားပေးခံရပြီး ပိုင်ဖန်းကိုသာ တစ်ယောက်တည်း ကာကွယ်နိုင်ခဲ့သည်။

ဤမြေပုံတွင် ပုန်းသူများမှာ ထိုးဖောက်ချင်ပါက သူတို့သည်ရန်သူ၏ သေနတ်ပစ်မှတ်ကို ရှင်းပစ်ရမည်။

ကျန်းရှောင်ယွီသည် အမြန်စာရိုက်လိုက်သည်: ငါသွားပြီး သေနတ်ပစ်သမားကို ဖျားယောင်းလိုက်မယ်။ မင်းကပစ်တဲ့အချိန်ကို အာရုံစိုက်။

ပိုင်ဖန်း ပြန်ဖြေခဲ့သည်, “ ကောင်းပြီ သူဌေး။ ခင်ဗျားသွားပါ ”

သို့သော်…

ကျန်းရှောင်ယွီသည် ကျည်ကာအလင်းဒိုင်းဖြင့် တစ်ဖက်သို့ပြေးသွားကာ တစ်ဖက်အသင်းမှ သေနတ်ပစ်သမားအား ဆွဲခေါ်ခဲ့သည်။

ပိုင်ဖန်းသည် ရန်သူအားသတ်ရန် အခွင့်အရေးကို အမိအရဆုပ်ကိုင်မည်ဟု သူထင်ခဲ့သည်။ နောက်ဆုံးတွင်သူသည် ဖန်သားပြင်ပေါ်မှ စာတစ်စောင်မြင်သောအခါ ခြေနှစ်လှမ်းသာသွားရသေးသည်။

[’Linda’ သည် ‘Sniper002’ အား Balot-Night ကိုအသုံးပြု၍ ပြင်းထန်စွာ အနာတရဖြစ်စေခဲ့သည်။]

ကျန်းရှောင်ယွီ: “?”

အသင်းဖော်ဒေတာဖော်ပြမှုတွင် ပိုင်ဖန်း၏အသက်မှာ ချက်ချင်း၅%သို့ကျသွားကာ သူသည်သေလုမျောပါးအခြေအနေဖြစ်နေခဲ့သည်။ သူ့တွင် အသက်တစ်သက်စာသာ ကျန်တော့သည်။

ပိုင်ဖန်း၏စိတ်ရှုပ်နေသည့်အသံမှာ သူ၏နားထဲဝင်လာခဲ့သည်။ “သူဌေး၊ ကျွန်တော့်ကိုကယ်ပါ~”

ကျန်းရှောင်ယွီ: “……”

ကျန်းရှောင်ယွီသည် သူ၏နားထဲ ညုတုတုအသံကိုကြားသောအခါ ပြတ်ပြတ်သားသား စာရိုက်လိုက်သည်: မင်းအိပ်ရင်းလမ်းထလျှောက်နေတာလား။

ခုနက ကျန်းရှောင်ယွီသည် တစ်ဖက်အသင်းမှ သေနတ်ပစ်သမား၏တည်နေရာအား ရှင်းလင်းစွာဆုံးဖြတ်ပြီးကာ ကျည်ကာအလင်းတန်းဒိုင်းကိုသယ်ကာ ထွက်သွားခဲ့သည်။ ရန်သူသေနတ်ပစ်သမားပေါ်လာသရွေ့ ပိုင်ဖန်းသည်တစ်ဖက်လူအား ချက်ချင်းသတ်နိုင်သည်။ နောက်ဆုံးတွင် ပိုင်ဖန်းသည် ထွက်ရန်အလျင်လိုသွားကာ ရန်သူကြောင့် အသတ်ခံရလုနီးပါးဖြစ်သွားသည်လား။

သူဘာတွေတွေးနေသလဲ။ ကျန်းရှောင်ယွီသည် သူ့အားအချိန်ကို အာရုံစိုက်ရန် သတိမပေးထားခဲ့ဘူးလား။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ ပရိသတ်များမှာ ဤသည်ကိုမြင်သောအခါ ထပ်မံကြောင်သွားခဲ့သည်။

[သေစမ်း။ သူဌေးက Fredကိုဆူနေတာလား။]

[မင်းလမ်းလျှောက်ရင်းအိပ်ပျော်နေတာလားတဲ့။ ဟားဟားဟား။]

[ဟားဟားဟား။ ဒါက Fredအဆူခံရတာကိုမြင်ရတာ ပထမဆုံးပဲ။ ငါဘာလို့နည်းနည်းပျော်နေရတာလဲ။]

[သူဌေးကအရမ်းကြမ်းတယ်။ ငါကြောက်တယ်။]

[သူဌေးရေ သူ့ကိုဆက်ဆူပေးပါ။ သူ့ကိုကြည့်စမ်း။ အသေခံဖို့ထွက်သွားပြီး ဆေးအကူရဲ့အကူအညီကို တောင်းနေတာလား။ သူ့ကိုမကယ်နဲ့။]

[Fred: သူဌေး။ ကူပါဦး။ ကျွန်တော်ဆက်ပြီး လုပ်နိုင်ပါသေးတယ်~]

ပရိသတ်များမှာ ပျော်ရွှင်မှုကြောင့် ရူးသွပ်သွားခဲ့သည်။ ဤသည်မှာ သူတို့သည် ဤကဲ့သို့ရယ်ရသောသူဌေးနှင့် တိုက်ရိုက်ထုတ်လွှင့်သူတို့ကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူဌေးမှာတကယ်ပင် မယဉ်ကျေးပေ။ Fred သည် အကယ်ခံရရန်တောင်းဆိုခဲ့ကာ သူသည်စာကြောင်းတစ်ကြောင်းဖြင့်သာ တိုက်ရိုက်ပြောပစ်ခဲ့သည် “မင်းလမ်းလျှောက်ရင်း အိပ်နေတာလား”

ကျန်းရှောင်ယွီသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မှတ်ချက်နေရာအား မမြင်နိုင်ခဲ့ပေ။ သူသည် ပိုင်ဖန်း၏နေရာယူမှားခြင်းကို အချက်ကျကျ အပြစ်တင်ခဲ့သည်။ ၎င်းသည် ဆေးအကူနှင့် သေနတ်ပစ်သမားကြား အခြေခံအကျဆုံး ပူးပေါင်းမှုဖြစ်သည်။ ဤကဲ့သို့ အဆင့်နိမ့်အမှားမျိုးအား မလုပ်နိုင်ပေ။

နောက်ဆုံးပြိုင်ပွဲ အနိုင်ရပြီးနောက် သူ၏စိတ်ဓာတ်မှာ ကျဆင်းသွားသောကြောင့်လား။ သူသည်ကောင်းစွာတိုက်ခိုက်ချင်စိတ် မရှိသည်လား။

ပိုင်ခန်း၏ခုနက နေရာယူခြင်းအမှားမှာ တမင်တကာဖြစ်နေသည်ကို ကျန်းရှောင်ယွီမသိခဲ့ပေ။ သူသည်သူဌေး၏တုံ့ပြန်မှုကိုသာ စစ်ဆေးနေခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ကွန်ပျူတာရှေ့မှ ပိုင်ဖန်း၏လက်များမှာ အနည်းငယ်တုန်ခါနေခဲ့သည်။ ဤသည်မှာ ရင်းနှီးသည့် စကားပြောကြမ်းခြင်းဖြစ်သည်။

ယခင်က သူသည်သူ၏ဆရာနှင့် အဆင့်တက်ရန်ကစားသောအခါ သူသည်သူ၏နေရာကို အာရုံမထားဘဲ စက္ကန့်ပိုင်းအတွင်း ရန်သူမှသတ်ခြင်းခံခဲ့ရသည်။ ထို့နောက်ကျန်းရှောင်ယွီသည် သူ့အားဤစကားပြောခဲ့သည်။

မင်းလမ်းလျှောက်ရင်းအိပ်ပျော်နေတာလား။

ဤလူမှာ Wingဖြစ်သည်။ သေချာပေါက် သူ၏ဆရာဖြစ်သည်။

ပိုင်ဖန်းသည် ‘သခင်’ဟုခေါ်ချင်စိတ်ကို ချုပ်တည်းကာ သူ၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တုန်လှုပ်နေခဲ့သည်။ “ကျွန်တော်မှားသွားပါတယ် သူဌေး။ ကျွန်တော်ကောင်းကောင်းတိုက်ပါမယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များ: ???

[ခုနက Fred အသံကတစ်ခုခုဖြစ်သွားသလိုပဲ။]

[အမလေး။ သူအဆူခံရပြီးတော့ ငိုတာလား။]

[ဟားဟားဟားဟား Fred။ မင်းလည်းဒီလိုနေ့မျိုးရှိသင့်တယ်။]

[သူဌေးကပြောပြီ: ဒီတိုက်ရိုက်ထုတ်လွှင့်သူက အရမ်းအားနည်းတယ်။ ပိုက်ဆံပြန်အမ်း၊ ပိုက်ဆံပြန်အမ်း။]

[ငါရယ်ရတာ‌သေတော့မယ်။ ဒီသူဌေးက Fred ရဲ့ ရန်သူပဲ။ ငါတိုရဲ့ တိုက်ရိုက်ထုတ်လွှင့်သူကြီး ပြန်မပြောရဲတဲ့အချိန်လည်း ရှိသား~]

သေချာသည်မှာ ပိုင်ဖန်းသည် အဆူခံရသောကြောင့် ငိုနေခြင်းမဟုတ်ပေ။

သူသည် သူ၏အသံအနည်းငယ် မတည်မငြိမ်ဖြစ်သည့် အခြေအနေတစ်ခုထိ အလွန်စိတ်လှုပ်ရှားလွန်းခဲ့သည်။

သူသည် သူ၏အမှားကို သတိထားမိကာ အနည်းငယ်ချောင်းဟန့်လိုက်သည်။ ထို့နောက် ရယ်ကာပြောလိုက်သည်။ “သူဌေး။ ကျွန်တော့်ကိုကူပေးပါ။ ကျွန်တော် ဒီလူကို သတ်နိုင်သေးတယ်”

ကျန်းရှောင်ယွီမှာ မျက်စောင်းထိုးခဲ့သည်။

ကစားပွဲမှ ဆေးအကူမှာ ကျည်ကာအလင်းတန်းဒိုင်းကိုသယ်လာကာ သူ၏တုံးအသောတပည့်အား ကယ်တင်ရန်ပြန်ပြေးလာရသောကြောင့် ကျည်ဆန်များစွာကြား ဖြတ်လာရသည်။

ဆေးအကူ၏ကုသမှုမှာ နေရာတွင်ဖြစ်ပွားကာ ပိုင်ဖန်းမှာ ချက်ချင်းအသက်ပြည့်သွားခဲ့သည်။

တစ်ခဏတွင် အယ်လ်ဖာသည် ရုတ်တရက်သူ၏ကစားပွဲစွမ်းရည် နှိုးဆွလာသည့်ပုံရသည်။ သူသည် MSG-Aurora သို့ပြောင်းလိုက်ကာ ရုပ်တုနောက်အမြန်ရှောင်လိုက်ပြီး သူ၏သေနတ်ပြောင်းဝကိုရွှေ့ကာ ပြတ်သားသည့်ပစ်ချက်ကို ပစ်ခဲ့သည်။

[’Sniper002’ သည် the MSG-Aurora အား ‘Linda’ ကိုခေါင်းသို့ပစ်သတ်ရန် အသုံးပြုခဲ့သည်။]

ရန်သူသေနတ်ပစ်သမားအား ရှင်းပစ်ပြီးနောက် ပိုင်ဖန်းသည် တစ်ခဏချင်းတွင် ရန်သူအသင်းတစ်ခုလုံးအား သတ်ပစ်ရန် လျင်မြန်သည့် ပျောက်ကျားတိုက်ခိုက်မှုများကို သုံးခဲ့သည်။

ကျန်းရှောင်ယွီ: “……”

ဒီအခြေအနေကဘာလဲ။ သူ့တပည့်အဆင့်က ဘာလို့ တက်လိုက်ကျလိုက်ဖြစ်နေရတာလဲ။

ပြိုင်ပွဲအဆုံးတွင် ပိုင်ဖန်းသည် ထပ်မံ၍ အထူးပုဂ္ငိုလ်ဆုကို ရရှိခဲ့သည်။

ပိုင်ဖန်းသည် စိတ်ရင်းနှင့်မေးလိုက်သည်။ “သူဌေး၊ ကျွန်တော်ကစားတာ ဘယ်လိုလဲ”

ကျန်းရှောင်ယွီသည် စာမရိုက်ခင် နှစ်စက္ကန့်ကြာ တွေးတောနေခဲ့သည်: အဆင်ပြေတယ်။

ပိုင်ဖန်းသည်ရယ်လိုက်ကာ သူ၏အသံမှာ တိုး၍ညင်သာနေသည်။ “ခင်ဗျားရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”

၎င်းမှာ ရင်းနှီးသည့် ‘အဆင်ပြေတယ်’ ဖြစ်သည်။

ဆရာ၊ နောက်ဆုံးတော့ ပြန်လာပြီပဲ။

စာရေးသူတွင် ပြောစရာတစ်ခုရှိသည်:

Fred: ကျေးဇူးပြုပြီး ကျွန်တော့်ကို စုံထောက်လေးပိုင်ဖန်းလို့ခေါ်ပေးပါ။

GMC
Author: GMC
Private: ရွှေအဆင့်နည်းပြ

Private: ရွှေအဆင့်နည်းပြ

GMC, Our Omega Coach is Gold-Class, 金牌教练(电竞)
Score 9
Status: Ongoing Type: Author: , Artist: , Released: 2022 Native Language: Chinese
အညွှန်း တရုတ်ပြည်နယ်တွင် သေနတ်ဘုရင်အတွက် ပရိုလိဂ်‌တွင် ပါဝင်ခဲ့သော Wing ဟုအမည်ရသည့် ဂန္တဝင်ကစားသမားတစ်ဦး ရှိခဲ့သည်။ သူသည် သေစေလောက်သော တိကျသေချာမှုနှင့် ယုံကြည်ချက်အပြည့်ဖြင့် သူ၏ရိုက်ချက်များဆီသို့ ကျရောက်ခဲ့သည်။ သူ၏ဦးဆောင်မှုအောက်တွင် အသေးစားလိဂ်ရှိ အဆင့်နိမ့်အသင်းတစ်သင်းမှာ မေဂျာလိဂ်သို့ တက်ရောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် နှစ်စဉ်ချန်ပီယံဆုအား ဆွတ်ခူးခဲ့ပြီး သမိုင်းတစ်လျှောက် အသန်မာဆုံးမြင်းနက်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့သော် Wingမှာ ချန်ပီယံဆုအားရယူပြီးနောက် အနားယူလိုက်ကြောင်း ရုတ်တရက် ကြေငြာခဲ့သည်။ အင်တာနက် သုံးစွဲသူများစွာမှာ သူ၏အနားယူခြင်းအတွက် အကြောင်းပြချက်များအပေါ် ထင်ကြေးပေးခဲ့ကြသည်။ သူသည် “ဖယ်ရိုမုန်းရောဂါ”အား ခံစားနေရသော အိုမီဂါတစ်ဦးဖြစ်နေသည်ကို မည်သူမျှမသိခဲ့ပေ။ ငါးနှစ်ကြာပြီးနောက် တရုတ်လက်ရွေးစင်အသင်းသည် သေနတ်ဘုရင်ကမ္ဘာ့ချန်ပီယံရှစ် ပထမအဆင့်တွင် ပြုတ်သွားခဲ့သည်။ နိုင်ငံအသင်းနည်းပြမှာ ဖိအားများအောက် ချက်ချင်းနှုတ်ထွက်ခဲ့သည်။ အကျပ်အတည်းကာလတွင် Wingဟု တစ်ချိန်က လူသိများခဲ့သော ကျန်းရှောင်ယွီသည် တရုတ်နိုင်ငံသို့ ပြန်လာပြီး နိုင်ငံအသင်းနည်းပြ ရာထူးကို အပ်နှင်းခံရသည်။ လက်ရွေးစင်အသင်းမှာ တစ်ဦးနှင့်တစ်ဦး လုံးဝမသင့်မြတ်သော ကစားသမားကောင်းများနှင့် ဆိုးသောကစားသမားများတို့ဖြင့် ရောနှောနေခဲ့သည်။ အထူးသဖြင့် တွေ့ဆုံသည့်အခိုက်အတန့်၌ စကားများရန်ဖြစ်သည့် အယ်လ်ဖာများအတွက် အထူးမှန်ကန်သည်။ လက်ထောက်မှာ စိုးရိမ်စိတ်များ ပြည့်နေခဲ့သည်။ “ဒီဘုရင်တွေကို ဘယ်လိုမှ ထိန်းလို့မရဘူး” ကျန်းရှောင်ယွီ: “ရတယ်။ သူတို့လေ့ကျင့်ဖို့ကို ငါ့လက်ထဲသာအပ်လိုက်” ထို့ကြောင့် နည်းပြကျန်းသည် သူ၏ဆိုးရွားစွာပြောတတ်သည့်ပုံစံကို စတင်ခဲ့သည်။ “ဒါကလက်ရွေးစင်အသင်းမှာရှိတဲ့ ကစားသမားတစ်ယောက်ရဲ့အဆင့်အတန်းလား” “မင်းတို့နဲ့ကစားဖို့ ဇာတ်ညွှန်းတွေတောင် လိုသေးရဲ့လား။ ပေါ့ပေါ့ပါးပါးဆော့ရင်တောင် ငါမင်းတို့ကိုနိုင်နိုင်တယ်” “မင်းတို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးနေတာလား။ တစ်ယောက်ပြီးတစ်ယောက် အလကားသေပေးနေကြတာလား” “မင်းတို့အခြားသူတွေကိုမနိုင်နိုင်ရင်လည်း ဂိမ်းကိုသာဖျက်လိုက်တော့” အခြားသူများအား လေ့ကျင့်ပေးသောအခါ ဘယ်သောအခါမှ ကျိန်ဆိုလေ့မရှိတတ်သော စကားပြောချိုသာသည့် နည်းပြကျန်းသည် သူတို့၏စိတ်အခြေအနေများ မပြိုလဲမချင်း တစ်သင်းလုံးကို ဆူပူခဲ့သည်။ ဤသည်မှာ သူတို့သည် နည်းပြကျန်းမှ သူ့ကိုယ်သူအိုမီဂါတားဆေးများ တိတ်တဆိတ်ထိုးသွင်းနေသည့်မြင်ကွင်းအား မြင်တွေ့ခဲ့သည့်တစ်နေ့မတိုင်ခင်အထိပင်ဖြစ်သည်။ အားလုံးမှာ တစ်စုတစ်စည်းထဲ မှင်တက်သွားခဲ့သည်။ “အဲ့ဒီကြမ်းတမ်းပြီး ရက်စက်တဲ့နည်းပြက တကယ့်ကို အိုမီဂါလား” “သူက အိုမီဂါဆိုရင်တောင် အသင်းလိုက် တိုက်ရင်တောင် အနိုင်ယူလို့ မရနိုင်တဲ့ သူဌေးမျိုးပဲ” ဂိမ်းနတ်ဘုရား: “အကူအညီ‌ တောင်းချင်လို့ပါ။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်တဲ့ စာစီစာကုံး စာလုံးရေ 1000ကို ဘယ်လိုရေးရမလဲ” ကျော်ကြားသည့် တိုက်ရိုက်ထုတ်လွှင့်သူ: “ဒီနေ့ ကျွန်တော် တိုက်ရိုက်မလွှင့်ဘူး။ နံရံကိုပဲ မျက်နှာမူနေပြီး ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မယ်” အပျော်တမ်းဘုရင်တစ်ပါး: “ငါဘယ်သူလဲ။ ငါဘယ်မှာလဲ။ ငါ ဘာလို့ ဂိမ်းတွေကို ကစားနေရတာလဲ။ ငါ့ဘဝကို တကယ် သံသယဖြစ်မိတယ်” အယ်လ်ဖာလူငယ်: “အိုမီဂါဆီက မျက်ရည်ကျရလောက်အောင် အဆူခံရတဲ့အတွေ့အကြုံက ဘာလဲ။ ငါတို့ ပိုငိုလေလေ ပိုပြီးနေသားကျလေလေပဲ” အင်တာနက်သုံးစွဲသူများ: “???” ဘာလို့ ဒီနှစ်လက်ရွေးစင်အသင်းက အဆင်မပြေ ဖြစ်နေရတာလဲ။ +++++

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset