Chapter 19: တိုက်ရိုက်ထုတ်လွှင့်သူ ပိုင်ဖန်း
ပိုင်ဖန်းသည် ကျန်းရှောင်ယွီမှ ကိုယ်တိုင်သင်ကြားခဲ့သည့် တပည့်တစ်ယောက်ဖြစ်သည်။ သူသည် ပိုင်ဖန်း၏အားသန်မှုကို အလိုအလျောက် အလွန်သတိထားမိနေခဲ့သည်။ ပိုင်ဖန်းသည် ပညာရှင်ဆန်ဆန် ဆက်ကစားပါက သူသည်ကမ္ဘာ့အဆင့် သေနတ်ပစ်သမား သေချာပေါက်ဖြစ်နေလိမ့်မည်။
ပိုင်ဖန်းသည် ငယ်လွန်းကာ သူ၏အသက်မွေးဝမ်းကြောင်းထက် ခံစားချက်များနှင့် သစ္စာရှိမှုကို ပို၍အရေးကြီးသည်ဟု သတ်မှတ်ခဲ့သောကြောင့်ဖြစ်သည်။ သူသည် ACE အသင်းနှင့်တိုက်ခိုက်ရန် အခြားအသင်းသို့ မသွားချင်ဘဲ သူ၏အသင်းဖော်ဟောင်းများကို တိုက်ပွဲတွင်မသတ်ချင်ခဲ့ပေ။ သူ၏စိတ်ထဲ၌ ACE အဖွဲ့မှာ သူ့ဆရာ၏ခက်ခဲသည့် ကြိုးစားမှုတစ်ခုဖြစ်ကာ သူ၏အိမ်လည်းဖြစ်နေခဲ့သည်။ ထို့ကြောင့် ခေါင်းမာသည့် ဆယ်ကျော်သက်များမှာ သူ၏အလုပ်အကိုင်ကိုပြောင်းလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်လာခဲ့သည်။
ဂိမ်းကောင်းမွန်စွာ ကစားတတ်သည့်သူများအတွက် ကျွမ်းကျင်သော တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်ခြင်းမှာ e-sports ကျွမ်းကျင်ကစားသမားဖြစ်ခြင်း၏ ကောင်းမွန်သော ပြောင်းလဲမှုတစ်ခုဖြစ်နေခဲ့သည်။
လောင်လင်းသည် နောင်တများနှင့်ပြောခဲ့သည်။ “တကယ်တမ်းတော့ ငါတို့လည်း ပိုင်ဖန်းအပေါ် အရမ်းအားနာနေခဲ့တယ်။ သူကအဲ့တုန်းက အရမ်းငယ်ပြီး လူတစ်စုကိုလည်း စိတ်ဆိုးစေခဲ့တယ်။ သူကျင်းကွန်ရက်နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်က အရမ်းပြင်းပြီး သူရရှိခဲ့တဲ့ ရှယ်ယာကလည်း နည်းတယ်။ အဲ့လိုဆိုရင်တောင် သူကအံကြိတ်ပြီး အသက်ရှင်ခဲ့တယ်။ သူကနေ့ရောညရော တိုက်ရိုက်ထုတ်လွှင့်ပြီး တစ်နှစ်အတွင်းမှာပဲ ကွန်ရက်တစ်ခုလုံးပေါ်မှာ နာမည်အကြီးဆု တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် ဖြစ်လာခဲ့တယ်လေ။ သူကပလက်ဖောင်းနဲ့စာချုပ်အသစ်ချုပ်ပြီး သူ့ရဲ့ဆက်ဆံရေးက ပိုကောင်းလာခဲ့တယ်”
ကျိုးယီရန်မှာ ထပ်ပြောခဲ့သည်။ “သူကနှစ်စဉ်တိုက်ရိုက်ထုတ်လွှင့်သူပွဲတော်မှာ နံပါတ်တစ်ဆုကိုရခဲ့ပြီး သူ့ရဲ့စွမ်းရည်တွေ အားလုံးက နတ်ဘုရား Wing ဆိုတဲ့မင်းဆီက သင်ခဲ့ရတာလို့ လူသိရှင်ကြားပြောခဲ့တယ်။ သူကမင်းကိုအရမ်းချီးကျူးပြီး သူအလေးစားရဆုံး ကစားသမားပါလို့ ပြောခဲ့တယ်”
ကျန်းရှောင်ယွီသည် သူ၏အသင်းသားများ၏ စကားများကို နားထောင်ခဲ့ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။
နှစ်ပေါင်းများစွာကြာ အချင်းချင်းမတွေ့ရသည့်နောက် သူ၏တပည့်ငယ်လေးမှာ တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်တွင် နံပါတ်တစ် ညီငယ်လေးဖြစ်လာကာ ကျော်ကြားမှုအလွန်မြင့်မားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်သူဘဝမှာ ကျွမ်းကျင်ကစားသမားများထက်ပို၍ သက်တောင့်သက်သာဖြစ်နေခဲ့သည်။ အထူးသဖြင့် ထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူများမှာ ဝင်ငွေများသော်လည်း သူတို့၏အချိန်မှာ အလွန်လွတ်လပ်သည်။
ပိုင်ဖန်းအတွက် ဤအချက်ကို နားလည်ရန် မလွယ်ကူလှပေ။ သူသည်သူ၏လက်ရှိ သက်တောင့်သက်သာဖြစ်၍ အပေါ်စီးဆန်သောဘဝပုံစံအား ကျွမ်းကျင်ကစားသမားထပ်မံဖြစ်လာရန် လက်လျှော့လိမ့်မည်လား။
ကျွမ်းကျင်ကစားသမားများမှာ နေ့တိုင်း အချိန်များစွာဖြုန်းရကာ ဆက်တိုက်ရွေ့လျားခြင်းနှင့် ပစ်ခတ်ခြင်းကို လေ့ကျင့်ရသည်။ ၎င်းမှာ ငြီးငွေ့၍ပျင်းစရာကောင်းသည်။ သူတို့သည်လည်း ကစားပွဲအတွင်း ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုခံနိုင်ရည်ရှိရမည်ဖြစ်ကာ သူတို့ရှုံးသောအခါ အဆူခံရလိမ့်မည်…ပိုင်ဖန်းသည် ဆန္ဒရှိလေသလား။
ကျန်းရှောင်ယွီသည် သူ၏စိတ်ထဲ၌ မသေမချာဖြစ်နေခဲ့သည်။
ကျိုးယီရန်သည် ကျန်းရှောင်ယွီ၏အတွေးများကို မြင်ရသည့်ပုံပေါ်ကာ အပြုံးနှင့်ပြောလိုက်သည်။ “အစ်ကိုယွီ၊ စိတ်မပူနဲ့။ ရှောင်ပိုင်းက အမြဲအစ်ကို့ကိုလေးစားတယ်။ အစ်ကိုစကားပြောဖို့ပဲလိုပြီး သူကချက်ချင်း လက်ရွေးစင်အသင်းကို လာလိမ့်မယ်”
ကျန်းရှောင်ယွီသည် ခေါင်းခါပြသည်။ “ငါသူ့ဆရာလိုမျိုး သူ့အပေါ်ဖိအားပေးပြီး သူ့ကိုပြန်လာဖို့ တွန်းအားပေးလို့မရနိုင်ဘူး။ သူကလူကြီးဖြစ်နေပြီးတော့ သူ့ဘဝကို သူကိုယ်တိုင် ဆုံးဖြတ်သင့်တယ်”
ကျိုးယီရန်မှာ အံ့ဩသွားခဲ့သည်။ “အစ်ကိုဆိုလိုတာက သူ့ကိုတိုက်ရိုက်မရှာချင်ဘူးလား”
ကျန်းရှောင်ယွီသည် တည်ငြိမ်စွာပြောခဲ့သည်။ “ငါသူ့ကိုအခွင့်အရေးပေးမယ်။ နောက်နှစ်မတ်လကျင်းပမယ့် တက်သစ်စကြယ်ပွင့်ဖလားယှဥ်ပြိုင်ပွဲက လက်ရွေးစင်အသင်းက စီစဉ်တဲ့ လူထုပြိုင်ပွဲပဲ။ သူကျွမ်းကျင်ကစားသမား ဖြစ်ချင်ရင် အဲ့မှာဝင်ပါပြီး လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရနိုင်တယ်။ သူမပါချင်ရင် သူ့ကိုတွန်းအားမပေးဘူး။ ငါဆိုလိုတာကို နားလည်လား”
သူတို့သုံးယောက်မှာ အချင်းချင်းကြည့်ကာ နားလည်မှုကြောင့် ခေါင်းငြိမ့်လိုက်သည်။ “နားလည်ပါတယ်”
ရှောင်ပိုင်းသည် ACE အတွက် သူ၏အသက်မွေးဝမ်းကြောင်းကို ဖျက်ဆီးပစ်ကာ အောက်ခြေမှ ပြန်စရမည်။ သူသည် ယခုထိပ်တန်းတိုက်ရိုက်ထုတ်လွှင့်သူဖြစ်ပြီး ‘မင်းဆရာက နည်းပြဖြစ်ဖို့ ပြန်လာပြီ။ မင်းလည်း ကျွမ်းကျင်ကစားသမားအဖြစ် ပြန်လာရမယ်’ ဟုပြောခြင်းဖြင့် သူ့အား ပြန်ပေးဆွဲ၍မရနိုင်ပေ။ ဤသည်မှာ ပိုင်ဖနအတွက် မတရားလွန်းပေ။
အားယွီမှာ မှန်ခဲ့သည်။
သူသည် လူကြီးတစ်ယောက်ဖြစ်သည်။ သူ့အားရွေးချယ်ခွင့်ပေးကာ သူ့ဘာသာသူ ဆုံးဖြတ်ပါစေ။
ကျန်းရှောင်ယွီမှာ ညွှန်ကြားလိုက်သည်။ “ငါက လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်လာတာ သူ့ကိုမပြောနဲ့။ ငါသူ့ကိုတိတ်တဆိတ်ချဉ်းကပ်ပြီး သူ့ရဲ့စွမ်းအားတွေနဲ့အတွေးတွေကို သင်ယူလိုက်မယ်။ လက်ရွေးစင်ကစားသမားတွေနဲ့ ဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူတွေရဲ့ လိုအပ်ချက်တွေက လုံးဝမတူဘူး။ သူကအချိန်အတော်ကြာ လေ့ကျင့်တာကို ပစ်ထားပြီး ပြိုင်ပွဲရဲ့ဖိအားကိုလည်း အခုမခံနိုင်လောက်ဘူး”
ပိုင်ဖန်းသည် ငါးနှစ်ကြာ လေ့ကျင့်ရေးမှ ဝေးကွာနေခဲ့သည်။ သူသည် အွန်လိုင်းပရိသတ်များအား စောင့်ရှောက်ပြီးနောက် နေ့တိုင်းအရည်အချင်းစစ် ပြိုင်ပွဲများကို ကစားခဲ့သည်။ သူ၏ဂိမ်းအဆင့်မှာ နိမ့်ကျနေကာ သူသည် ကမ္ဘာ့အဆင့်ကျွမ်းကျင်ကစားသမားများနှင့် ရင်ဘောင်တန်းနိုင်မည်လား မသိနိုင်ပေ။
ကျန်းရှောင်ယွီသည် သူ၏တပည့်အား ရွေးချယ်ခွင့် ပေးလိမ့်မည်။
ထို့အတူပင် သူသည် ပိုင်ဖန်းအား လက်ရွေးစင်အသင်း၏ အဖွဲ့ဝင်အဖြစ် လိုချင်သည်လားကို ပိုင်ဖန်း၏ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဆုံးဖြတ်လိမ့်မည်။
—
ACE အဖွဲ့၏ အသင်းသားဟောင်းသုံးယောက်မှာ ထွက်သွားခဲ့ကာ ကျန်းရှောင်ယွီသည် အတွေးကြောင့် မျက်မှောင်ကြုတ်ကာ သူ၏ခုံနောက်ကို မှီနေခဲ့သည်။
ယခင်က ရှောင်ပိုင်းသည် ACE အဖွဲ့၏တစ်ဦးတည်းသော လူငယ်လေ့ကျင့်ရေးသမားတစ်ယောက်ဖြစ်ခဲ့သည်။ သူသည် သူ့ကိုယ်သူမိတ်ဆက်ရန် အသင်း၏စခန်းသို့ တိုက်ရိုက်သွားဝံ့ကာ သူသည် နတ်ဘုရား Wing ၏ပရိသတ်ဖြစ်ကြောင်းနှင့် နတ်ဘုရား Wing အား သေနတ်ပစ်သမားအဖြစ် မည်သို့ကစားရမည်ကို သင်ယူရန် နတ်ဘုရား Wing အား ရှာချင်နေခဲ့သည်။
လူငယ်လေးမှာ ထိုအချိန်က သူ၏ဒုတိယမြောက်လိင်အဖြစ် မခွဲခြားရသေးပေ။ သူ၏မျက်နှာမှာ မရင့်ကျက်မှုနှင့်ကလေးဆန်မှုတို့ဖြင့် ပြည့်နေဆဲပင်ဖြစ်သည်။ သူ၏ဆံပင်မှာ မီးခိုးဖျော့ရောင် ဆိုးထားကာ စိတ်ကြီးဝင်သည့်ရောဂါ ရှိနေသည့်ပုံပင်။
သို့သော် ကောင်လေး၏မျက်လုံးများမှာ နက်မှောင်၍ ကြည်လင်ကာ သူ၏’ဆရာ’ဟုခေါ်သောအသံမှာ စိတ်ရင်းအမှန်ပင်။ သူသည် ကျန်းရှောင်ယွီအား ချစ်စရာကောင်းသည့် ခွေးကလေးမှာ ၎င်း၏အမြီးကို လှုပ်ခါနေကာ သူ၏သခင်အား သူ့ကိုအထဲသို့ ခေါ်ခိုင်းနေသကဲ့သို့ မော့ကြည့်နေခဲ့သည်။
ကျန်းရှောင်ယွီသည် သူ၏ e-sports အရည်အချင်းအား စစ်ဆေးရန်ခေါ်သွားခဲ့သည်။ တုံ့ပြန်မှုအရှိန်၊ စွမ်းဆောင်နေသော လက်အရှိန်နှုန်း၊ တက်ကြွသည့်အမြင်… စစ်ဆေးမှုများအားလုံးအတွက် ရလဒ်များမှာ အမှတ်ပြည့်ပင်ဖြစ်သည်။
ရှောင်ပိုင်းသည် အရည်အချင်းရှိကာ စိတ်ရင်းမှန်နှင့် သင်ယူချင်သည်ကို မြင်သောကြောင့် ကျန်းရှောင်ယွီသည် သူ့အားခေါ်ထားကာ သူ၏တပည့်အဖြစ် လက်ခံခဲ့သည်။
ရှောင်ပိုင်းသည် သူ့ကိုယ်သူ နတ်ဘုရား Wing ၏အလွန်ကြိုက်သည့် ပရိသတ်အဖြစ် ကြေငြာကာ ကျန်းရှောင်ယွီအား နေ့တိုင်းနောက်သို့လိုက်ခဲ့သည်။ သူ၏အသံသည် ‘ဆရာ’ဟု ခေါ်ကာ သူသည် ကျန်းရှောင်ယွီ၏ လူသားဆွဲသီးနှင့် တူနေခဲ့သည်။
ကျန်းရှောင်ယွီသည် ကိုယ်တိုင်ကိုယ်ကျ သူ့အား မြေပုံဆန်းစစ်ခြင်းမှ နေရာယူခြင်း၊ သေနတ်ပစ်သမား၏ သတိထားချက်များ၊ သေနတ်အား မည်ကဲ့သို့ တပ်ဆင်ရမည်၊ မည်သည့်အချိန်တွင် မှန်ပြောင်းဖွင့်ရမည်အထိ…အားလုံးကို သေချာသင်ပေးခဲ့သည်။
ရှောင်ပိုင်းသည် အလွန်ထက်မြက်ကာလအချိန်အတိုအတွင်း အားလုံးသင်ယူနိုင်ခဲ့သည်။
သူသည် ပြိုင်ပွဲအတွင်း သူ၏ဆရာနောက်လ်ိုက်ကာ ပရိသတ်ထဲတွင် အကျယ်လောင်ဆုံး လက်ခုတ်တီးလိမ့်မည်။ တစ်ခါတစ်ရံ သူသည် အသံချဲ့စက်နှင့် ပရိသတ်ကြားထဲထိုင်ကာ ပရိသတ်များ ‘ ACE အသင်း ကြိုးစားထား ‘ဟု အော်ရန် ဦးဆောင်လိမ့်မည်။
ဤတက်ကြွကာ သွက်လက်သော တပည့်ငယ်လေးမှာ ကျန်းရှောင်ယွီ၏ အမှတ်တရများထဲတွင် အနွေးထွေးဆုံးအရောင်တစ်ခုဖြစ်နေခဲ့သည်။
ပိုင်ဖန်းသည် နှစ်ပေါင်းများစွာအတွင်း ကျန်းရှောင်ယွီမြင်ခဲ့သမျှ အထူးချွန်ဆုံး လူသစ်တစ်ယောက်ဖြစ်ခဲ့သည်။ သူ၏သင်ယူနိုင်စွမ်းမှာ ကြောက်စရာကောင်းစွာ အားသန်နေသည်သာမက ပိုင်ဖန်း၏ အနှစ်ချုပ်အမြင်မှာ ထူးချွန်ကာ သူ၏အနံ့ခံနိုင်စွမ်းမှာ ပါးနပ်လွန်းသည်မှာ ပို၍ရှားပါးနေခဲ့သည်။
သူ၏စွမ်းရည်မှာ သူ့သခင်၏အားပြင်းမှုနှင့် ဆုံးဖြတ်နိုင်မှုမှ အမွေရလာစဥ် သူသည်လူငယ်ဆန်ဆန် ကြမ်းတမ်းမှုနှင့် စိတ်အားထက်သန်မှု ပိုရှိနေခဲ့သည်။
သူသည် သူ၏အသင်းသားများနှင့် ပူးပေါင်းခဲ့လျှင် ‘သေနတ်ပစ်သမားတစ်ယောက်မှာ ကါးခါသတ်နိုင်ခဲ့သည်’ ကိုပင်ရရှိနိုင်သည်။ သူသည် ပြိုင်ပွဲတစ်ခုလုံးအား ခက်ခဲမှုအမြင့်ဆုံး ‘သေနတ်ပစ်သမား အခြေခံ’ ကစားကွက်နှင့် သတ်ပစ်ခဲ့သည်။
အားကောင်းသည့်ခြုံငုံသုံးသပ်မှုနှင့်အတူ စွမ်းရည်ရှိသည်မှာ အလွန်ရှားပါးလှသည်။
၎င်းသည် အဘယ်ကြောင့် ကျန်းရှောင်ယွီမှာ သူအနားယူသောအခါ ခေါင်းဆောင်နေရာကို ပိုင်ဖန်းအားလွှဲပေးခဲ့ရသည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။
ပိုင်ဖန်းသည် ခေါင်းဆောင်ဖြစ်လာပြီး တတ်နိုင်သမျှ တွေ့ကြုံနိုင်မည်ဖြစ်ကာ ပြောင်မြောက်သည့် ကျွမ်းကျင်ကစားသမားတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ကိစ္စများမှာ ကံမကောင်းဘဲ ပိုင်ဖန်းသည် ကျွမ်းကျင်တိုက်ရိုက်ထုတ်လွှင့်သူ၏ လမ်းကြောင်းပေါ် အခြေစိုက်သွားသည်မှာ နှမြောစရာပင်။
—
ကျန်းရှောင်ယွီသည် သူ၏အတွေးများမှ ရုန်းထွက်လာကာ ကွန်ပျူတာကိုဖွင့်ပြီး အင်တာနက်ပေါ်တွင် ပိုင်ဖန်း၏အချက်အလက်ကို ရှာဖွေခဲ့သည်။
သူသည် မကြာခင်တွင် ပိုင်ဖန်း၏ အချက်အလက်အား ရှာတွေ့ခဲ့သည်။
Fred, အမျိုးသားအယ်လ်ဖာ, ACE၏ယခင်ခေါင်းဆောင် Wing၏ တစ်ဦးတည်းသော တပည့်။
ကျင်းကွန်ရက်ပလက်ဖောင်းပေါ် နာမည်အကြီးဆုံးဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူ, ထိပ်တန်းဆယ်ယောက် e-sports တိုက်ရိုက်ထုတ်လွှင့်သူများတွင် အဆင့်တစ်, အွန်လိုင်းမဲပေးခြင်းမှတစ်ဆင့် ‘နာမည်အကြီးဆုံးဂိမ်းတိုက်ရိုက်ထုတ်လွှင့်သူများ’၏စာရင်းတွင် အဆင့်တစ်နှင့် 2022နှစ်စဉ် တိုက်ရိုက်ထုတ်လွှင့်သူပွဲတော်၌ ရွှေတံဆိပ်ဆု၏ အနိုင်ရသူ။
ကျန်းရှောင်ယွီသည် အချက်အလက်ထဲမှ ပုံကိုမြင်သောအခါ ကြောင်သွားခဲ့သည်။
ဤလူသည်များစွာ ရင့်ကျက်လာခဲ့သည်။
ဓာတ်ပုံထဲမှ ငယ်ရွယ်သည့် အယ်လ်ဖာမှာ ဆံပင်နက်တိုတိုနှင့် ရိုးရှင်း၍သပ်ရပ်သော တီရှပ်ကို ဝတ်ဆင်ထားခဲ့သည်။ သူ၏မျက်ခုံးများမှာ ပြေလျော့နေကာ သူ၏နှာခေါင်းရိုးမှာ မြင့်မားနေပြီး သူ၏ပြုံးရယ်နေသည့် မျက်လုံးများမှာ နူးညံ့ကာ နက်ရှိုင်းနေသည်။
သူ၏မှတ်ဉာဏ်ထဲမှ ဆယ်ကျော်သက်လေးမှာ အယ်လ်ဖာအဖြစ် ခွဲခြားသွားပြီးနောက် သူ၏မျက်နှာအသွင်အပြင်များမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာကာ သူသည်ချောမော၍ တောင့်တင်းလာသည်။ သူ၏ဆံပင်ကိုလည်း နဂိုအနက်ရောင်အဖြစ် ဆိုးထားကာ သူသည်ပို၍တည်ငြိမ်နေခဲ့သည်။
သူ၏ချောမောသော အသွင်အပြင်နှင့် ထိပ်တန်းဂိမ်းနည်းပညာမှာ သူသည်ဤကဲ့သို့ ကျော်ကြားမှုမြင့်မားသည်မှာ အံ့ဩစရာမရှိသည်ဟု ဆိုလိုနေသည်။
ကျန်းရှောင်ယွီသည် အကောင့်တစ်ခုဖွင့်ရန် ကျင်းကွန်ရက်ပလက်ဖောင်း၏လင့်ခ်ထဲသို့ ဆက်သွားခဲ့သည်။ ထို့နောက်သူသည် Fred ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို follow လုပ်ခဲ့သည်။ သူသည်တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပုံသေလုပ်ထားသော ကြေငြာချက်ကိုတွေ့ခဲ့သည်: ညနေနှစ်နာရီမှာ ကျွန်တော်ကျင်းကွန်ရက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ပါမယ်။ကျွန်တော်ခင်ဗျားတို့နဲ့ ဆုံကြမယ်။
ဤကြေငြာချက်အောက်တွင် ထောင်ပေါင်းများစွာသော မှတ်ချက်များရှိနေခဲ့သည်။
“နှိုးစက်နာရီကို ဖွင့်ထားပြီးတော့ ခင်ဗျားကိုစောင့်နေပြီနော်”
“အစ်ကိုဖန်းရဲ့ ဟိုတလောက လုပ်ထုံးလုပ်နည်းက အခုထိမြေအောက်ကမ္ဘာလိုပဲ။ သူညနေနှစ်နာရီမှနိုးတာလား”
“သူ မနေ့က မနက်သုံးနာရီ မထိုးမချင်း တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်လေ”
“ရာသီကုန်တော့မှာမို့ သူသန်းခေါင်ကျော်မတိုင်မချင်း နေ့တိုင်းတိုက်ရိုက်ထုတ်လွှင့်နေတာ။ သူထိပ်တန်း၁၀၀ထဲဝင်ပြီး သေနတ်ဘုရင်ရဲ့ ခေါင်းဆောင်ကို ရချင်တာလေ”
“ရာသီတိုင်းမှာ သူကပြည်တွင်းဆာဗာမှာ ထိပ်တန်း၁၀၀ခေါင်းစဉ်ကိုရနိုင်တယ်။ Fred ကတကယ့်ကို နည်းပညာပိုင်းဆိုင်ရာစီးဆင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်သူပဲ”
“သူက ဖျော်ဖြေရေးတိုက်ရိုက်ထုတ်လွှင့်သူမဟုတ်ဘူးလား”
မှတ်ချက်နေရာမှာ အလွန်အသက်ဝင်နေခဲ့သည်။ ကျန်းရှောင်ယွီသည် အချိန်ကိုစိုက်ကြည့်လိုက်သည်။ အတိအကျနှစ်နာရီဖြစ်နေကာ သတိပေးချက်သည် ညာဘက်အောက်ထောင့်နားတွင် ပေါ်ထွက်လာခဲ့သည်: သင် followထားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ Fred က အွန်လိာင်းပေါ်မှာပါ။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ အမှန်တကယ်ပင် အသက်ဝင်နေခဲ့သည်။ ပိုင်ဖန်းသည် အလွန်အချိန်မှန်နေခဲ့သည်။
ကျင်းကွန်ရက်ပေါ် သူ၏အခန်းနံပါတ်မှာ ၁၀၂၄ဖြစ်ကာ အဓိကမျက်နှာပြင်မှာ သေနတ်ဘုရင်၏ ဂိမ်းဖန်သားပြင်ဖြစ်သည်။ ညာဘက်အောက်ထောင့်တွင် တိုက်ရိုက်ထုတ်လွှင့်သူ၏ ကင်မရာချပြထားသည့်ဘောင်ဖြစ်ပြီး ကင်မရာမှာ ဖွင့်ထားခဲ့သည်။
ကျန်းရှောင်ယွီသည် ပိုင်ဖန်း၏ပုံကို မြင်ခဲ့သည်။ ယခုတကယ့်လူမှာ ပေါ်လာကာ ရှောင်းပိုင်သည် ဓာတ်ပုံထက်ပို၍ပင် ကြည့်ကောင်းနေသည်ကို ခံစားမိခဲ့သည်။ ကင်မရာသည် သူ၏မျက်နှာအား နီးကပ်စွာပြထားသည်မှတစ်ပါး မည်သည့်ချို့ယွင်းချက်များကိုမှ မပြသခဲ့ပေ။
ငယ်ရွယ်၍ချောမောသော အယ်လ်ဖာမှာ ကင်မရာထောင့်ကိုချိန်လိုက်ကာ ပြုံးပြလိုက်ပြီး သူ၏အွန်လိုင်းပရိသတ်များကို လက်ပြလိုက်သည်။ “အားလုံးမင်္ဂလာပါ။ ကျွန်တော်ရောက်လာပါပြီ။ ကျေးဇူးပြုပြီးဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်သူ Fred ရဲ့အချိန်တိကျမှုကို ဆက်ချီးကျူးပေးပါဦး”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ချက်ချင်းစာများစွာနှင့် ပြည့်သွားခဲ့သည်။
[အရမ်း အချိန်တိကျတယ်။ ငါမင်းကို၈၂မှတ်ပေးမယ်။ ကျန်တဲ့၁၈မှတ်က မင်းအတွက် အံ့ဩစရာအဖြစ် ဖြန့်ဝေပေးမယ်။]
[ကျွမ်းကျင် တိုက်ရိုက်ထုတ်လွှင့်သူတွေအတွက် အချိန်မှန်တာ သဘာဝပဲမဟုတ်လား။ ချီးကျူးစရာဘာရှိလို့လဲ။ ငါမင်းရဲ့အလှတရားကိုပဲ ချီးကျူးနိုင်မယ်။]
[ငါမင်းရဲ့မျက်နှာအတွက် ၉၉မှတ်ပေးမယ်။ ကျန်တဲ့တစ်မှတ်က မင်းအရမ်းဂုဏ်ဆာသွားမှာကြောက်လို့ပဲ။]
[ယောင်္ကျား၊ ဒီနေ့နေ့လယ် ဘာစားခဲ့လဲ။]
[မိန်းမ ဒီညအထွတ်အထိပ်ပြိုင်ပွဲ ဆော့မှာလား။]
[Fredမှာ ယောင်္ကျားလေးနဲ့ မိန်းကလေးပရိသတ်တွေ ဒီလောက်တောင်များတာလား။ ငါကမတူဘူး။ ငါကဦးနှောက်မရှိတဲ့ ပရိသတ်ပဲ~]
[ငါကပိုပြီးတော့တောင် ထူးခြားတယ်။ သူ့ကိုအဖေလို့ပဲခေါ်လိုက်မယ်။]
မရေမတွက်နိုင်သော မှတ်ချက်များမှာ နှင်းပွင့်များကဲ့သို့ ဖန်သားပြင်ကို ပြည့်နေသည်။
ပိုင်ဖန်း၏မျက်လုံးများမှာ မှတ်ချက်နေရာအား ပြည့်သွားပြီး သူသည် နူးညံ့စွာရယ်လိုက်သည်။ “မအော်ကြပါနဲ့။ ကျွန်တော်ကအခုထိ တစ်ယောက်တည်းပါ။ ကျွန်တော်ဘယ်လိုလုပ်ပြီး ယောင်္ကျားတွေ၊ မိန်းမတွေ၊ သားတွေနဲ့သမီးတွေရှိနိုင်မှာလဲ”
လူတစ်စုမှာ မှတ်ချက်နေရာအား ‘ဟားဟားဟား’ဖြင့် ပြည့်စေခဲ့သည်။
ကျန်းရှောင်ယွီသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ ညွှန်ကြားချက်များကို ကြည့်လိုက်သည်:
[ကြယ်စင်နှစ်ပွင့်သည် VIP အဖွဲ့ထဲသို့ဝင်နိုင်မည်။ ကြယ်စင်ငါးပွင့်မှာ အမှတ်ရရန်သူငယ်ချင်းအဖြစ် ပေါင်းနိုင်သည်။]
ကြယ်စင်၏နာမည်အပြည့်အစုံမှာ ဂလက်ဆီ စစ်သင်္ဘောဖြစ်ကာ ကျင်းကွန်ရက် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ဈေးအကြီးဆုံးဆုဖြစ်ခဲ့သည်။
ကျန်းရှောင်ယွီသည် မျက်ခုံးပင့်ကာ လက်ဆောင်ခလုတ်ကို နှိပ်လိုက်သည်။
[7766501 သည် Galaxy Battleship x10 အား တိုက်ရိုက်ထုတ်လွှင့်သူ Fredဆီသို့လက်ဆောင်ပေးခဲ့သည်။]
[7766501သည် Galaxy Battleship x10 အား တိုက်ရိုက်ထုတ်လွှင့်သူ Fredဆီသို့လက်ဆောင်ပေးခဲ့သည်။]
……
[7766501သည် Galaxy Battleship x10အား တိုက်ရိုက်ထုတ်လွှင့်သူ Fredဆီသို့လက်ဆောင်ပေးခဲ့သည်။]
ဆက်တိုက်စာဆယ်စောင်မှာ ဖန်သားပြင်အား ပြည့်သွားခဲ့သည်။ လှပသည့် ဂလက်ဆီ စစ်သင်္ဘောများ ဖန်သားပြင်ပေါ် ဆက်တိုက်ပေါ်လာခဲ့သည်။ ရွှေရောင်အထူးသက်ရောက်မှုများသည် ပရိသတ်များ၏မျက်လုံးများထဲ တဖျတ်ဖျတ်ပေါ်လာကာ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ပရိသတ်များမှာ ချက်ချင်းကြောင်သွားခဲ့သည်။
ဤသူဌေးမှာ အမှန်တကယ်ပင် ကောင်းသောအကွက်ကို ရွှေ့ခဲ့သည်။ သူတို့သည် ဤလ၏လက်ဆောင်စာရင်းများ၏ ထိပ်သို့တိုက်ရိုက်တက်သွားသည်လား။
[သေစမ်း။ မမျှော်လင့်ဘဲ နတ်ဘုရားကြီးပေါ်လာပြီ။]
[Fred မင်းရဲ့ငွေကြေးထောက်ပံ့သူဒီမှာရောက်နေပြီ။ မင်းဧည့်သည်ကိုခေါ်ဖို့ လာစရာမလိုတော့ဘူး။]
[ဒီနံပါတ်တွေနဲ့အစ်ကိုရေ ကျွန်တော်အစ်ကို့ရဲ့ပေါင်ကို ဖက်ထားလို့ရမလား။]
[ဒီနံပါတ်တွေနဲ့လူက အရမ်းထူးဆန်းတယ်။ သူကသူဌေးအသစ်လား။ ကြိုဆိုပါတယ် သူဌေး။]
[သူလာတာနဲ့ သူကဒီလစာရင်းထိပ်တက်သွားတာလား ဝေါင်း။ ဒါကသူဌေးတစ်ယောက်ရဲ့ စွမ်းအားများလား။]
အဆက်မပြတ်လက်ဆောင်များ ညာဘက်ထောင့်အောက်နားတွင် တက်လာခဲ့သည်။ ပိုင်ဖန်းသည်အလိုအလျောက်မြင်ခဲ့သည်။ သူသည်ချောင်းဟန့်ကာ ပြုံး၍ပြောလိုက်သည်။ “ ‘7766501’ ကို ကြယ်စင်အခု၁၀၀အတွက် ကျေးဇူးတင်ပါတယ်။ သူဌေးက ကြီးစိုးနေပြီ။ သူဌေးကို အခန်းမန်နေဂျာနေရာ အမြန်ပေးလိုက်တော့”
စနစ်: ‘7766501’ အား တိုက်ရိုက်ထုတ်လွှင့်မှု၏ အခန်းမန်နေဂျာအဖြစ် ရာထူးတိုးခံခဲ့ရသည်။
7766501: ကြယ်စင်၅ခုက အဆင့်တွေကစားနိုင်လား။
ပိုင်ဖန်းသည် ပြန်ဖြေခဲ့သည်။ “ဟုတ်ပါတယ် သူဌေး။ ကျွန်တော့်ကို အဆင့်တွေဆီခေါ်သွားမလို့လား။ ဘယ်အဆင့်မှာလဲဗျ”
7766501: နိုင်ငံတကာဆာဗာ အပိုင်း ၂၅၀၀။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များ ရုတ်တရက်ကြောင်သွားခဲ့ကြသည်။
[ဘာ။ နိုင်ငံတကာဆာဗာလား။ အပိုင်း၂၅၀၀တဲ့လား။]
[ငါ ဒီလိုမျိုး အဆင့်မြင့်တဲ့ နိုင်ငံတကာဆာဗာသူဌေးကို တစ်ခါမှမမြင်ဖူးဘူး။]
[ဒါက ရှယ်ရိုက်ချက်ပဲ မဟုတ်ဘူး။ အင်မတန်ကြီးမားတဲ့ လူများလား။]
[ဆရာတော်တော်များများက နိုင်ငံတကာဆာဗာကိုသွားရင် အလုပ်ခံရရော။ ဒီသူဌေးက ပုံမှန်မဟုတ်လောက်ဘူး။]
[ဒီသူဌေးက ကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ အကောင့်နောက်တစ်ခုများလား။]
[မိုက်တယ်။ အစ်ကိုဖန်းမှာ တကယ့်ကိုလေးစားမှုတစ်ချို့ရှိနေတာပဲ။ တစ်ယောက်ကတော့ သူ့ကို နိုင်ငံတကာဆာဗာမှာ အပိုင်း၂၅၀၀သွားဖို့ ခေါ်နေပြီလား။]
နိုင်ငံတကာဆာဗာထဲရှိ အပိုင်း၂၅၀၀မှာ ပြည်တွင်းဆာဗာထက် အလွန်ပိုမြင့်နေသည်။
ပိုင်ဖန်းသည်လည်း တစ်စုံတစ်ယောက်မှာ နိုင်ငံတကာဆာဗာ၏ အဆင့်အပိုင်း၂၅၀၀တွင် သူတို့အားခေါ်လာရန် တောင်းဆိုခံရမည်ဟု မမျှော်လင့်ခဲ့ပေ။ နိုင်ငံတကာဆာဗာမှ ကစားသမားများမှာ ကမ္ဘာတစ်ဝှမ်းမှ လာခဲ့ကြသည်။ ဆရာများစွာလည်းရှိနေပြီး သာမန်လူကစားနိုင်သော တစ်စုံတစ်ခုမဟုတ်ခဲ့ပေ။
ပိုင်ဖန်းသည် အံ့ဩနေခဲ့သည်။ “သူဌေး။ ခင်ဗျားက အပိုင်း၂၅၀၀တောင်ရောက်နှင့်နေပြီ။ ခင်ဗျားတစ်ယောက်ယောက်ကို ခေါ်သွားဖို့ လိုသေးလို့လား။ ရာသီကုန်တော့မယ်။ ခင်ဗျားနိုင်ငံတကာဆာဗာမှာ သေနတ်ဘုရင်ရဲ့ ခေါင်းစဉ်ကို ရချင်တာလား”
7766501: ဟုတ်တယ်။
7766501: ဘယ်လိုလဲ။ မင်းအဆင့်နဲ့ငါ့ကို စောင့်ကြည့်ရဲ့လား။
ပရိသတ်များ ချက်ချင်းမကောင်းပြောကြသည်။
[အစ်ကိုဖန်း၊ သူဌေးကခင်ဗျားကို ရန်စနေတာလေ။]
[သူဌေးကအရမ်းထက်တယ်။ ခေါ်သွားရဲလား။ Fred ငကြောက်မလုပ်နဲ့။]
[ငါတို့အစ်ကိုဖန်း အလျှော့ပေးခဲ့တဲ့ အချိန်ရောရှိရဲ့လား။]
[အဖေ၊အမြန်သွားလေ။ အဖေသေရင် အလောင်းကောက်ပေးပြီး အဲ့လိုနဲ့အဖေ့ပိုင်ဆိုင်မှုတွေ အမွေရမှာပေါ့~~]
ပိုင်ဖန်းသည် ပြုံးလိုက်သည်။ “ကျွန်တော်မခေါ်သွားရဲတဲ့သူမရှိပါဘူး။ သူဌေး၊ နိုင်ငံတကာဆာဗာအကြောင်းပဲမပြောနဲ့။ ခင်ဗျား ဂြိုလ်သားတွေကိုတိုက်ရင်တောင် အားပေးဖို့ ကျွန်တော်လိုက်လာမှာပါ”
ကျန်းရှောင်ယွီ: “……”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များမှာ ‘အရမ်းမိုက်တယ်’ ဖြင့် ဖန်သားပြင်ကို ပြည့်စေခဲ့သည်။
ပိုင်ဖန်းသည် မနောက်တော့ဘဲ အလေးအနက်ပြောလိုက်သည်။ “သူဌေး၊ နိုင်ငံတကာဆာဗာထဲက ခင်ဗျားမှတ်ပုံတင်ပေး။ ကျွန်တော်သူငယ်ချင်းအနေနဲ့ ထည့်လိုက်မယ်”
ကင်မရာထဲတွင် အယ်လ်ဖာ၏ သွယ်လျ၍အားကောင်းသော လက်ချောင်းများမှာ ကီးဘုတ်ပေါ် အမြန်ရိုက်နေခဲ့သည်။ သူသည် နိုင်ငံတကာဆာဗာ၏ ဧည့်သည်အဖြစ်ပြောင်းကာ သူ၏အကောင့်ထဲဝင်လိုက်သည်။ ထို့နောက်သူသည် ကျန်းရှောင်ယွီအား သီးသန့်မိတ်ဆွေလက်ခံမှာကို ပို့လိုက်သည်။
ကျန်းရှောင်ယွီ၏ နိုင်ငံတကာဆာဗာထဲမှအကောင့်မှာ သူကျင်းကွန်ရက်ပေါ် စာရင်းသွင်းထားသော အကောင့်နှင့် တသမတ်တည်းဖြစ်နေသော ဗလုံးဗထွေးနံပါတ်များ ဖြစ်နေခဲ့သည်။ ပိုင်ဖန်း၏ နိုင်ငံတကာဆာဗာထဲမှ နောက်အကောင့်တစ်ခုနာမည်မှာ နံပါတ်နှစ်သေနတ်ပစ်သမားဟု ဆိုလိုသောSniper002 ဖြစ်သည်။
ကျန်းရှောင်ယွီသည် မိတ်ဆွေဖွဲ့မှုကို လက်ခံခဲ့ကာ ပိုင်ဖန်းဖွဲ့ထားသော အဖွဲ့ခန်းထဲသို့ အဝင်ခံခဲ့ရသည်။
“ဟယ်လို သူဌေး။ ကျွန်တော်ပုံမှန်အားဖြင့် သေနတ်ပစ်သမားနေရာပဲ ကစားတယ်။ ခင်ဗျားဘယ်နေရာ ကစားချင်လဲ” ပိုင်ဖန်းသည် အသင်းအသံချန်နယ်တွင် မေးလိုက်သည်။
ကျန်းရှောင်ယွီသည် သူ၏နားကြပ်များကို တပ်ကာ သူ၏နားထဲဝင်ရောက်လာသည့် အသံမှာ နွေးထွေးသော ရယ်မောမှုနှင့် တိုးကာသာယာနေသည်။
အယ်လ်ဖာသည် အသံပြောင်းခြင်းကာလအား ကျော်လွန်သွားကာ သူ၏အသံမှာ ကျန်းရှောင်ယွီ၏မှတ်ဉာဏ်ထဲမှ ချစ်စရာကောင်ငယ်လေးနှင့် လုံးဝကွာခြားနေခဲ့သည်။
သူတို့သည် ငါးနှစ်ကြာ အချင်းချင်းမတွေ့ခဲ့ရသောကြောင့် အယ်လ်ဖာအဖြစ် ခွဲခြားခံရသည့်ပိုင်ဖန်းမှာ ကျန်းရှောင်ယွီအား ရုတ်တရက်အနည်းငယ်ထူးဆန်းစေခဲ့သည်။
သူ၏တပည့်ငယ်လေးမှာ ကြီးပြင်းလာခဲ့ပြီ။
မင်းပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းရဲ့လေ့ကျင့်ရေးကို ပစ်ထားလား ဆရာကြည့်ရအောင်။
ကျန်းရှောင်ယွီသည် သူ၏မိုက်ခရိုဖုန်းကို မဖွင့်ဘဲ အမြန်စာရိုက်လိုက်သည်: ငါမင်းကိုကူဖို့ ကင်းထောက်နေရာကစားမယ်။ ဆက်သွားပါ။