Chapter 13: စကားပြောကြမ်းသည့် နည်းပြ
ACE အသင်းမှာ e-sports ပရိသတ်များစွာ၏ နှလုံးသားများထဲ အဖြူရောင်လရောင်ဖြစ်နေခဲ့သည်။ ကလပ်နောက်ခံမရှိသော ကစားသမားငါးယောက်မှာ တိမ်များကဲ့သို့များပြားနေသော အသင်းကြီးများရှိကာ ပရော်ဖက်ရှင်နယ်လိဂ်သို့ သူတို့ဝင်ရောက်နိုင်ရန် တိုက်ခိုက်ခဲ့ကာ S3 ရာသီ၏ ချန်ပီယံရှစ်ဖလားအား အနိုင်ယူနိုင်ခဲ့သော မြင်းနက်အသင်း၏ ဒဏ္ဍာရီကို ဖန်တီးခဲ့သည်။ ACE အသင်း၏အဖွဲ့ဝင်များမှာလည်း ကြည့်ကောင်းကြသောကြောင့် သူတို့သည် အလွန်အမင်းကြိုက်နှစ်သက်သော ပရိသတ်များကို အလိုအလျောက်ရရှိခဲ့သည်။
ယယ်ကျင်းမင်သည် ACE အသင်း၏ ယခင်ကကင်းထောက်တစ်ဦးဖြစ်ခဲ့သည်။ သူ၏ဂိမ်းမှတ်ပုံတင်မှာ ACE-Leafဖြစ်ကာ သူ၏နာမည်ပြောင်မှာ ‘ယယ်ကျီ’ ဖြစ်သည်။
သူသည် ပေါ့ပါး၍သွက်လက်သော သစ်ရွက်တစ်ရွက်ကဲ့သို့ ကစားသည့်နယ်မြေတစ်လျှောက် ရွေ့လျားကာ သူ၏အသင်းသားများအား သူတို့မြင်ကွင်းပွင့်ရန်ကူညီပေးပြီး ရန်သူ၏လှုပ်ရှားမှုများကို စစ်ဆေးပေးသည်။ အခွင့်အရေးတိုင်း အခွင့်ကောင်းယူသည့် ဤကင်းထောက်မှာ မည်သည့်အချိန်တွင်မဆို ရန်သူအနောက်၌ ပေါ်လာနိုင်ကာ ရန်သူ၏နှလုံးသားကို ဓားဖြင့်ထိုးလိမ့်မည်။
ယယ်ကျီသည် ACE အဖွဲ့ပျက်ပြီးနောက် the YY Moon Shadow ကလပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ သူ၏ လွန်စွာစိတ်ရှုပ်စရာပေးတတ်သော နေရာယူခြင်းကြောင့် သူ့အားသတ်ရန်ခဲယဉ်းသည်။ နောက်ပိုင်းတွင် သူ၏အသင်းသည် သူ့အား သူတို့၏နည်းပညာများ၏ အရင်းအမြစ်အဖြစ်သုံးကာ ရန်သူ၏အနောက်သို့ တန်ပြန်တိုက်ခိုက်ရန် ကင်းထောက်ခြင်းပုံစံကို အသုံးပြုခဲ့သည်။
ဤလူသည် ‘ထိန်းချုပ်ခံရခြင်းမရှိဘဲ လွတ်လပ်မှုအားနှစ်သက်’ သောကိုယ်ရည်ကိုယ်သွေးတစ်ခု အမြဲရှိနေခဲ့သည်။ ကျန်းရှောင်ယွီသည် သူ့အား ACE ကာလအတွင်းတွင် အကြိမ်ပေါင်းများစွာ ဆူခဲ့သည်။
မထင်ထားဘဲနှင့် သူသည်နှစ်အချို့ကြာ အချင်းချင်းမတွေ့ကြရပြီးနောက် ယခုထိအလွန်ခိုင်မာစွာ မပြောင်းလဲသေးသည်လား။
ကျန်းရှောင်ယွီသည် မျက်မှောင်ကြုတ်ကာ အေးစက်စက်ကြေငြာလ်ိုက်သည်။ “အခုချက်ချင်းဒီကိုလာခဲ့။ ငါမင်းအတွက် သုံးမိနစ်ပဲစောင့်ပေးမယ်”
ယယ်ကျင်းမင်သည် သူ၏အခန်းထဲ၌မူလက အိပ်နေခဲ့ကာ အိပ်မက်မက်နေသည်ဟု ထင်ခဲ့သည်။ ယခုသူသည် ဤအေးစက်သည့်အသံအား ကြားခဲ့ကာ ချက်ချင်းကြောက်ရွံ့သွားခဲ့သည်။ သူသည်ကုတင်ပေါ်မှထကာ မျက်နှာသစ်ရန်ပင်အချိန်မဖြုန်းတော့ပေ။ သူသည် အဝတ်အစားများဝတ်ကာ အစည်းအဝေးခန်းထဲသို့ ပြေးသွားခဲ့သည်။
ယယ်ကျင်းမင်သည် လေပွေကဲ့သို့ အစည်းအဝေးခန်းထဲ ပြေးသွားခဲ့သည်။ သူ၏အရှိန်နှုန်းမှာ မီတာ၁၀၀အပြေးပွဲအား ပါဝင်နေသကဲ့သို့ဖြစ်သည်။ အရပ်ရှည်သည့်အယ်လ်ဖာတွင် ကြက်လှောင်အိမ်ကဲ့သို့ ရှုပ်ထွေးနေသည့်ဆံပင်ရှိနေကာ သူ၏အဝတ်အစားများမှာ ကြေမွနေခဲ့သည်။ သူသည် အခန်းထဲသို့ဝင်ကာ ချက်ချင်း ကျန်းရှောင်ယွီအား အပြုံးနှင့် ချဉ်းကပ်သွားခဲ့သည်။ “အစ်ကိုယွီ၊ နေကောင်းလား။ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ။ ကျွန်တော်အစ်ကို့ကိုမမြင်တာ နှစ်အတော်ကြာပြီး အစ်ကိုနည်းနည်းပြောင်းလဲသွားတာပဲ”
ကျန်းရှောင်ယွီသည် ယယ်ကျင်းမင်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ငါမင်းကိုအစည်းအဝေးအတွက်လာဖို့ပြောတာ။ အပိုစကားပြောဖို့မဟုတ်ဘူး”
သူသည် သူ၏ဘေးမှ နေရာလွတ်အား လက်ညှိုးထိုးပြခဲ့သည်။ “သွားပြီးအဲ့နေရာမှာရပ်နေ”
ယယ်ကျင်မင်း၏အပြုံးမှာ တည်သွားခဲ့သည်။ နောက်ကျခြင်းအတွက် အပြစ်ဒဏ်ရှိသည်လား။ ဤရင်းနှီးသော အပြုအမူမှာ သူ့အား မျက်နှာသာမပေးပေ။
ယယ်ကျီသည် လောင်လင်း သူ့အား အဓိပ္ပာယ်ရှိသည့်အကြည့် ရုတ်တရက်ပေးသည်ကို မြင်ကာ လောင်လင်းအနောက် အမြန်သွားရပ်ကာ တီးတိုးပြောလိုက်သည်။ “ဒီအခြေအနေကဘာလဲ။ သူကဘာလို့ဒီရောက်နေတာလဲ”
လောင်လင်းသည် ယယ်ကျီအား ကြောင်ကြည့်လိုက်ကာ အသံတိုးတိုးပြောလိုက်သည်။ “မင်းရူးနေတာလား။ သူကလက်ရွေးစင်အသင်းကို နည်းပြအနေနဲ့ပြန်လာတာလေ။ မင်းတော့ သူ့သေနတ်ပြောင်းဝကို သွားတိုက်မိကုန်ပြီ”
“…သေစမ်း”
ကျန်းရှောင်ယွီသည် ယယ်ကျင်းမင်အား ကြည့်လိုက်သည်။ “ပြောစမ်း။ အခုဘယ်အချိန်ရှိပြီလဲ”
ယယ်ကျင်းမင်သည် သူ၏နှာခေါင်းအား ထိထားကာ သူ၏အသံမှာ ယုံကြည်မှုမရှိသည်မှာ ထင်ရှားနေသည်။ “အဟွတ်…အခု ညကိုးနာရီခွဲပါ”
“ငါအမှတ်မမှားဘူးဆိုရင် ညကိုးနာရီကနေ ဆယ့်နှစ်အထိက လက်ရွေးစင်အသင်းက ချမှတ်ထားတဲ့ လေ့ကျင့်ရေးအချိန်ပဲ။ မင်းဘာလုပ်နေတာလဲ။ ကောင်းကောင်းအိပ်နေတာလား”
ယယ်ကျင်းမင်: “……”
“မင်းစည်းကမ်းကို အကြမ်းဖက်ပြီး လိဂ်ကနေဆိုင်းငံ့ခံထားရပေမယ့် မင်းဘယ်လိုကြိုးစားပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရမလဲဆိုတာ မသိသေးဘူး။ အဲ့အစား မင်းလုပ်ချင်ရာလုပ်ပြီး အခန်းထဲမှာ အိပ်နေတာလား” ကျန်းရှောင်ယွီသည် မျက်ခုံးပင့်ကာ သူ၏အရှေ့တွင် ခေါင်းငိုက်စိုက်ကျနေသော အသင်းဖော်ဟောင်းအား စူးစူးရှရှကြည့်လိုက်သည်။ “နည်းပြကျန်းနှုတ်ထွက်သွားတာနဲ့မဆိုင်ဘူး။ လက်ရွေးစင်အသင်းက မပျက်တာကြောင့် မင်းကအခုထိ လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်ပဲ။ မင်းကတစ်နေ့လုံး ဘာမှမလုပ်ဘဲ လေ့ကျင့်ရေးအချိန်မှာ အိပ်နေတာလေ။ မင်းကစားတဲ့အခါကျရင် ကစားမယ့်နေရာဆီ ကုတင်ရွှေ့ပေးစေချင်လား ဒါမှမဟုတ် ကုတင်ပေါ်မှာဆော့မလို့လား”
ယယ်ကျင်းမင်: “………”
အစည်းအဝေးခန်းထဲမှ ဆယ်ကျော်သက်များမှာ ကြောင်သွားခဲ့ကြသည်။
ယယ်ကျီသည် လိဂ်ထဲတွင် အကျော်ကြားဆုံး ကင်းထောက်ဖြစ်နေခဲ့ပြီး ပရိသတ်သန်းနှင့်ချီကာရှိသည့် ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်သည်။ နတ်ဘုရား Wing သည် တစ်ဖက်လူအား အပြစ်တင်ကဲ့ရဲ့မှုများစွာပြုလုပ်ခဲ့သည်။ သူသည် သူ၏အသင်းဖော်ဟောင်း၏ ဂုဏ်သိက္ခာအား လုံးဝဂရုမစိုက်တော့သည်လား။
ကျန်းရှောင်ယွီသည် အခန်းတစ်ခန်းလုံးအား စိုက်ကြည့်လိုက်သည်။ “နောက်ပိုင်းကျရင် အားလုံး အစည်းအဝေးတွေအတွက် အချိန်မှန်မယ်လို့ မျှော်လင့်တယ်။ ယယ်ကျင်းမင်အတွက်ကတော့ ပြန်သွားပြီး ကိုယ့်ကိုယ်ကိုသုံးသပ်မှုစာလုံးရေ ၁၀၀၀ကိုရေးခဲ့”
ယယ်ကျင်းမင်သည် ငိုချင်သော်လည်း မငိုနိုင်ခဲ့ပေ။ သူ၏အိပ်မက်ဆိုးမှာ ထပ်မံစတင်လာခဲ့သည်။ လွန်ခဲ့သော နှစ်အချို့က ခေါင်းဆောင်သည် သူ့အား ကိုယ့်ကိုယ်ကိုသုံးသပ်မှုများ ရေးခိုင်းခဲ့ကာ သူသည်ထိုအရာများအား အထူးစုဆောင်းခဲ့သည်။ သူတို့သည် အထပ်ပုံကြီးနစ်ပုံဖြစ်နေခဲ့သည်။
မည်သူမျှ စကားမပြောရဲဘဲ အစည်းအဝေးခန်းမှာ ခဏတာတိတ်ဆိတ်နေခဲ့သည်။
ဒုဥက္ကဌကျွီမှာ ရယ်ချင်သော်လည်း မရယ်ရဲပေ။ ထို့ကြောင့်သူသည် အလွန်ခက်ခဲစွာ သည်းခံနေခဲ့သည်။ နတ်ဘုရား Wing မှာစကားပြောကြမ်းသည်ဟု သူကြားဖူးခဲ့သည်မှာ ကြာပြီးဖြစ်သော်လည်း သူသည်အိပ်နေသောကြောင့် နောက်ကျနေခဲ့သော ယယ်ကျင်းမင်အား ပိုးစိုးပက်စက် ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယယ်ကျင်းမင်သည်လည်း ထိုကဲ့သို့ ထိုကိတန်သည်။ သူသည် သူ၏ခေါင်းဆောင်ဟောင်းသေနတ်ပြောင်းဝအား ဝင်တိုက်မိပုံရသည်။ ကျွတ် ကျွတ် ကိုယ့်ကိုယ်ကိုသုံးသပ်တဲ့ စာလုံးရေ ၁၀၀၀ကတော့ တကယ်ဆိုးရွားတာပဲ။
ကျန်းရှောင်ယွီသည် လောင်လင်းအား စိုက်ကြည့်ကာ စကားပြန်ပြောခဲ့သည်။ “ခေါင်းဆောင်လင်း၊ နည်းပြကျန်းက ခင်ဗျားနဲ့ ကမ္ဘာ့စီးရီးကကစားပွဲတွေကို ပြန်ကြည့်ထားတယ်မလား”
လင်းဟောင်ရန်သည် အမြန်ခါးဆန့်လိုက်ကာ ဖြေကြားခဲ့သည်။ “ဟုတ်တယ်။ ကစားပွဲပြီးတဲ့နောက်တစ်နေ့မှာပဲ ပြန်ကြည့်ကြတယ်”
ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်ကာ အေးစက်စက်ပြောလိုက်သည်။ “ဒီနှစ်ရဲ့ကမ္ဘာ့စီးရီးထဲမှာ မင်းတို့ အမေရိကန်ကို သုံးပွဲပြတ်၊ ဂျာမနီကို တစ်ပွဲသုံးပွဲနဲ့ နောက်ဆုံးအီတလီကို နှစ်ပွဲသုံးပွဲနဲ့ရှုံးပြီး အုပ်စုအဖွဲ့ကနေ လုံးဝပြုတ်သွားခဲ့တယ်။ ဂိမ်းသွားဆော့တာလား ခရီးထွက်သွားတာလား။ ဒါကအရမ်းရှက်ဖို့ကောင်းတာပဲ”
အားလုံး: “……”
ဤကမ္ဘာ့စီးရီးတွင် လက်ရွေးစင်အသင်း၏ရလဒ်မှာ အမှန်တကယ်ပင် ဆိုးရွားနေခဲ့သည်။ သူတို့သည် ထိပ်တန်းရှာဖွေမှုတွင် အင်တာနက်သုံးစွဲသူများမှ အဆူခံခဲ့ရကာ ဤအရာကြောင့်လည်း စိတ်မသက်မသာဖြစ်ခဲ့သည်။
လူတိုင်းမှာ ဤစကားကြားသောအခါ ခေါင်းငိုက်စိုက်ထားခဲ့သည်။
ကျန်းရှောင်ယွီသည် လူတိုင်းအား စိုက်ကြည့်လိုက်သည်။ “အရင်နည်းပြမင်းတို့ကို ဘယ်လိုလေ့ကျင့်ပေးလဲ ငါဂရုမစိုက်ဘူး။ ငါ့စိတ်ကအဲ့လောက်မရှည်ဘူး”
“ဂိမ်းရှုံးပြီးမှတော့ နှစ်သိမ့်ဖျောင်းဖျပြီး မင်းတို့စိတ်ဓာတ်ကျသွားမှာမို့ နှစ်သိမ့်ဖျောင်းဖျပေးရမှာလား။ နောက်နေကြတာလား။ မင်းတို့ကကျွမ်းကျင်ကစားသမားတွေပဲ။ ကောင်းကောင်းကစားတာက မင်းတို့လုပ်သင့်တာပဲ။ မင်းတို့ကလက်ရွေးစင်အသင်းကဖိတ်ကြားထားတဲ့ ဘိုးဘေးတွေမှမဟုတ်ဘဲ”
“ဒီနေ့ကစပြီး ကျွမ်းကျင်ကစားသမားတစ်ယောက်ရဲ့ သဘောထားကို ငါ့ကိုပြ။ လက်ရွေးစင်အသင်းမှာ ဆယ့်တစ်နေရာပဲရှိတယ်။ မင်းတို့မကစားချင်ရင် တတ်နိုင်သမျှမမြန်မြန်ထွက်သွားတော့။ တရုတ်နိုင်ငံရဲ့ e-sports ကလပ်အများကြီးရှိတယ်။ ငါထူးချွန်တဲ့ကစားသမားတွေကို မရွေးချယ်နိုင်ဘူးဆိုတာ မယုံနိုင်ဘူး။ မင်းတို့ကအစားထိုးမရဘူးလို့များ တကယ်ထင်နေတာလား”
“လက်ရွေးစင်အသင်းမဖျက်ခင် ငါမင်းတို့ရဲ့စွမ်းဆောင်ရည်ကို စစ်ဆေးဖို့ နှစ်ပတ်အချိန်ယူမယ်။ မင်းတို့စွမ်းဆောင်တာ အရမ်းညံ့ရင်တော့ နောက်တစ်ကြိမ်လာဖို့တောင် မစဉ်းစားနဲ့တော့။ ငါမင်းတို့ဆယ့်တစ်ယောက်လုံးကို လူစားလဲပစ်မယ်။ ငါပြောတာရှင်းရှင်းလင်းလင်း ကြားကြလား”
ဆူပူခြင်းမှာ သေနတ်သံကဲ့သို့ မြန်ဆန်လှကာ အဖွဲ့မှာ ကြောက်ရွံ့သွားပြီး သူတို့၏မျက်လုံးများမှေးမှိန်သွားခဲ့ကြသည်။ သူတို့သည် ပွဲဦးထွက်ကတည်းက ဤကဲ့သို့ ‘မုန်တိုင်းထန်သည့် အပြစ်တင်ပြောဆိုခြင်း’အား မကြုံတွေ့ဖူးပေ။
လောင်လင်း၊ ရှောင်ကျိုးနှင့် ယယ်ကျီတို့မှာ ACE အသင်းမှ လာခဲ့ကြသည်။ သူတို့သည် ငယ်စဉ်ကတည်းက နည်းပြ၏ အလျှော့မပေးဘဲ တင်းကျပ်သည့်ပုံစံအား နေသားကျခဲ့သည်။ သူတို့သည် ဤအကြိမ်၌ သူ၏မထူးခြားသည့် အသံကိုကြားကာ အလွန်ရင်းနှီး၍ သူတို့အတွက် နှစ်သက်သည်ဟု ခံစားမိခဲ့သည်။
ယယ်ကျင်းမင်သည် တွေးရင်းနှင့် သူ၏နားထင်များအား ပွတ်သပ်နေခဲ့သည်။ ‘အားယွီကမပြောင်းလဲသေးဘူးပဲ။ သူ့စကားလုံးတွေက ကြမ်းပြီး လူတွေရဲ့နှလုံးသားကို ထိုးစိုက်နိုင်တယ်”
သူ၏စူးရှသည့်ပါးစပ်ဖြစ်သော်လည်း သူ၏အပြစ်တင်မှုများအား တရားမျှတကာ အခြေခိုင်သည်။ သူတို့သည်ငြင်းဆန်၍မရပေ။
သူသည် ‘ကံကောင်း’ ခဲ့သလား။ သူသည်မိမိကိုယ်ကိုသုံးသပ်ခြင်းရေးရန် လက်ရွေးစင်အသင်း၏ ပထမဆုံးဖြစ်ရသည်ကို ပျော်ရမည်လား။
လောင်လင်းသည် ကျန်းရှောင်ယွီ၏အသံအား ကြားခဲ့ကာ သူ၏နှာခေါင်းယားလာခဲ့သည်။ ဤရင်းနှီးသော မြင်ကွင်းမှာ သူသည် ACE အသင်းတွင်ရှိနေခဲ့သည်ကို ပြန်အမှတ်ရစေခဲ့သည်။ သူသည် လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ကျန်းရှောင်ယွီနှင့် လက်ရွေးစင်အသင်းမှာ ရလဒ်များသေချာပေါက်ရယူနိုင်လိမ့်မည်ကို ယုံကြည်နေခဲ့သည်။
လက်ရွေးစင်အသင်း၏ ကစားသမားများသည် မင်းသားများကဲ့သို့ နေလာခဲ့ကာ ပျက်စီးနေသည်မှာ နေသားကျနေခဲ့သည်။ သူတို့အား ကောင်းမွန်စွာချိုးနှိမ်ရမည်။
၎င်းမှာ…သူသည်သူ၏အနားယူသည့် လျှောက်လွှာအား တင်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သူ့တွင် သူ၏နည်းပြဟောင်းနှင့် ကမ္ဘာ့စီးရီးတွင် ယှဉ်ပြိုင်ရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ နှမြောစရာပင်ဖြစ်သည်။
ကျန်းရှောင်ယွီသည် ဆူပူခြင်းအားရပ်ကာ မတ်တပ်ရပ်လိုက်သည်။ “လက်ရွေးစင်အသင်းမှာ မနေချင်တဲ့သူတွေ အခုသွားလို့ရပြီ။ နေချင်တဲ့သူတွေက ငါနဲ့အတူ လေ့ကျင့်ရေးခန်းထဲ လိုက်ခဲ့”
သူသည် ဤသို့ပြောသော်လည်း မည်သူများထွက်သွားရဲမည်နည်း။ ယခုထွက်သွားလျှင် နည်းပြအသစ်အား စိတ်ဆိုးစေလိမ့်မည်ဖြစ်ကာ သူတို့သည် အနာဂတ်လက်ရွေးစင်အသင်းသို့ ဝင်ရောက်ခြင်းအား မေ့နိုင်သည်။
ယယ်ကျင်းမင်ပင်လျှင် သူထွက်တော့မည်ဟု ဖုန်းထဲ၌ပြောသော်လည်း အရှက်မရှိဘဲ တိတ်တဆိတ် လိုက်လာခဲ့သည်။
ဤအချိန်တွင် ကျန်းရှောင်ယွီအား အရင်ကတစ်ခါမှ မတွေ့ခဲ့ဖူးသော လူသစ်များမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ နည်းပြအသစ်ရောက်လာပါက သူသည်သူ့ကိုယ်သူ အရင်မိတ်ဆက်ကာ ညလယ်စာသို့မဟုတ် တစ်ခုခုစားရင်း ပျော်ရွှင်စွာ သူတို့နှင့်ရင်းနှီးသင့်သည် မဟုတ်ပါလား။ နတ်ဘုရား Wingမှာ အစည်းအဝေးအား တိုက်ရိုက်စီစဉ်ကာ ထိုးနှက်ချက်များနှင့် သူတို့အား ပြောဆိုပြီး လူတိုင်းအား လေ့ကျင့်ရေးခန်းထဲသို့ ခေါ်သွားသည်လား။
၎င်းသည် အတန်းပိုင်ဆရာအသစ်မှာ အတန်းအားရုတ်တရက်စစ်ဆေးကာ စာမေးပွဲအတွက် စာရွက်များတိုက်ရိုက်ဝေပေးသည်နှင့်တူသည်။
အသင်းသားများသည် ကြောက်ရွံ့စွာ လေ့ကျင့်ရေးခန်းထဲသို့ ကျန်းရှောင်ယွီနှင့် အောက်ထပ်သို့မလိုက်သွားခင်တွင် အကြည့်ချင်းဖလှယ်ခဲ့ကြသည်။
လေ့ကျင့်ရေးခန်းမှာ ဒုတိယထပ်တွင် ရှိနေခဲ့သည်။ လူအယောက်၂၀ ဝင်ဆံ့နိုင်သော လေ့ကျင့်ရေးခန်းကြီးများနှင့် လူနှစ်ယောက် ခြောက်ယောက်တို့အတွက် လေ့ကျင်ရေးခန်းငယ်များ အစရှိသဖြင့်တို့ဖြစ်ကြသည်။ ထိုထဲတွင် လူနှစ်ယောက်လေ့ကျင့်ရေးခန်းအား ‘အနက်ရောင်အခန်းငယ်လေး’ဟု ခေါ်ကာ ၎င်းသည် သီးခြားအထူးလေ့ကျင့်ရေးအတွက် အသုံးပြုခဲ့သည်။
ယခင်က ကျန်းရှောင်ယွီ အပေါ်တက်သောအခါ ညီမယွီသည် သူ့အားအစည်းအဝေးခန်းများ၏ ဖွဲ့စည်းပုံကို ရှင်းပြခဲ့သည်။ သူသည် အကြီးဆုံးလေ့ကျင့်ရေးခန်းသို့ အဖွဲ့အားဦးဆောင်သွားကာ ကျပန်းကွန်ပျူတာတစ်ခုပေါ်ထိုင်ရင်း ဖွင့်ကာပြောနေခဲ့သည်။ “ပစ်ခြင်းလေ့ကျင့်ရေးကွင်းကိုသွားပြီး မင်းတို့ရဲ့တကယ့်စွမ်းအားတွေကို အရင်ဆုံးကြည့်ရအောင်”
ဒုဥက္ကဌကျွီသည် ဤသည်ကိုမြင်ကာ လက်ရွေးစင်ကစားသမားများအတွက် တိတ်တဆိတ် သနားနေခဲ့သည်။
အားယွီသည် သူ၏စွမ်းအင်ကို ချပြရန်ကြိုးစားနေခဲ့သည်။ နောက်ဆုံးတွင် သူသည်လက်ရွေးစင်အသင်းအား နည်းပြခြင်းနှင့် အတွေ့အကြုံမရှိခဲ့ပေ။ အသင်းသားများသူ့အား မရိုသေပါက သူသည်လက်ရွေးစင်အသင်းအား ဦးဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သည် ကစားရန်ငြင်းဆန်လျှင်လား။ ခိုသို့ဆိုလျှင် သူတို့အားနှိမ်နင်းရမည်။
ကျန်းရှောင်ယွီ၏ပုံစံမှာ အမြဲတမ်း အလွန်တိုက်ရိုက်ဆန်ကာ အသုံးဝင်လှသည်။
လက်ရွေးစင်အသင်း၏ အရင်နည်းပြမှာ စိတ်အနည်းငယ်ပျော့ကာ သူသည်အသက်သုံးဆယ်ကျော်သွားခဲ့ပြီဖြစ်သည်။ သူ၏ဂိမ်းနှင့်ပတ်သက်၍ ကျွမ်းကျင်မှုများမှာ ကျွမ်းကျင်ကစားသမားများနှင့် မယှဉ်နိုင်ပေ။ နည်းပြကျန်းသည် ဂိမ်းထဲတွင် အပိုင်း2000ကိုပင် မရောက်နိုင်သောကြောင့် အချို့ကျွမ်းကျင်ကစားသမားများမှာ ‘ခင်ဗျားဂိမ်းကစားတာ အရမ်းအားနည်းတာပဲ။ ခင်ဗျားကျွန်တော့်ကို နည်းပြတဲ့အခါ မမှန်နိုင်လောက်ဘူး’ ဟုသေချာပေါက် တွေးလိမ့်မည်။
ထိုအချိန်တွင် ကျန်းရှောင်ယွီမှာ ထူးခြားသည်။ သူသည် ယခင်က e-sports ကစားသမားဟောင်းဖြစ်ခဲ့ကာ ငယ်သေးသည်။ သူသည်နှစ်ပေါင်းများစွာကြာ နိုင်ငံတကာ ဆာဗာအဆင့်များတွင် ရှိနေခဲ့သည်။ သူ၏နိုင်ငံတကာဆာဗာထဲတွင် အခြားအကောင့်မှာ ‘သေနတ်ဘုရင်’၏ဂုဏ်ယူဖွယ်ဆုတစ်ခုအား ရထားပြီးဖြစ်ကာ သူသည် ကမ္ဘာ့သေနတ်ပစ်သမား တိုက်ပွဲစွမ်းအင်အဆင့်တွင် တည်ငြိမ်စွာ အဆင့်ရပ်နေနိုင်သည်။ သူသည်နေ့တိုင်း ကမ္ဘာ့အဆင့် ကျွမ်းကျင်ကစားသမားများနှင့် ကစားပြီး သူစယှဉ်ပြိုင်နိုင်သည့်အဆင့်အား မြင့်မားသောအဆင့်၌ အမြဲထိန်းသိမ်းခဲ့သည်။ သူ၏ကြွယ်ဝသောအတွေ့အကြုံနှင့် တည်ငြိမ်သောစိတ်အခြေအနေအားပေါင်းထည့်ကာ ကျွမ်းကျင်ကစားသမားများမှာ သူ့အားအနိုင်ယူနိုင်မည်မဟုတ်ပေ။
ကျန်းရှောင်ယွီသည် ကွန်ပျူတာအား အမြန်ဖွင့်လိုက်ပြီး ဂိမ်းထဲသို့ဝင်လိုက်သည်။ သူသည် သူ၏ဘေးတွင်ရှိသော ထိုင်ခုံအားထိုးပြလိုက်ကာ ပြောလိုက်သည်။ “နောက်ကျတဲ့သူ အရင်လာလိမ့်မယ်”
ယယ်ကျင်းမင်သည် စိတ်ဆင်းရဲစွာနှင့် ရောက်လာခဲ့သည်။ သူ့တွင် ‘လူသတ်သည့်မြေပြင်သို့ အပြေးသွားခြင်း’ ဟူသည့် သူရဲကောင်းဆန်သည့်အမူအရာရှိနေသည်။
လောင်လင်းသည် သူ၏ပခုံးအားညင်သာစွာ ပုတ်ပေးလိုက်သည်။ “ညီငယ်လေး၊ ငါမင်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်”
နတ်ဘုရား Wing သည် သူ၏အသင်းဖော်ဟောင်းများနှင့် ကစားသမားသတ်ခြင်း ပြုလုပ်တော့မည်။
လူသစ်များ၏မျက်လုံးများမှာ ကောင်းမွန်သည့် သရုပ်ပြမှုကြည့်နေသည်ကို ဖော်ပြနေသောကြောင့် တောက်ပနေခဲ့သည်။
ACE အဖွဲ့ဝင်များမှာ နတ်ဘုရား Wing ကြောင့်နှိပ်စက်ခံရသည်ဟု ပြောကြကာ သူတို့၏အဆင့်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
အသင်းဖော်ဟောင်းများ အချင်းချင်းမတွေ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့သည်။ ယခု နတ်ဘုရား Wing နှင့် ယယ်ကျီတို့ တစ်ယောက်ချင်းယှဉ်ပ်ြိုင်ကြသည်။ မည်သူနိုင်လိမ့်မည်နည်း။
လူတိုင်းကျန်းရှောင်ယွီနှင့် ယွီမင်ကျန်းအနောက်တွင် ရပ်နေကြကာ ကွန်ပျူတာဖန်သားပြင်အား မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။
လူတိုင်း၏မလှုပ်မယှက်သော အကြည့်များအောက် ကျန်းရှောင်ယွီသည် ပြည်တွင်းဆာဗာပေါ်မှ သူ၏နောက်အကောင့်တစ်ခုထဲ ဝင်လိုက်သည်။ သူ၏မှတ်ပုံတင်မှာ…
Casuallyဖြစ်သည်။
လက်ရွေးစင်အသင်း၏ဆယ်ကျော်သက်လူငယ်များ: “????”
မိုဟန်တျန်းသည် ထိတ်လန့်သွားခဲ့သည်။
လက်ရွေးစင်အသင်း၏ လူသစ်များမှာ အလွန်ထိတ်လန့်သွားကြသောကြောင့် သူတို့၏ပါးစပ်များဟင် ဟသွားကြသည်။
သွားပါပြီ။
မနေ့က သူသည်ဂိမ်းထဲတွင် ပထမတစ်ချီအတွက် သူတို့အား နှိပ်စက်ခဲ့ကာ ဘူးသီးကလေးများအဖွဲ့ဟု ခေါ်ခဲ့ကြသည်။ သူတို့အား ‘ကလေးကြီး’၊ ‘ကလေးလတ်’၊ ‘ကလေးငယ်’ အစရှိသဖြင့် နာမည်ပေးခဲ့သော ကဲ့ရဲ့ခြင်းသခင်မှာ တကယ်တမ်းတွင် လက်ရွေးစင်အသင်း၏နည်းပြ နတ်ဘုရား Wing ဖြစ်နေသည်လား။
သူသည် လက်ရွေးစင်အသင်းအကြောင်း အများကြီးသိနေခဲ့သည်မှာ မဆန်းတော့ပေ။
မိုဟန်တျန်း၏ လက်များတုန်နေကာ သူ၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖျော့တော့နေခဲ့သည်။
သူသည် ‘ခင်ဗျားခိုးတာကိုဖွင့်ထားတာလား’ ဟူသော စကားများနှင့် တစ်ဖက်လူအား ဆူပူခဲ့ပုံရသည်။
T_T.
သူသည် သူ၏သဘောကျနှစ်ခြိုက်သူအား ဆူပူခဲ့သည်။ သူသည်ဂိမ်းထဲတွင် အမှတ်တကယ်ပင် သေနတ်ဘုရင်အား ဆူပူခဲ့သည်။ သူ၏ဦးနှောက်ပျက်သွားလေသလား။
ရှီရှောင်ဘင်းသည် မှတ်ပုံတင် ‘Casually’ အားမြင်သည့်အခိုက်အတန့်တွင် သူသည်သူ့ကိုယ်သူမြေမြုပ်ရန် မြေကြီးထဲမှအက်ကွဲရာအား ရှာချင်လောက်အောင် အလွန်ရှက်နေခဲ့သည်။ သူသည် ‘လက်ရွေးစင်အသင်းကို အပြစ်တင်ဖို့ ခင်ဗျားက အရမ်းရိုင်းလွန်းတာပဲ’ ဟုပြောခဲ့သည်ကို သတိရခဲ့သည်။
ရှားလီသည်လည်း ရှက်သွားကာ သူမ၏လည်ပင်းမှာ ငုံးတစ်ကောင်ကဲ့သို့ နောက်ပြန်ဝင်သွားခဲ့သည်။
သူမမည်သည့်ကြမ်းတမ်းသောစကားမျိုး ပြောခဲ့သနည်း။ ‘ခင်ဗျားကိုဒီနေ့မနိုင်ရင် ခင်ဗျားမျိုးရိုးနာမည်ကို ယူလိုက်မယ်’
ထို့နောက် နတ်ဘုရား Wing သည် သူမအား တတိယကလေးဟူသည့် နံပါတ်ပေးခဲ့သည်။
တန်ကိုင်းနှင့် လုကျင်းယွမ်၏မျက်နှာများမှာလည်း ဖျော့တော့နေခဲ့သည်။ သူတို့မှတ်မိသည်မှာ မှန်ကန်နေပါက တန်ကိုင်းသည် Casually ကြောင့် ဓားထိုးခံရစဉ် လုကျင်းယွမ်မှာ Casuallyကြောင့် စက်သေနတ်ဖြင့် သေသွားခဲ့ရသည်။
ဘူးသီးလေးများငါးယောက်၏ ရှက်သောကြောင့်သေမလိုဖြစ်နေသည့် မြင်ကွင်းမှာ ရောက်လာခဲ့သည်။ သူတို့သည် တစ်စုတစ်စည်းတည်း သူတို့၏မျိုးရိုးနာမည်အားပြောင်းကာ သူတို့၏ဖခင်အား မှတ်မိသင့်သလား။