Chapter 11
လောင်လင်းသည် လက်ရွေးစင်အသင်း၏ ခေါင်းဆောင်ဖြစ်သည်။ သူ၏အမည်ရင်းမှာ လင်းဟောင်ရန် ဖြစ်ကာ ဤနှစ်တွင် ၂၂နှစ်ဖြစ်သည်။ သူ၏ပြိုင်ပွဲဝင် မှတ်ပုံတင်မှာ Old Linဖြစ်သည်။ ယခင်က လင်းဟောင်ရန်သည် ACEအသင်း၏ အဓိကအားဖြည့်သူဖြစ်ခဲ့သည်။ နတ်ဘုရား Wingအနားယူပြီးနောက် သူသည် JZအသင်းသို့ ပြောင်းသွားကာ JZအသင်း၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။
လင်းဟောင်ရန်သည် ကမ္ဘာ့စီးရီးတွင် ငါးနှစ်ကြာ ကစားခဲ့ကာ ပြိုင်ပွဲများတွင် အလွန်ကြွယ်ဝသည့် အတွေ့အကြုံရှိခဲ့သည်။ ထို့ကြောင့် နည်းပြကျန်းသည် ငါးကြိမ်မြောက်လက်ရွေးစင်အသင်း၏ ခေါင်းဆောင်ဖြစ်ရန်လုပ်ပေးခဲ့သည်။
သို့သော် e-sports ကစားသမားများ၏ အထွတ်အထိပ်အချိန်မှာ နှစ်အနည်းသာဖြစ်သည်။ သူသည် အသက်ကြီးလာသောအခါ နှေးကွေးသောတုံ့ပြန်မှု၊ နှေးကွေးသည့်လက်နှုန်း အစရှိသဖြင့် ထိုကဲ့သို့သော ပြဿနာများ ရင်ဆိုင်ခဲ့ရသည်။ သူသည်ဤနယ်ပယ်အား ခွဲခွာရန် တွန့်ဆုတ်နေခဲ့သော်လည်း သူသည် အမှန်တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူသည် နှစ်ကုန်ပိုင်းတွင် အနားယူရန်ဆုံးဖြတ်ထားခဲ့သည်။
သူသည် ပြည်တွင်းအေအဆင့် ချန်ပီယံရှစ်ဖလားအား နှစ်ကြိမ်အနိုင်ရရှိခဲ့သော်လည်း သသည် ကမ္ဘာ့စီးရီးမှဖလားအား မထိဖူးပဲ ချန်ပီယံရှစ်ဖလားကိုသာ အနိုင်ရခဲ့သည်။
မကြာသေးခင်နှစ်များက ကမ္ဘာ့စီးရီးတွင် တရုတ်အသင်း၏ အကောင်းဆုံးရလဒ်မှာ စတုတ္ထနေရာဖြစ်ခဲ့သည်။ အစပိုင်းတွင်း လင်းဟောင်ရန်သည် လက်ရွေးစင်အသင်း၏စွမ်းဆောင်ရည်မှာ တဖြည်းဖြည်းတိုးတက်လာလိမ့်မည်ဟု ခံစားမိခဲ့သည်။ စတုတ္ထနေရာမှာ တရုတ်အသင်း၏အထွတ်အထိပ်ဖြစ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ ဤရာသီတွင် သူတို့သည် အကြိုဗိုလ်လုပွဲသို့ပင်မရောက်ခဲ့ပေ။
လက်ရွေးစင်အသင်း၏နည်းပြအနေနှင့် သူသည်စိတ်ပျက်ပြီး စိတ်ရှုပ်ကာ သူ့ကိုယ်သူအပြစ်တင်ခဲ့သည်။ သို့သော် အခြားနည်းလမ်းမရှိခဲ့ပေ။ ကမ္ဘာ့စီးရီးထဲမှပြိုင်ပွဲမှာ အလွန်ပြင်းထန်ကာ သူတို့သည်နိုင်ငံခြကစားသမားများအား အနိုင်မယူနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည်မငယ်တော့ပေ။ သူသည်အနားယူကာ သူ၏ရက်များအား အေးအေးချမ်းချမ်း အိမ်တွင်သာ အချိန်ဖြုန်းချင်ခဲ့သည်။ သူသည် ပြည်ပကစားသမားများမှ မထီမဲ့မြင်ပြုခြင်းမခံချင်သကဲ့သို့ ပြည်တွင်းအင်တာနက်သုံးစွဲသူများမှလည်း အဆူမခံချင်ခဲ့ပေ။
လင်းဟောင်ရန်သည် လေ့ကျင့်ရေးခန်းထဲမှ ဆယ်ကျော်သက်များအား ကြည့်လိုက်ကာ သူ၏စိတ်ထဲတွင် ရွံရှာမှုကို ဖိနှိပ်ကာ ပြုံးဟန်ဆောင်လိုက်သည်။ “နည်းပြအသစ်က ရက်အနည်းငယ်အတွင်း စခန်းကိုလာမယ်လို့ ခုနကပဲလိဂ်ကနေ သတင်းရလာတယ်။ နည်းပြရှေ့ကောင်းကောင်းလုပ်ပြီး နောက်ရာသီအတွက် အရွေးခံရအောင် အားစိုက်ထား”
သူတို့သည် သူ၏စကားများအား ကြားလိုက်သောအခါ လူတိုင်းအနည်းငယ်ထိတ်လန့်သွားခဲ့သည်။
ရှားလီသည် တဲ့တိုးဆန်သောသူဖြစ်သောကြောင့် ရိုးရှင်းစွာမေးခဲ့သည်။ “ခေါင်းဆောင်လင်း၊ နောက်တစ်ခေါက် ပြန်လာမှာလား”
လင်းဟောင်ရန်သည် ခေါင်းခါပြလိုက်သည်။ “ငါမလာဘူး။ ငါကအသက်ကြီးနေပြီး အနားယူဖို့အဆင်သင့်ပဲ။ ငါလက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင်ဖြစ်တာ ဒါနောက်ဆုံးပဲ။ မင်းတို့အားလုံး အထူးကလပ်ကလာတဲ့ အရမ်းထူးချွန်တဲ့လူသစ်တွေဖြစ်ပြီးတော့ အနာဂတ်ကတောက်ပတယ်။ တစ်နေ့မှာ မင်းတို့ကမ္ဘာ့ချန်ပီယံရှစ်ဖလားနဲ့ ပြန်လာနိုင်တာကြောင့်…ငါ နောင်တမရဘူး”
လူတစ်စုမှ ခေါင်းဆောင်လင်း၏ စကားများကြောင့် ချက်ချင်းမျက်လုံးများ နီသွားခဲ့သည်။
e-sports ကစားသမားတိုင်း တွေ့ကြုံရသော အဆုံးသတ်မှာ အနားယူခြင်းဖြစ်သည်။ လူတစ်ချို့မှာ လှပသည့်အပြုအမူဖြင့် ထွက်သွားခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည်ထွက်သွားလျှင်ပင် သူတို့အားပရိသတ်များမှ လွမ်းနေလိမ့်မည်။ သူတို့သည် ရံဖန်ရံခါ တိုက်ရိုက်ထုတ်လွှင့်မှုစတင်လျှင်ပင် မရေမတွက်နိုင်သော ပရိသတ်များမှာ လက်ဆောင်များပို့ရန် သူတို့၏တိုက်ရိုက်ထုတ်လွှင့်မှုသို့ သွားကြလိမ့်မည်။
တစ်ဖက်တွင် အချို့လူများမှာ နောင်တနှင့် နာမည်ပျက်ကြောင့် ဤနယ်ပယ်မှထွက်သွားခဲ့ကြသည်။
လင်းဟောင်ရန်သည် ဒုတိယတစ်ခုတွင် ပါဝင်သည်မှာ အသေအချာပင်ဖြစ်သည်။
သူသည် ကြမ်းတမ်းသည့်ပုံစံနှင့် တည်ငြိမ်သောစိတ်ထားနှင့် ရဲရင့်ပြီးစိတ်အပြောင်းအလံမြန်သော ကစားသမားတစ်ယောက်ဖြစ်သည်။ သူသည် e-sports စက်ဝန်း၏ဝါရင့်ကစားသမားတစ်ယောက်ဖြစ်ကာ လက်ရွေးစင်အသင်း၏လူသစ်များကို ကောင်းစွာကြိုဆိုသည်။ လူသစ်တစ်ချို့မှာ ပထမအကြိမ် နိုင်ငံခြားသွားသောအခါ ပတ်ဝန်းကျင်နှင့် နေသားမကျဘဲ ဝမ်းလျှောနိုင်သည်။ ခေါင်းဆောင်လင်းသည် ညသန်းခေါင်တွင် သူတို့အားအသင်းဆရာဝန်ဆီသို့ ခေါ်သွားလိမ့်မည်။ အုပ်စုအဆင့်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ခေါင်းဆောင်လင်းသည် Weibo ပေါ်တွင် ပထမဆုံးရှေ့ထွက်ကာ တောင်းပန်ခဲ့သူဖြစ်သည်။
သူ၏ Weiboမှာ သူ့အားဆူပူသော မှတ်ချက်ထောင်ပေါင်းများစွာနှင့် ပြည့်နေခဲ့ကာ သူ့အား လက်ရွေးစင်အသင်းမှအမြန်ထွက်ရန် လူများကဲ့ရဲ့နေကြသည်။ သူသည်အမှန်တကယ်ပင် အခြားသူများထက် ပို၍ဖိအားခံစားခဲ့ရသည်။
လင်းဟောင်ရန်သည် လက်ရွေးစင်အသင်း၏ ခေါင်းဆောင်ဖြစ်ခဲ့ကာ သူတို့၏စိတ်နှလုံးသားထဲတွင် အစ်ကိုကြီးတစ်ယောက်ဖြစ်ခဲ့သည်။ ငါးနှစ်ကြာ ကမ္ဘာ့စီးရီးတွင် ယှဉ်ပြိုင်နေခဲ့ရသော ကစားသမားဟောင်းမှာ အနားယူသွားခဲ့သည်။အချိန်မှာ ကုန်ဆုံးတော့မည့်အလား ဖြစ်နေခဲ့သည်။
ပထမတစ်ချီ အနိုင်ကျင့်ခံခဲ့ရသော ဆယ်ကျော်သက်များမှာ စိတ်ဓာတ်ကျသွားခဲ့သည်။ ယခုသူတို့သည် သတင်းများကြားပြီး သူတို့၏လေးလံ၍နာကျင်နေသောနှလုံးသားများမှာ ထပ်မံ၍ အထိုးခံခဲ့ရပြီးဖြစ်သည်။
ရှီရှောင်ဘင်း၏ မျက်လုံးများမှာ နီရဲနေကာ သူ၏အသံမှာ ငိုမဲ့မဲ့ဖြစ်နေသည်။ “ခေါင်းဆောင်လင်း၊ ထွက်သွားချင်ပြီလား။ နောက်ရာသီတစ်ခုထပ်ဆော့ဖို့ မစဉ်းစားတော့ဘူးလား”
လင်းဟောင်ရန်သည် သူ့အားပခုံးပုတ်ပေးကာ ပြုံးပြလိုက်သည်။ “ငါလိဂ်ကို အနားယူတဲ့လျှောက်လွှာတင်လိုက်ပြီ။ ငါနောက်ထပ်အားဖြည့်သူနေရာတွေအတွက် မင်းနဲ့ရှောင်းလူကို အားပေးနေမယ်”
လုကျင်းယွမ်သည် သူ၏နှုတ်ခမ်းအားတင်းတင်းစေ့ကာ နူးညံ့စွာပြောလိုက်သည်။ “ခေါင်းဆောင်လင်း၊ အေးဆေးအနားယူပါ။ ကျွန်တော်တို့ ကြိုးစားပါ့မယ်”
လင်းဟောင်ရန်သည် လူတိုင်းအား စိုက်ကြည့်လိုက်သည်။ “ကောင်းပြီ။ အခုသွားအိပ်တော့။ မင်းတို့စွမ်းအားပြန်စုပြီး နည်းပြအသစ်လာဖို့စောင့်နေကြ”
သူတို့မသိလိုက်ခင်တွင် မနက်၃နာရီရှိနှင့်ပြီးဖြစ်သည်။
လူတစ်စုမှာ သူတို့၏ကွန်ပျူတာများအား ပိတ်ကာ အိပ်ရန်သူတို့၏အခန်းထဲသို့ ပြန်သွားခဲ့ကြသည်။
အဆောင်သို့ ပြန်သည့်လမ်းတွင် ရှားလီသည်တွေးနေခဲ့သည်။ “ခေါင်းဆောင်လင်း၊ နည်းပြအသစ်က ဘယ်သူလဲသိလား”
လင်းဟောင်ရန်မှာ ပခုံးတွန့်လိုက်သည်။ “မသိဘူး။ ဒုဥက္ကဌကျွီဆီကကြားတာကတော့ လိဂ်ကနည်းပြအသစ်ကို နောက်ထပ်လက်ရွေးစင်အသင်းအတွက် တာဝန်ယူမှုအပြည့်ပေးမယ်လို့ ကြားတာပဲ။ ဆိုလိုတာက နည်းပြက အားကောင်းတဲ့လူဖြစ်ရမယ်”
ရှီရှောင်ဘင်းသည် အသံတိုးတိုးပြောလိုက်သည်။ “ဒါဆိုဒီလက်ရွေးစင်အသင်းက ပျက်တော့မှာလား”
လူတိုင်းမှာ ဤအရာအားကြားသောအခါ အလွန်စိတ်ပူသွားခဲ့သည်။
တကယ်တမ်းတွင် သူတို့သည် လက်ရွေးစင်အသင်း၏ အခြေစိုက်စခန်းတွင် နေရသည်ကိုကြိုက်သည်။ မေဂျာကလပ်များမှ ဆရာများမှာ ဤနေရာတွင်စုဝေးနေကာ သူတို့သည် အတူတကွ အချင်းချင်းသင်ယူပြီး လေ့ကျင့်ကြသည်။ ဤသည်မှာ သူတို့ကလပ်ထဲတွင် ရှိနေစဉ်ထက် ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်။ အားနည်းသည့်သူများမှာ ပိတ်ပင်ခံရသည်အထိ အနိုင်ကျင့်ခံရနိုင်သော်လည်း လူအများစုမှာ ဆရာများနှင့် ယှဉ်ပြိုင်ရသည်ကို ကြိုက်နှစ်သက်နေဆဲဖြစ်သည်။ ၎င်းသည်ပို၍ပျော်စရာကောင်းသည်။
ယခုနည်းပြအသစ်အား ခန့်အပ်ထားပြီး လက်ရွေးစင်အသင်းမှာ အဖွဲ့ပျက်တော့မည့် အလားအလာရှိနေသည်။
သူတို့သည် အချိန်အတော်ကြာ ဤအခြေစိုက်စခန်း၌ နေနိုင်မည်မဟုတ်တော့ပေ။
ရှားလီသည် သူမ၏ခေါင်းကိုကုတ်နေခဲ့သည်။ “ကမ္ဘာ့စီးရီးကပြီးသွားပြီ။ လက်ရွေးစင်အသင်းရဲ့ အခြေစိုက်စခန်းမှာ ဆက်နေဖို့ ကျွန်မတို့အတွက် အဓိပ္ပာယ်မရှိတော့ဘူးလား”
လုကျင်းယွမ်သည် မျက်မှောင်ကြုတ်ခဲ့သည်။ “ကလပ်ကငါ့ကို ပြန်လာဖို့ ဆော်ဩနေတယ်။ အသင်းက ပျက်သွားရင် စောစောအထုပ်အပိုးတွေထုပ်ရမှာလား”
လင်းဟောင်ရန်သည် သူတို့အားကြည့်ကာ သူ၏အသံမှာ လေးနက်နေခဲ့သည်။ “နည်းပြအသစ်ရောက်လာတာနဲ့ နောက်ထပ်လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်တွေက အသင်းတိုက်ရိုက်ပျက်သွားသည်ဖြစ်စေ လေ့ကျင့်ရေးဆက်ရှိမည်ဖြစ်စေ သေချာပေါက် ပြန်အရွေးခံရမှာပဲ။ မင်းတို့ကမင်းတို့အဆင့်တိုးတက်အောင်သာ ကြိုးစားပြီး နှောက်နှစ်ပြန်လာခဲ့ရုံပဲ”
သူတို့အားလုံး နားလည်သွားသောကြောင့် ခေါင်းငြိမ့်ခဲ့သည်။
လက်ရွေးစင်အသင်းတစ်သင်းချင်းစီမှာ နိုင်ငံတစ်ဝှမ်းမှ လူများအား ရွေးချယ်လိမ့်မည်။ ရွေးချယ်သည့်နည်းလမ်းအမျိုးမျိုးရှိသည်။ နည်းပြအသင်းနှင့် လိဂ်တွင် ပြောရေးဆိုခွင့်သေချာပေါက်ရှိသော်လည်း အထူးကလပ်များမှာ နောက်ကွယ်တွင်လည်း ပြုမူခဲ့ကြသည်။ ရွေးချယ်မှုဖြစ်စဉ်မှာ အလွန်ရှုပ်ထွေးလှသည်။
သူတို့သည် နောက်နှစ်တွင် လက်ရွေးစင်အသင်း၏ အခြေစိုက်စခန်းသို့ ဝင်နိုင်မည်လားကို ဆုံးဖြန်ရန် ‘သူတို့၏ကိုယ်ပိုင်စွမ်းရည်များအပေါ်သာမှီခို’ နိုင်သည်။
လုကျင်းယွမ်သည် သူ၏အခန်းသို့ပြန်လာပြီး ကလပ်မန်နေဂျာသို့ စာပို့ရန်သူ၏ဖုန်းကို ချက်ချင်းထုတ်လိုက်သည်: [အစ်ကိုကျောင်း၊ လက်ရွေးစင်အသင်းနည်းပြအသစ်ကို ရွေးပြီးပြီလို့ ခေါင်းဆောင်လင်းက ခုနကပြောတယ်။ အစ်ကိုဘာသတင်းများကြားမိလဲ။]
မန်နေဂျာကျောင်းသည် အမြန်စာပြန်ခဲ့သည်: [လိဂ်က နည်းပြအသစ်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတာနဲ့ပတ်သက်ပြီး အရမ်းတင်းကျပ်နေတယ်။ တရားဝင်ကြေငြာမှုမတိုင်ခင် ဘာကိုမှကြားရမှာမဟုတ်ဘူး]
လုကျင်းယွမ်သည် မေးခဲ့သည်: [လောင်လင်းက အနားယူဖို့အဆင်သင့်ဖြစ်နေပြီ။ နောက်တစ်ကြိမ်ကျရင် ကျွန်တော်အထူးအဖွဲ့ဝင်အနေနဲ့ ကစားလို့ရနိုင်တယ်မလား]
မန်နေဂျာသည် ပြုံးနေသည့်အီမိုဂျီများဖြင့် စာပြန်ခဲ့သည်: [သူအရင်ကတည်း လူသစ်အတွက် နေရာပေးသင့်ခဲ့တာလေ။ ရှီရှောင်ဘင်းရဲ့စွမ်းရည်တွေက မင်းနဲ့ဆို ဟိုးအောက်မှာပဲ။ နောက်ထပ်အားဖြည့်သူနေရာမှာတိုက်ကြတာပေါ့။ အထူးကစားသမားအနေနဲ့ မင်းကိုငါတို့သေချာပေါက် ကစားခွင့်ပေးမှာပဲ။ စိတ်ချလိုက်တော့]
လုကျင်းယွီသည် ဤစကားများအား မြင်ခဲ့ပြီး စိတ်သက်သာရာရသွားခဲ့သည်။
လက်ရွေးစင်အသင်းတွင် အားဖြည့်သူသုံးယောက်ရှိသည် လောင်လင်းသည် အဓိကကစားသမားဖြစ်နေစဉ် သူနှင့်ရှီရှောင်ဘင်းမှာ အရန်များဖြစ်နေခဲ့သည်။ သူ၏ပုံစံမှာ လောင်လင်း၏ပုံစံနှင့် အနည်းငယ်ဆင်တူနေခဲ့သည်။ သူတို့သည် လေးလံသော မီးစွမ်းအားနှင့် ရန်သူကို ကြမ်းတမ်းစွာ ဖိနှိမ်သည်။ သို့သော် သူသည်ဤနှစ်တွင် အသက်၁၈နှစ်အောက် ဖြစ်နေခဲ့သည်။ သူသည် လက်လျင်မြန်မှုနှင့် တုံ့ပြန်မှုနှုန်းအရ အသက်22နှစ် ဝါရင့်ကစားသမားထက်မြန်နေခဲ့သည်။
လောင်းလင်၏အခြေအနေမှာ နှစ်ပေါင်းများစွာ ကစားပြီးနောက် ကျဆင်းလာပြီး ဤသည်မှာ အနားယူရန် အချိန်ပင်ဖြစ်သည်။
ရှီရှောင်ဘင်းသည် ကြွက်တစ်ကောင်ကဲ့သို့ ကြောက်တတ်ကာ အလွန်သတိထားတတ်သည်။ သူသည်သူ့ကိုယ်သူလုံးဝ စိတ်မလွတ်ထားခဲ့ပေ။
ထို့ကြောင့် နောက်တစ်ခါလက်ရွေးစင်အသင်း၏ အဓိကအားဖြည့်သူမှာ လုကျင်းယွမ်ဖြစ်နိုင်ချေများသည်။
လုကျင်းယွမ်သည် သူ၏မျက်နှာပေါ်မှ အပြုံးနှင့် ဖုန်းအားချထားလိုက်သည်။ သူသည်မီးပိတ်ကာ ပျော်ရွှင်စွာ အိပ်ရာဝင်သွားခဲ့သည်။
ဤအချိန်၌ ကယ်လီဖိုးနီးယားတွင် နေ့လယ်ဖြစ်နေခဲ့သည်။
ကျန်းရှောင်ယွီသည် သူနှင့်အတူ ကြီးမားသောခရီးဆောင်အိတ်ကိုယူကာ သူ၏ဆေးရရန် ဆေးရုံသို့မောင်းသွားခဲ့သည်။ ဆရာကျိုးသည် သူ့အား စိတ်ရှည်လက်ရှည် ကြိုတင်သတိပေးချက်များအား ပြောပြကာ အိမ်သို့ယူသွားရန် အီလက်ထရောနစ် ဆေးမှတ်တမ်းတစ်ခုကို ပေးခဲ့သည်။
ကျန်းရှောင်ယွီသည် သူ့အားကျေးဇူးတင်ခဲ့ကာ တားဆေးသေတ္တာဘူးနှင့် ဆေးရုံမှ ထွက်သွားခဲ့သည်။
သူသည်အိမ်ပြန်လာခဲ့ကာ သို့သို့အတွက် ပစ္စည်းများစီမံရန် အိမ်မွေးတိရစ္ဆာန် ပို့ဆောင်ရေးကုမ္ပဏီကို ဆက်သွယ်ခဲ့သည်။ ထို့နောက်သူသည် သူ၏ခရီးဆောင်အိတ်ကို စတင်ထုပ်ပိုးခဲ့သည်။
သူသည် သူ၏ဘေးတွင် ချစ်စရာခွေးကလေး သို့သို့နှင့်အတူ ငါးနှစ်ကျော်ကြာ အလွန်သက်တောင့်သက်သာဘဝတွင် နေလာခဲ့သည်။ စိတ်လှုပ်ရှားစရာ ကစားပွဲများ၊ ဆုတံဆိပ်များ၊ အတိတ်၏ ရယ်သံနှင့် မျက်ရည်များသည် သူ၏မှတ်ဉာဏ်ထဲ နက်နဲစွာ နစ်မြုပ်ထားသော အိပ်မက်ဖြစ်နေပုံရသည်။
အတိတ်က သူသည်ထွက်သွားပြီးနောက် e-sports တွင် ထပ်မံဝင်မပါတော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး e-sports ကလပ်များနှင့် ဆက်သွယ်မှုမလုပ်တော့ရန်လည်း ကတိပေးခဲ့သည်။
မထင်မှတ်ဘဲနှင့် သူသည်နောက်ဆုံးတွင် သူ၏ကတိမတည်နိုင်ခဲ့ပါ။
တရုတ်နိုင်ငံသည် ဖိအားကိုတောင့်ခံနိုင်သော လက်ရွေးစင်အသင်းနည်းပြဖြစ်သည့် သူ့အားလိုအပ်နေခဲ့သည်။
ညီမယွီသည် သူ့အား မထင်မရှားဖြစ်နေရာမှ ပြန်ပေါ်လာရန် ကိုယ်တိုင်ဖိတ်ကြားခဲ့သောကြောင့် သူသည်ကြီးပြင်းလာရမည်။
နောက်ဆုံးတွင် သူ့အား မွေးထုတ်ပေးခဲ့သည့်မြေနှင့် သူ၏အမိမြေပင်ဖြစ်သည်။ သူသည် တရုတ်လက်ရွေးစင်အသင်းမှာ နှစ်တိုင်းကမ္ဘာ့စီးရီးတွင် အနိုင်ကျင့်ခံရသောကြောင့် ဒီအတိုင်းကြည့်ချင်စိတ် မရှိခဲ့ပေ။
ကျန်းရှောင်ယွီသည် သူနေထိုင်ခဲ့သည့်ငါးနှစ်ကြာခဲ့သည့် အိမ်အားနောက်ဆုံးတစ်ချက်မကြည့်ခင်တွင် အခန်းတစ်ဝိုက်ဝေ့ကြည့်နေခဲ့သည်။ သူသည်သို့သို့အား ချီမလိုက်ကာ ပြောလိုက်သည်။ “အိမ်ပြန်ကြရအောင်”
နောက်တစ်နေ့နေ့လယ်ခင်း၊ မြို့တော်၏အပြည်ပြည်ဆိုင်ရာလေဆိပ်။
လေယာဉ်ဆိုက်ရောက်လာသော ကြေငြာချက်သည် ယွီမင်ကျန်းနှင့် ကျွီဟန်တို့ထွက်ပေါက်၌ စိုးရိမ်တကြီးစောင့်နေစဉ်တွင်လတိုက်ရိုက်ထုတ်လွှင့်သည့်စနစ်မှတစ်ဆင့် ကြားခဲ့သည်။
အချိန်အနည်းငယ်ကြာသောအခါ သူတို့သည် အရပ်ရှည်ရှည်လူတစ်ယောက် သူတို့နားလျှောက်လာသည်ကို မြင်ခဲ့သည်။
ထိုလူမှာ အနက်ရောင်ကုတ်အင်္ကျီ၊ နှာခေါင်းစည်း၊ ဦးထုပ်နှင့် နေကာမျက်မှန်ကို ဆောင်းထားခဲ့သည်။ သူသည် ဖြောင့်မတ်သည့်ကိုယ်နေဟန်ထားဖြင့် တည်ကြည်စွာ လျှောက်လာခဲ့သည်။
သူသည် သူ၏လက်နှစ်ဖက်လုံးနှင့် ကြီးမားသော ခရီးဆောင်အိတ်ကို ဆွဲကိုင်ထားပြီး သူ၏ညာဘက်လက်ထဲရှိ ခရီးဆောင်အိတ်၏ထိပ်တွင် အိမ်မွေးတိရစ္ဆာန်အိတ်တစ်ခုရှိနေခဲ့သည်။ အိတ်ထဲတွင် အနက်ရောင်မျက်လုံးပြူးပြူးဖြင့် စိတ်ဝင်တစား လှည့်ပတ်ကြည့်နေခဲ့သည့် ချစ်စရာကောင်းသော အညိုရောင် အလှမွေးခွေးတစ်ကောင်ရှိနေခဲ့သည်။
ယွီမင်ကျန်းသည် အချိန်တစ်ခုကြာ ဤလူအားမမှတ်မိရဲခဲ့ပေ။
သူသည်သူတို့ရှေ့ရပ်ကာ သူ၏မျက်မှန်များချွတ်လိုက်သည့်အချိန် တစ်ခုထိဖြစ်သည်။ ယ
ထိုလူ၏အသားအရည်မှာ ဆိုးဆိုးဝါးဝါးဖျော့တော့နေစဉ် သူ၏မျက်လုံးများမှာ အေးစက်သည့်ကြယ်များကဲ့သို့ တောက်ပနေခဲ့သည်။ သူ၏အကြည့်မှာအေးစက်ကာ သူသည်အကြည့်တစ်ချက်တည်းနှင့် ရန်စရန်မလွယ်ကူပေ။ ကြည့်ကောင်းသော မျက်ခုံးများမှာ သူ၏မျက်နှာအသွင်အပြင်အား ချွန်ထက်သွားစေသော်လည်း သူ၏နှုတ်ခမ်းထောင့်နားမှ အနီရောင်မှဲ့သေးသေးလေးမှာ မူလအေးစက်စက်မျက်နှာအား တောက်ပစေခဲ့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် မမြင်ရသည်မှာ နှစ်အနည်းငယ်ကြာခဲ့သော်လည်း သူသည်ငယ်စဉ်ကထက် ပို၍ချောမောကာ ပို၍အားသန်သည့် ခံစားချက်မျိုးရှိနေခဲ့သည်။
ယွီမင်ကျန်းသည် သူမ၏လက်အား စိတ်လှုပ်ရှားစွာ မလှမ်းခင် ခဏတာကြောင်သွားခဲ့သည်။ “အားယွီ၊ ကြိုဆိုပါတယ်”
ကျန်းရှောင်ယွီသည် သူ၏လက်ကိုဆန့်ထုတ်ကာ ယွီမင်ကျန်းနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ “ညီမယွီ၊ မတွေ့တာကြာပြီ”
ထို့နောက်သူသည် သူ့ဘေးရှိလူ၏လက်အား ဆွဲကာ နှုတ်ဆက်ခဲ့သည်။ “ခေါင်းဆောင်ကျွီ…ဒါမှမဟုတ် မင်းကိုအခု သူဌေးကျွီလို့ ခေါ်သင့်ပြီလား”
ကျွီဟန်မှာ ရယ်လိုက်သည်။ “ငါကဒီတိုင်းဒုဥက္ကဌဖြစ်ပြီး စားဖို့သောက်ဖို့အတွက်လုပ်နေတာပါ။ မင်းရဲ့ပြောင်းလဲမှုက အရမ်းများတော့ ငါမင်းကိုတောင် မမှတ်မိနိုင်တော့မလိုပဲ”
ကျန်းရှောင်ယွီသည် သူတို့နှစ်ယောက်အား ခေါင်းငြိမ့်ပြလိုက်သည်။ “မင်းတို့နှစ်ယောက်လုံး ငါ့ကိုကိုယ်တိုင်လာကြိုတာပဲ။ ဘယ်နေရာကိုအရင်သွားမလဲ”
ကျွီဟန်သည် ရှင်းပြရင်းနှင့် ခရီးဆောင်အိတ်နှင့်သူ့အား ရှင်းပြခဲ့သည်။ “ငါတို့အရင် စာချုပ်ချုပ်ဖို့ လိဂ်ရဲ့ဌာနချုပ်ဆီသွားမယ်။ ခေါင်းဆောင်တွေက မင်းကိုစောင့်နေပြီ” သူသည် ခရီးဆောင်အိတ်ကိုမကာ ပြောနေခဲ့သည်။ “ခရီးဆောင်အိတ်ထဲ အရမ်းလေးလို့ မင်းဘာကိုဘယ်လာတာလဲ”
ကျန်းရှောင်ယွီသည် တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။ “တားဆေး”
ကျွီသန်နှင့် ယွီမင်ကျန်းသည် အချင်းချင်းသံသယစိတ်နှင့် ကြည့်ခဲ့ကြသည်။
ကျန်းရှောင်ယွီသည် ထပ်ပြောခဲ့သည်။ “သူတို့က ထိုးသွင်းရမယ့် အိုမီဂါတားဆေးတွေမို့ သူတို့နည်းနည်းတော့လေးတယ်”
ကျွီဟန်: “……”
ယွီမင်ကျန်းသည် သတိပြန်လည်မလာခင် ကြောင်နေခဲ့သည်။ “အားယွီ၊ မင်းကအခု အိုမီဂါလား”
ကျန်းရှောင်ယွီသည် အေးဆေးဖြေလိုက်သည်။ “ဟုတ်တယ်။ ငါကအိုမီဂါအဖြစ် ခွဲခြားခံရတယ်။ ခရီးဆောင်အိတ်မှာ ကယ်လီဖိုးနီးယားက ဆေးပညာအသင်းက ငါ့အတွက်အထူးဖော်စပ်ပေးထားတဲ့ တားဆေးပါတယ်။ အဲ့ဒါအရမ်းအလုပ်ဖြစ်တယ်။ ငါအရင်နှစ်တွေတုန်းက တစ်ခါမှသတိမလွတ်ဖူးဘူး။ ဒါကလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကို မသက်ရောက်ဘူးလို့ မင်းတို့သေချာပေါက် စိတ်ချထားလိုက်”
ကျွီဟန်သည် ဤအကြောင်းကြားသောအခါ သူ၏စိတ်ထဲရှုပ်ထွေးမှုများပြည့်နေခဲ့သည်။
ကျန်းရှောင်ယွီသည် အနားယူသောအခါ အသက်၁၈နှစ်သာရှိသေးကာ သူ့အားမခွဲခြားရသေးပေ။ မည်သို့ပင်ဆိုစေကာမူ နယ်ပယ်မှာ သူ့အား အကြမ်းတမ်းဆုံးနှင့် အအေးစက်ဆုံး ကစားသမားဖြစ်ကာ အယ်လ်ဖာဖြစ်နိုင်ချေများသည်ဟု အသိအမှတ်ပြုခဲ့သည်။
ကံမကောင်းစွာနှင့် ဤလူသည် အိုမီဂါအဖြစ်ခွဲခြားခံခဲ့ရသည်။
ကျွီဟန်သည် ဗိုလ်လုပွဲတွင် ကျန်းရှောင်ယွီသူ့အား ခေါင်းသို့ပစ်လိုက်သည့် မြင်ကွင်းအား ပြန်တွေးကြည့်ကာ ကျန်းရှောင်ယွီ၏ ကိုယ်ရည်ကိုယ်သွေးမှာ အိုမီဂါအဖြစ်ခွဲခြားခံရလျှင်ပင် သူသည်ဆရာတစ်ဆူဖြစ်နေလိမ့်မည်ဟု ခံစားမိခဲ့သည်။ သာမန်အယ်လ်ဖာများမှာ သူ့အား နာခံလိမ့်မည်။
ထို့ကြောင့် သူ့အားနားမထောင်သော အယ်လ်ဖာကစားသမားများနှင့်ပတ်သက်၍ စိတ်ပူစရာမလိုပေ။
သူသည် အိုမီဂါနည်းပြဖြစ်နိုင်သော်လည်း ဤ သေနတ်ဘုရင်၏ e-sports စက်ဝန်းထဲမှ ‘တည်ထောင်သူအဆင့်’ ပုံရိပ်မှာ လက်ရွေးစင်အသင်းထဲမှ ထိုလူဆိုးများအား အလွယ်တကူ ရှင်းလင်းနိုင်လိမ့်မည်။
ကျွီဟန်သည် ယွီမင်ကျန်းအား စိုက်ကြည့်ကာ ပြုံးလိုက်သည်။ “ဟုတ်ပြီ။ မင်ကျန်း။ စခန်းကိုဆက်သွယ်ပြီး အားယွီကို စတုတ္ထထပ်ရဲ့ထောင့်က တစ်ယောက်ခန်းမှာ နေခိုင်းလိုက်။ အဲ့အခန်းကတိတ်ဆိတ်ပြီး ရှုခင်းလည်းကောင်းတယ်။ အသင်းကစားသမားတွေရဲ့ နှောင့်ယှက်ခံရမှာနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး”
“နားလည်ပါပြီ။ အခုလုပ်လိုက်ပါမယ်” ယွီမင်ကျန်းသည် အိတ်ထဲမှ ခွေးကလေးအား ငုံ့ကြည့်နေခဲ့သည်။ “ဒီခွေးလေးက အရမ်းချစ်စရာကောင်းတယ်။ အားယွီ မွေးထားတာလား”
“ဟုတ်တယ် သူ့နာမည်က သို့သို့တဲ့။ ငါးနှစ်ရှိပြီ”
ယွီမင်ကျန်းသည် အသာအယာလက်ကမ်းကာ သို့သို့၏ခေါင်းကို ခပ်ဖွဖွကိုင်လိုက်သည်။ ဤအစ်မသည် သဘောကောင်းသည်ဟု သို့သို့တွေးမိပုံရကာ သူမ၏လက်ဖဝါးနှင့် သူ၏ခေါင်းအားပွတ်သပ်နေခဲ့သည်။ ယွီမင်ကျန်းသည် စိတ်လှုပ်ရှားစွာနှင့် ချက်ချင်းခရီးဆောင်အိတ်ကို ကိုင်မလိုက်ပြီး သူတို့နှစ်ယောက်အား ကားရပ်နားရာနေရာသို့ ခေါ်သွားခဲ့သည်။
လက်ရွေးစင်အသင်းမှာ ကျန်းရှောင်ယွီအား ကြိုဆိုရန် လုပ်ငန်းသုံးကားကို စီစဉ်ထားခဲ့ကာ အထဲတွင်အလွန်နေရာကျယ်သည်။
ကျန်းရှောင်ယွီသည် ကားနောက်ခုံတွင်ထိုင်ကာ ကားမှာ အဝေးပြေးလမ်းမပေါ် အမြန်တက်သွားခဲ့သည်။
သူသည်လိုက်ကာများအားဖွင့်ပြီး ကားပြတင်းပေါက်အပြင်ဘက်မှ ရင်းနှီးသော်လည်း သိပ်မရင်းနှီးသည့်မြင်ကွင်းအား ငေးကြည့်နေကာ သူ၏ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
သူပြန်လာခဲ့ပြီ။
ငါးနှစ်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် သူ၏သူငယ်ချင်းဟောင်းများ အဆင်ပြေနေမည်လား။