အခန်း ၁၈
သူမသည် အချိန်တော်တော်ကြာအောင် ထိုကလေးနှင့် တွေ့ဖြစ်ဦးမည် မဟုတ်ပေ။
သူမသည် ဤမြို့မှ ထွက်ခွာ၍ မူလပိုင်ရှင်၏ မိဘများကို ပြုစုစောင့်ရှောက်ပေးရန် ပြန်သွားရပေဦးမည်။
ထိုကိစ္စသည် မူလပိုင်ရှင်၏ အဖြစ်ချင်ဆုံးသော ဆန္ဒတစ်ခု ဖြစ်လေသည်။
အန်းရှသည် ချန်ရွှယ်မင်၏ လက်မောင်းကို ကိုင်ဆွဲထား၍ ထွက်ခွာသွားလေတော့သည်။ မော့ကျားရှုသည် အန်းရှကို ပွင့်လင်းသော သူတစ်ယောက်အဖြစ် ထင်မှတ်လိုက်ပြီး နောက်ကျောကိုသာ ငေးကြည့်နေမိတော့သည်။
ထိုကလေးငယ်လေး၏ မူလက နီထွေးနေသော နှုတ်ခမ်းလေးများသည်လည်း တင်းတင်းစေ့ထားသောကြောင့် ဖြူဖျော့နေလေတော့သည်။
သူ၏ ဂရုမစိုက်ဟန် အမူအယာသည်လည်း ခေါင်းမာသော ဟန်ပန်သို့ ပြောင်းလဲသွားပြန်သည်။
မော့စံအိမ်မှ ထွက်ခွာလာပြီးနောက် စိတ်ခံစားချက် မကောင်းသေးသော ချန်ရွှယ်မင်သည် သူမအနှစ်သက်ဆုံးသော စားသောက်ဆိုင် တစ်ဆိုင်တွင် ကောင်းကောင်း စားသောက်ရန် အန်းရှကိုခေါ်၍ ထွက်လာခဲ့လေသည်။
ထိုဆိုင်သည် ချန်ရွှယ်မင် အနှစ်သက်ဆုံးသော စားသောက်ဆိုင် ဖြစ်လေသည်။
ဤစားသောက်ဆိုင်မှ စားဖွယ်ရာများသည် လွန်စွာ ဈေးကြီးလှသဖြင့် သူမသည် မကြာခဏတော့ လာရောက်လေ့မရှိပါ။
အနည်းဆုံးတော့ ဤစားသောက်ဆိုင်မှ အသားအသောက် ဈေးနှုန်းများသည် သူမအနေဖြင့် မကြာခဏ လာရောက် စားသောက်ရန် တတ်နိုင်သည့် အနေအထား မဟုတ်ချေ။
“ရှရှ…ဒီဆိုင်က အစားအသောက်တွေက အရမ်း စားကောင်းတယ်။ ဒီဆိုင်မှာ လာစားချင်တယ်ဆိုရင် တစ်ပတ်ကြိုတင်ပြီး စာရင်း ပေးထားရတယ်”။
ချန်ရွှယ်မင်သည် အန်းရှကို ဤစားသောက်ဆိုင်အကြောင်း ပြောပြ၍ ဤဆိုင်မှ အထူးဟင်းလျာများ အကြောင်းကိုလည်း ရှင်းပြနေလေသည်။ “ယန်ကျင်း ဝက်ဆားနယ်ခြောက်၊ ဘဲကင်၊ ငါးနဲ့ ဟင်းအနှစ်…”။
အန်းရှသည် တိတ်တိတ်ကလေး တံတွေးပင် မြိုချမိနေတော့သည်။
သူမသည် ယခင် ရှင်သန်ခဲ့ရာ ဘဝတွင်တော့ ကျန်းမာရေး ချူချာလှသဖြင့် ဆေးဝါးဓာတ်စာ များကိုသာ နေ့စဉ် အနည်းငယ်မျှသာ စားသောက်ခဲ့ရလေသည်။
သူမအတွက် ချက်ပြုတ်ပေးသော စားဖိုမှူးသည် မည်မျှပင် တော်နေစေကာမူ ဆေးဝါးဓာတ်စာပင် ဖြစ်လေသောကြောင့် ချဉ်ခြင်း၊ ချိုခြင်း၊ စပ်ခြင်းကဲ့သို့သော ရသာမွန်မျိုး မရရှိနိုင်ပါ။
ထို့ကြောင့် ယခုအချိန်တွင် အန်းရှသည် အင်တာနက် စွဲလမ်းနေသော ကလေးမလေး တစ်ဦး ဖြစ်နေရုံမက အစားအသောက် စွဲလမ်းသူပါ ဖြစ်နေလေတော့သည်။
“ရှရှ…နင် နောင်အနာဂတ်မှာ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”။
“ငါ…ငါ အိမ်ပြန်ဖို့ စီစဉ်ထားတယ်။ ငါ အိမ်မပြန်တာ ငါးနှစ်ရှိပြီလေ။ အဲဒီတော့ ငါ့မိဘတွေဆီကို ပြန်ချင်တယ်”။
ချန်ရွှယ်မင်သည် ခေါင်းညိမ့်လိုက်ပြီးနောက် “နင် ပြန်သင့်တာပေါ့”။
နှစ်ယောက်သား စကားထိုင်ပြောနေကြရင်း မကြာခင်မှာပင် သူတို့မှာယူထားသော ဟင်းလျာများကို စားပွဲထိုးသည် စားပွဲအပြည့် တည်ခင်းသွားလေတော့သည်။
သူတို့နှစ်ဦးသည် စားသောက်နေကြရင်းဖြင့် အန်းရှ၏ အနာဂတ် ဘဝ အစီအစဉ်များကို ဆွေးနွေးနေတော့သည်။
ချန်ရွှယ်မင်သည် အများကြီးလည်း သောက်နေလေသည်။
“ရှရှ…မော့ယွီစန်းနဲ့ ထောင်ကျစ်ရှင်းက တကယ်ကို လူမဆန်ကြဘူး။ နင် အရမ်းမှားသွားတယ်။ နင် အရမ်းကို မှားခဲ့တာပဲ…”။
အန်းရှသည် ချန်ရွှယ်မင်ကို ယခုကဲ့သို့ အရက်မူးသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပါ။ သူမအနေဖြင့် တစ်စုံတစ်ဦးသည် ပထမဆုံး အကြိမ်အဖြစ် အရက်မူးသွားကာ အသိစိတ်လွတ်သွားခြင်းကို ကြုံတွေ့လိုက်ရလေပြီ။
ကံကောင်းသည်မှာ သူတို့သည် သီးသန့် အခန်းတစ်ခုထဲတွင် ထိုင်၍ စားသောက်နေသောကြောင့် အခြားသော ဧည့်သည်များအတွက်တော့ အနှောင့်အယှက် မဖြစ်ခဲ့ပါ။
“မင်မင်…ငါ စိတ်လည်း မဆိုးပါဘူး။ မှားလည်း မမှားခဲ့ပါဘူး”။
ငွေကြေးနှင့် ပိုင်ဆိုင်မှုများစွာ ရရှိခဲ့သလို ကလေးကိုလည်း ပြုစုပျိုးထောင်စရာ မလိုအပ်သောကြောင့် ထိုအရာသည် အလွန်ကောင်းမွန်သော ကိစ္စတစ်ရပ်ဖြစ်ပြီး သူမလည်း အလွန် ပျော်ရွှင်နေမိသည်။
“ထောင်ကျစ်ရှင်းကို အဲဒီလောက် အရှက်မရှိတဲ့သူ ဖြစ်လိမ့်မယ်လို့ ငါလုံးဝ ထင်မထားခဲ့ဘူး။ နင့် ယောက်ျားကို ခိုးယူသွားတာက အဆင်ပြေသေးတယ်။ နင့်ရဲ့သားကိုပါ သူက လုယူသွားတယ်။ ကောင်မ…ကောင်မစုတ်”။
“…”
ချန်ရွှယ်မင်သည် အရက်မူးနေလျှင် ဤမျှလောက် ပြောင်းလဲသွားလိမ့်မည်ဟု အန်းရှ မထင်မှတ်ခဲ့မိပါ။ သူမသည် လူများကိုတောင် ကျိန်ဆဲနေတော့သည်။
သူမ ထင်ထားခဲ့သည်က ချန်ရွှယ်မင်သည် စိတ်ဓာတ် ကြံခိုင်သော အာဂ အမျိုးသမီးတစ်ဦး ဖြစ်သည်ဟုပင်။
သို့သော်လည်း….
ချန်ရွှယ်မင်သည် အလွန် ကြင်နာသနားတတ်သူ ဖြစ်၍ ချစ်စဖွယ်ပင် ကောင်းနေတော့သည်။
“ရှရှ…ဘာမှ စိတ်မပူနဲ့။ ငါ ဒီမှာ ရှိနေသရွေ့ အဲဒီအတွဲ နင့်ကို လုံးဝ အနိုင်မကျင့်စေရဘူး။ ဒီ မိန်းမအိုကြီးက သူတို့ကို အနိုင်ယူပြမယ်…”။
အန်းရှ၏ နှလုံးသားထဲတွင် နွေးထွေးသွားရတော့သည်။
သူငယ်ချင်းကောင်းဆိုသည်ကို သူမ သိနားလည် သွားရတော့သည်။ အရမ်းကို ကောင်းမွန်သည်လေ။
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် မင်မင်ရယ်”။
“ရှရှ…ဒါ အရမ်း အရသာရှိတယ်။ ဒါ ငါအကြိုက်ဆုံး ဟင်းလျာပဲ။ များများစား။ ဒါလည်း အရမ်း အရသာရှိတယ်”။
စားပွဲပေါ်မှ ဟင်းလျာများအားလုံးသည် အရသာ ရှိလှသော်လည်း ဟင်းပွဲများမှာ များလွန်းလှသည်။
ထို့ကြောင့် ဟင်းပွဲများအားလုံး မကုန်သေးသော်လည်း သူတို့နှစ်ဦးသည် ထပ်မံ၍ မစားသောက်နိုင်တော့ပေ။
အများကြီး စားလိုက်ခြင်း၏ အကျိုးဆက်အနေဖြင့် ချန်ရွှယ်မင်သည်လည်း အနည်းငယ် အမူးပြေသွားလေတော့သည်။
“ရှရှ…ငါ ပိုက်ဆံသွားရှင်းလိုက်ဦးမယ်။ ဒီမှာ ခဏစောင့်နေဦး”။
အန်းရှသည် ခေါင်းညိမ့်ပြလိုက်သည်။ စားပွဲပေါ်တွင် ကျန်ရှိနေသေးသော အစားအသောက် အချို့တစ်ဝက်များကို ကြည့်လိုက်ပြီးနောက် သူမသည် တိုးတိုးလေး ပြောလိုက်သည်။ “မင်မင်…ဒီ အစားအသောက်တွေကို ထုတ်ပေးဖို့ စားပွဲထိုးကို ပြောလိုက်ရအောင်။ မဟုတ်ရင် ဖြုန်းတီးရာကျတယ်”။
ချန်ရွှယ်မင်သည် စားသောက်ဆိုင်မှ အစားအသောက်များကို ထုတ်ပိုး သယ်ဆောင်သွား၍ မရဟု ပြန်ပြောလိုက်သည်။
ထိုသို့ဖြင့် စားပွဲပေါ်မှ အရသာရှိလှသော အစားအသောက်များသည် ထိုကဲ့သို့ အလေအလွင့်ဖြစ်သွားမည်ကို ကြည့်ရင်း အန်းရှသည် ဟင်းလျာများမှ အာဟာရဓာတ်များကို ဆုတ်ယူရန် သူမ၏ ကိုယ်ပိုင်စွမ်းအားများကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေတော့သည်။
သို့သော်လည်း…သူမ၏ စွမ်းအင်များကို ထုတ်လိုက်သောအခါ…သူမ နားလည်လိုက်ရသည်က
“ဟင်…”
သူမသည် စားဖိုမှူးပင် ဖြစ်နိုင်လေသည်။