အခန်း ၁၀
သူမသည် ပျော်ပျော်ရွှင်ရွှင် ပြုံးရယ်လို့နေသည်။ သို့သော်လည်း ချန်ရွှယ်မင်သည် အန်းရှက သူမကို စိတ်မပူစေချင်သောကြောင့်သာ ပျော်ရွှင်ချင်ဟန်ဆောင်နေခြင်းဖြစ်သည်ဟု ထင်နေမိသည်။
“အင်း…နင် နောက်ဆုံးတော့ ကွာရှင်းတော့မယ်။ နင် အိမ်ထောင်ပြုရင်တော့ စိုးရိမ်ပူပန်နေရမှာပဲလေ”။ ချန်ရွှယ်မင်သည် အန်းရှ၏ ပုခုံးကို ညင်ညင်သာသာပုတ်၍ နှစ်သိမ့်လိုက်လေသည်။
အန်းရှ၏ အိမ်ထောင်ရေးကို အခြားသူများ မသိလောက်ကြသော်လည်း သူမကတော့ သေသေချာချာ သိနားလည်ထားသူတစ်ယောက် ဖြစ်သည်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်နှစ်သက်ကြသည်ဟု မည်မျှပင်ဆိုစေကာမူ သူမကတော့ ထိုကဲ့သို့ မထင်မိပါ။ သူတို့နှစ်ဦး လက်ထပ်လိုက်ခြင်းမှာလည်း တိုက်ဆိုင်မှု တစ်ခုကြောင့်သာဖြစ်သည်။
လက်ထပ်ပြီးနောက်တွင်လည်း မော့ယွီစန်း၏ အန်းရှအပေါ်တွင်ထားသော ချစ်ခြင်းမေတ္တာကို သူမ မခံစားမိပါ။
အန်းရှ တည်ရှိနေခြင်းကိုပင် ဖော်ပြခြင်းမရှိခဲ့ပါ။
ထို့အပြင် မော့ယွီစန်း၏ လူယုံများနှင့် အခြားသော အပြင်လူများသည်လည်း အန်းရှသည် မော့ယွီစန်း၏ ဇနီးဖြစ်သည်ကိုပင် မသိကြပါ။
အမှန်တကယ်တော့ မော့ယွီစန်းသည် သူ၏ လုပ်ငန်းခွင်နယ်ပယ်အတွင်းသို့ အန်းရှကို တစ်ခါမျှ ချမပြခြင်းပင်ဖြစ်သည်။ မော့ယွီစန်းငည် သူတို့၏သားကိုလည်း အရစ်စတိုခရက်တစ် ကဲ့သို့ ဂုဏ်သရေရှိသူတို့သာ တက်ရောက်ကြသော ကျောင်းသို့ အချိန်ပြည့် တက်ရောက်စေသောကြောင့် အန်းရှသည် အိမ်တွင်သာ တစ်ဦးတည်း ကျန်နေခဲ့ရသည်။
ထိုအကြောင်းများကြောင့်ပင် သူမ၏ သူငယ်ချင်း အန်းရှသည် ခင်ပွန်းနှင့်သားကို ဂရုမစိုက်တော့ဘဲ သူမအတွက် ပစ္စည်းများဝယ်ရန်အတွက်ကိုသာ စိတ်ဝင်စားခဲ့တော့သည်။
ဤကွာရှင်းမှုသည် သူမသူငယ်ချင်း၏ အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်နေနိုင်သည်လေ။
ချန်ရွှယ်မင်ရှိနေခြင်းကြောင်း အန်းရှ၏ ဆေးရုံမှဆင်းခြင်း ကိစ္စသည် အဆင်ပြေချောမွေ့စွာ ပြီးစီးသွားတော့သည်။
သူမသည် ချန်ရွှယ်မင်၏ အကြံပြုချက်အတိုင်း အာဟာရပြည့်ဝသော နေ့လယ်စာကို စားသောက်လိုက်သည်။
စိတ်ဓာတ် ကြံခိုင်၍ အရှိန်အဝါကြီးမားသော ချန်ရွှယ်မင်သည် အန်းရှကို ဂရုတစိုက်ဖြင့် စောင့်ရှောက်ပေးနေရင်းဖြင့် နေ့တစ်ပိုင်းပင် ကုန်ဆုံးနေလေပြီ။
“မင်မင်…နင်က ငါ့အပေါ် အရမ်းကောင်းတာပဲ။ ငါတို့တစ်သက်လုံး သူငယ်ချင်းကောင်းတွေ လုပ်သွားကြမယ်နော်”။
သူငယ်ချင်းကောင်းတစ်ဦးပင် မရှိခဲ့ဖူးသည့်အန်းရှသည် ချန်ရွှယ်မင်ကို ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းစင်သော အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။
အန်းရှသည် ချန်ရွှယ်မင် ကားမောင်းနေခြင်းသာ မဟုတ်လျှင် သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိမည် ဖြစ်သည်။
သူငယ်ချင်းကောင်းတွေရှိနေခြင်းသည် အလွန်ကောင်းမွန်ပေသည်။
“ဟယ်! ရှရှ။ နင်ဒီနေ့ ဘာဖြစ်နေတာလဲ”။
မီးပွိုင့်မိနေချိန်တွင် ချန်ရွှယ်မင်သည် အန်းရှရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
အန်းရှသည် တစ်ချက်ပြုံးပြလိုက်၍ ခေါင်းခါပြလိုက်သည်။
သူမအနေဖြင့် အန်းရှကို ရက်ပေါင်းများစွာကြာအောင် မတွေ့မမြင်ခဲ့ရခြင်းကြောင့်ပေလားမသိ အန်းရှတစ်ယောက်သည် အနည်းငယ် ရိုးအသွားသလားဟု ခံစားနေမိသည်။
အန်းရှသည် သူမ၏မျက်လုံးများကို မှေးစဉ်းလိုက်ရင်းဖြင့် ပြောလိုက်သည်။ “ငါ ဘာမှမဖြစ်ပါဘူး။ တစ်နေ့မှာ ငါကွာရှင်းခံလိုက်ရမယ်ဆိုရင် နင့်ကိုပဲ ငါ အားကိုးရမှာလေ”။
သနား ကရုဏာသက်မှုများသည် ချန်ရွှယ်မင်၏ နှလုံးသားတစ်ခုလုံးကို ပြည့်လျှံသွားလေတော့သည်။
“ရှရှ…နင် ဘာမှမကြောက်နဲ့။ နင် ပိုင်ဆိုင်မှုတွေ အများကြီးရအောင် ငါ ကြိုးစားပေးမယ်”။
သို့သော်လည်း ချန်ရွှယ်မင်၏ အကြံအစည်များသည် အကောင်အထည်ဖော်ခွင့် မရခဲ့လိုက်ပါ။
အဘယ်ကြောင့်ဆိုသော်~~
“မိန်းကလေးအန်း။ ဒါကတော့ သူဋ္ဌေးမော့က မင်းကိုပေးချင်တဲ့ ပိုင်ဆိုင်မှုတွေပါ။ ကြည့်လိုက်ပါဦး။ ဘယ်လို သဘောရပါသလဲ”။
ရှေ့နေသည် စာချုပ်စာတမ်းများကို လှမ်းပေးလိုက်သည်။
အန်းရှသည် မူးဝေနေလျက်ပင် လှမ်းယူလိုက်သည်။
ထို့နောက် မင်တက် အံ့အားသင့်သွားလေတော့သည်။
“တစ်ဆယ်။ တစ်ရာ။ တစ်ထောင်။ တစ်သန်း။ သန်းပေါင်း တစ်ထောင်”။
အန်းရှသည် သုညပေါင်းများစွာကို ရေတွက်ပြီးသည့်နောက် အလွန်အံ့အားသင့်သွားတော့သည်။
“သန်းပေါင်း နှစ်ရာ့ ခြောက်ဆယ်တောင်”။
ချူချာလှသောအန်းရှသည် ကြွယ်ဝချမ်းသာသူ ဖြစ်သော်လည်း သူမသည် မိသားစု၏ ပစ်ပယ်ထားခြင်းကို ခံခဲ့ရသူဖြစ်သည်။
ပစ္စည်းပိုင်ဆိုင်မှုတွင်တော့ သူမသည် ဆယ်သန်းရရှိခဲ့လေသည်။
ယခုအချိန်တွင် သူမသည် မော့ယွီစန်းနှင့် ကွာရှင်းလိုက်ပြီး သန်း ၂၅၀ ပိုင်ဆိုင်သွားပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပင် အန်းရှတစ်ယောက် ဤများပြားလှသော ငွေများရရှိလိုက်ခြင်းကြောင့် အံ့သြနေမိပြန်သည်။