အခန်း ၉
နောက်တစ်နေ့မနက် ရောက်သောအခါ လင်းထိန်လို့နေပြီး အန်းရှသည် စိုးရိမ်နေသော မျက်နှာထားနှင့် အိပ်ရာမှ ခုန်ထွက်မတက် ထလိုက်တော့သည်။
ဂွီဂွီ။
သူမ၏ ဝမ်းဗိုက်ထဲတွင်လည်း တော်တော်လေး မအီမသာဖြစ်နေသည်။
အန်းရှသည် ဝမ်းဗိုက်ကို လက်ဖြင့်ဖုံးဖိထားရင်း လူနာဆောင်ရှိ သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့တော့သည်။
ဝုန်း!
သူမသည် သန့်စင်ခန်းတံခါးကို လျင်မြန်စွာပိတ်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူမ မျက်မှောင်ကြုပ်လိုက်မိသည်။
အာ!
သန့်စင်ခန်းဝင်လိုက်သည့်အချိန်တွင် ပိုပြီးသက်တောင့်သက်သာဖြစ်လာသည်ကို သူမခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော်…
“အိုး! အနံက ဆိုးလိုက်တာ”။
အန်းရှသည် သူမနှာခေါင်းကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ ဤသန့်စင်ခန်းထဲတွင်သာ ဆက်နေရမည်ဆိုလျှင် သူမ အန်ထွက်တော့မည်ဖြစ်သည်။
သူမသည် သန့်စင်ခန်းထဲမှထွက်၍ လေကောင်းလေသန့်ရှူရှိုက်လိုက်ပြီးနောက်မှလန်းဆန်းမှုကို ပြန်လည်ခံစားလိုက်ရသည်။
“ဝူး ဟူး!”
အန်းရှသည် သူမသည် သန့်စင်ခန်းတံခါးကို
ပြန်ပိတ်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် ပြန်ကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
ကံကောင်းသည်က ဤလူနာဆောင်၏ အနေအထားသည် စနစ်ကျ ကောင်းမွန်လှသည်။ သန့်စင်ခန်းထဲတွင် ပြတင်းပေါက်များစွာရှိနေသောကြောင့် အနံပြင်းပြင်းမွှေးရနံ့ဖြင့် ထိုအနံ့အသက်များကို ဖယ်ရှားပေးနိုင်လေသည်။
ထိုအချိန်တွင် သူနာပြုဆရာမ တစ်ဦးဦး ဝင်လာမည်ကိုလည်း စိုးရိမ်နေမိသေးသည်။
ဤအရာများသည် ရိုးတွင်းခြင်ဆီအတွင်း သန့်စင်သွားစေတာများ ဖြစ်နိုင်မည်လား။
သို့မဟုတ် ပုံမှန် ဝမ်းလျောခြင်းတစ်ခုပေပဲလား။
သို့သော်လည်း ဝမ်းလျောခြင်းသည် ထိုမျှလောက် အနံ့အသက်ဆိုးနိုင်သည်လား။
အန်းရှတစ်ယောက်တော့ လုံးဝကို နားမလည်နိုင်ဖြစ်နေတော့သည်။ နောက်ဆုံးတွင်တော့ ဆက်လက်၍ တွေးတောရန်ကိုပင် သူမငြီးငွေ့သွားလေတော့သည်။
ထားလိုက်ပါတော့။ လှည့်စားမှုဖြစ်စေ အခြားအကြောင်းအရာတစ်ခုဖြစ်စေ သူမ လက်လျှော့ထားလိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအစွမ်းသည် သူမအတွက်တော့ အကျိုးရှိနေသည်ဖြစ်သည်။
ထို့ကြောင့် အန်းရှသည် စိတ်ဖြေလျှော့လိုက်ပြီး အိပ်ရာပေါ်တွင် တစ်ဖန်ပြန်လှဲလိုက်ကာ ကွန်ပျူတာကို ကြည့်နေလိုက်လေတော့သည်။
ထို မိန်းမငယ်လေးသည် စာမျက်နှာပေါင်းများစွာကို ဖတ်ရှုနေချိန်တွင် သူနာပြုဆရာမနှစ်ဦးနှင့်အတူ လူနာလှည့်ပတ်ကြည့်ရှုနေသော ဆရာဝန်လီကို တွေ့လိုက်ရသည်။
ဆရာဝန်လီသည် လန်းဆန်းနေပုံရသည့် အန်းရှကို မြင်လိုက်ရသောအခါ အံသြထိတ်လန့်သွားလေသည်။ စမ်းသပ်မှုအချို့ ပြုလုပ်ပြီးသည့်နောက် သူမသည် ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံကပင် ဆင်းနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားလိုက်လေသည်။
သူမ၏အစွမ်းသည် အလွန်ထိရောက်ပုံရသည်။
“ကေျးဇူးတင်ပါတယ် ဒေါက်တာလီ”။
ဆရာဝန်လီသည် သူနာပြုနှစ်ဦးရှေ့မှ ဦးဆောင်ထွက်ခွာသွားလေသည်။
သူနာပြုငယ်လေးနှစ်ဦးသည် အန်းရှ၏အခန်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် တီးတိုးပြောဆိုလိုက်ကြသည်။ “သူဋ္ဌေးကတော်မော့က အသားအရည် ကောင်းလိုက်တာနော်”။
“ချမ်းသာတဲ့ သူတွေပဲဟာကို။ သူ့အသားအရည်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းမှာပဲလေ”။
“သူ မနေ့က ကိုယ်ဝန်ဖျက်ချလိုက်တုန်းကတော့ သူ့မျက်နှာအနေအထားက တော်တော်ဆိုးရွားနေတာ။ ဒါပေမဲ့ တစ်ညလုံးအိပ်လိုက်ပြီးတော့ သူ့အသားအက ပြန်ကောင်းသွားတယ်။ သူဋ္ဌေးကတော်မော့တစ်ယောက် သူ့အသားအရည်အတွက် ဘယ်လိုထုတ်ကုန်တွေသုံးလဲ သိချင်လိုက်တာ”။
“ဟားဟား! ထားလိုက်စမ်းပါဟယ် ကတော်မော့ ဘာသုံးလဲသိတော့ရော ငါတို့ဝယ်နိုင်မှာမို့လို့လား”။
အန်းရှမှာ တစ်ညတာအတွင်း ထိုကဲ့သို့ပြောင်းလဲမှုကြီးဖြစ်သွားသည်ကိုသတိမထားမိခဲ့ပါ။ ဒါ့အပြင် ဒီရက်ပိုင်းအတောအတွင်းတွင် သူမသည် မှန်ပင် မကြည့်ဖြစ်ခဲ့ပါ။
သူမသည် ဆေးရုံမှစီစဉ်ပေးသော မနက်စာကိုစားပြီးနောက် တရုတ်တိုင်းရင်းကို သောက်လိုက်လေသည်။
အန်းရှသည် ချန်ရွှယ်မင်ကို ကြိုဆိုလိုက်သည်။
“ရှရှ”!
ဆံပင်ကို တိုတိုရှင်းရှင်းညှပ်ထားပြီး အဝတ်အစားကို ကော့ကော့ကျော့ကျော့ဝတ်ဆင်ထားသော အမျိုးသမီးမှာ ချန်ရွှယ်မင်ပင် ဖြစ်သည်။
အန်းရှတစ်ယောက် မှင်တက်မိသွားသည်။
အမှန်တကယ်ဆိုလျှင် ချန်ရွှယ်မင်သည် အဆောင်တစ်ခုတည်းတွင် အတူနေထိုင်ကြသောသူ လေးယောက်ထဲတွင် မထင်ပေါ်ဆုံးသူတစ်ယောက်ဖြစ်သည်။
သို့သော်လည်း ထိုသူများထဲတွင်တော့ အရှိန်အဝါ အကြီးမားဆုံးဖြစ်သည်။
သူမသည် အမြဲသွက်လက်တတ်ကြွနေသော ထက်မြတ်ပြီး သန်မာသူတစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ယောက်အတွက်တော့ အန်းရှသည် အနည်းငယ် စိတ်တိုချင်စရာကောင်းလောက်သည်။
သို့သော်လည်း ချန်ရွှယ်မင်သည် မူလပိုင်ရှင်၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး အကူအညီလည်း များစွာပေးခဲ့သူဖြစ်သည်။ ထို့နောက် အန်းရှလည်း စိတ်အေးသွားမိသည်။
“မင်…မင်မင်။ နင်ရောက်လာပြီကိုး”။
“ဟုတ်တယ်။ သွားကြစို့။ မနက်စာအရင် သွားစားကြမယ်။ ပြီးမှ မော့ယွီစန်းနဲ့ ကွာရှင်းဖို့ကိစ္စကို ဆက်ပြောကြမယ်”။
ချန်ရွှယ်မင်၏ ထက်မြတ်သန်မာမှုနှင့်သာဆိုလျှင် အရာရာသည် ရှင်းရှင်းလင်းလင်း ဖြစ်သွားလိမ့်မည်ဖြစ်သဖြင့် အန်းရှ သဘောကျမိနေတော့သည်။
သူမသည် မော့ယွီစန်းနှင့် ကွာရှင်းရတော့မည်ဆိုသော်လည်း အနည်းငယ်တော့ စိတ်ထွေးနေမိသည်။
“ဟုတ်ပြီ။ ငါ နင်ပြောသမျှကို နားထောင်မှာပါ”။ အန်းရှသည် မျှော်လင့်ချက်များ ဝေဆာနေသောအသံဖြင့်ပြောလိုက်ပြီး ချန်ရွှယ်မင်ကို ဝမ်းသာအားရ ပြုံးပြလိုက်လေသည်။
ကွာရှင်းမယ်…ကွာရှင်းမယ်…ငါဒီနေ့ ကွာရှင်းရတော့မယ်။
အန်းရှသည် စိတ်ထဲတွင် သီချင်းညည်းဆိုနေမိတော့သည်။ သို့သော်လည်း သူမ၏ ရွှင်ပျနေသော အပြုအမူကြောင့် ချန်ရွှယ်မင်ကို သံသယဝင်မိစေတော့သည်။
“ရှရှ! နင် အဆင်ပြေရဲ့လား”။
ချန်ရွှယ်မင်သည် အမြဲတမ်း အလုပ်ကိုသာ ဦးစားပေးတတ်သူတစ်ယောက်ဖြစ်ပြီး ဤသည်မှာလည်း သူမအနေဖြင့် ပထမဦးဆုံး ခွင့်ယူလိုက်ခြင်းဖြစ်သည်။ သူမ၏ အလုပ်ရှင်သည်လည်း သူမခွင့်ယူရသည့်အကြောင်းကို သိနားလည်လေသည်။
အန်းရှနှင့် မော့ယွီစန်းတို့၏ ကွာရှင်းပျက်စဲရခြင်း အကြောင်းကိုလည်း သူမ၏ အလုပ်ရှင်ထံမှပင် သိခဲ့ရခြင်းဖြစ်သည်။
သူမ၏အလုပ်ရှင်သည် မော့ယွီစန်း၏ ကွာရှင်းမှုကို တာဝန်ယူထားသူဖြစ်သည်။
သူမသည် ဆေးရုံကိုရောက်လျှင် အန်းရှသည် စိုးရမ်ပူပန်နေပြီး စိတ်သောကရောက်နေမည်ဟုသာ တွေးထင်နေခဲ့မိသည်။
သို့သော်လည်း အန်းရှသည် စိတ်သောကမရောက်ရုံသာမက မျက်နှာသည်လည်း သွေးရောင်သန်းနေလေသည်။
အထူးဆန်းဆုံးသော အချက်မှာ မော့ယွီစန်းကို ချစ်မြတ်နိုးလှသော သူမ၏သူငယ်ချင်းသည် လုံးဝကို ဝမ်းနည်းမနေခြင်းဖြစ်သည်။
သံသယမကင်းဖြစ်လို့နေသော ချန်ရွှယ်မင်ရှိရာသို့ အန်းရှသည် လှည့်ကြည့်၍ မျက်တောင်လေးခက်ပြကာ ခေါင်းလေးတစ်ချက်ငုံ့ပြလိုက်ရင်းပြောလာသည်။ “ငါ အဆင်ပြေပါတယ်”။
ခဏအကြာတွင် သူမသည် ခေါင်းပြန်မော့လိုက်ပြီး ပြုံးရယ်နေရင်းဖြင့်ပြောလိုက်သည်။ “ပြန်စဉ်းစားကြည့်လိုက်တော့လည်း ငါနဲ့ မော့ယွီစန်းသာ ကွာရှင်းလိုက်မယ်ဆိုရင် သူအရမ်းပျော်ရွှင်ရမှာဖြစ်သလို ငါလည်း အရမ်းပျော်မိမှာပဲ”။