အခန်း ၈
“ငါ… သူ့ကို စွန့်လွှတ်လိုက်ပြီ”
ချန်ရွှယ်မင်သည် အန်းရှ၏ ကြေကွဲဝမ်းနည်းဖွယ်ကောင်းသောအသံကို ဖုန်းတစ်ဖက်ခြမ်း၌ နားထောင်မိရင်း လက်သီး တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိတော့သည်။
ထိုပုံစံသည် သူမသိထားသော အန်းရှနှင့်ပင်မတူပေ။
အန်းရှသည် သူမ၏ နာကြင်မှုများနှင့် ဝမ်းနည်းမှုများကို ထုတ်ဖော်ပြမည့်သူမျိုး မဟုတ်ပေ။
သူမ၏ဘဝတွင် အချစ်ရဆုံးသောယောက်ျားကိုလည်း ကွာရှင်းလိမ့်မည်မဟုတ်ပါ။
ထိုသို့ဆိုလျှင် မော့ယွီစန်းနှင့် ထောင်ကျစ်မင်တို့သည် သူမကို ထိုကဲသို့ဖြစ်သွားအောင် မည်ကဲ့သို့ လုပ်ဆောင်လိုက်သနည်း။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုလျှင် အန်းရှသည် ဤလုပ်ရပ်မျိုးကို လုပ်ဆောင်မည့်သူမဟုတ်ပါ။
အဲဒီတော့ နောက်ဆုံးမှာ သူမသည် တစ်ခုခုကို မြင်တွေ့ခဲ့သည်များ ဖြစ်နိုင်မည်လား။ မော့ယွီစန်းနှင့် ထောင်ကျစ်မင်တို့နှစ်ဦး၏ နှစ်ပေါင်းများစွာကြအောင် အတူတကွရှိနေမှုတို့ကို သိမြင်သွားလေသလား။
မော့ယွီစန်းနှင့် အန်းရှတို့သည် မကွာရှင်းလျှင်တောင် ထောင်ကျစ်မင်သည် အန်းရှကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ကြံရွယ်တော့မည်သာ ဖြစ်သည်။
အန်းရှအနေဖြင့် လက်တန်းပြောလိုက်သည့်စကားဖြစ်နေလျှင်တောင် တစ်စုံတစ်ဦးသည် သူမ၏ မကောင်းကျိုးများကိုသာဖြစ်စေမည့် အကြီးအကျယ် နားလည်မှုလွဲသွားနိုင်သည်ကိုတော့ သူမ မသိခဲ့ပါ။
“ငါ နားလည်ပါပြီ။ နင်က အခု ကွာရှင်းတော့မယ်ဆိုတော့ နင့်ရဲ့ရပိုင်ခွင့်တွေအတွက် ငါ ကြိုးစားပေးပါ့မယ်”။
ချန်ရွှယ်မင် တွေးလိုက်မိသည့်အချက်မှာ မော့ယွီစန်းသည် ထောင်ကျစ်မင်နှင့် ဖောက်ပြားနေလျှင် သူသည် ဤအိမ်ထောင်ရေးတွင် အပြစ်ရှိသူတစ်ဦးဖြစ်နေ၍ ပိုင်ဆိုင်မှုများကို ခွဲဝေသောအခါ အန်းရှကို အသာစီးရစေရန် သူမအနေဖြင့် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
“ရှရှ နင်မနက်ဖြန် မော့ယွီစန်းကိုသွားတွေ့တဲ့အခါ ငါပါလိုက်ခဲ့မယ်နော်”။
အန်းရှသည် ဖုန်းကို ချလိုက်ပြီးချိန်တွင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ ချန်ရွှယ်မင်သည် ဖုန်းထဲတွင် ဒေါသထွက်နေပုံရသည်။
သူမထံမှာ အလွန်ပြင်းထန်သော ရန်လိုမှုအငွေ့အသက်မျိုးလား။
ထားလိုက်ပါတော့။ ချန်ရွှယ်မင်သည် လူကောင်းတစ်ဦးဖြစ်ပြီး မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်သည်။
သူမသည် ပထမဦးဆုံးအကြိမ် ကွာရှင်းပြတ်စဲတော့မည်ဖြစ်သည်။ ချန်ရွှယ်မင်ကဲ့သို့ အရှိန်အဝါကြီးမားပြီး သန်မာသောမိန်းမတစ်ယောက်နှင့်သာ အတူရှိနေမည်ဆိုလျှင် သူမအတွက်တော့ အေးဆေးလွယ်ကူနေမည်ဖြစ်သည်။
နောက်ဆုံးတွင်တော့ အန်းရှသည် အင်တာနက်စွဲလမ်း ကလေးမလေးဖြစ်လာခဲ့ပြီး ကာတွန်းဇာတ်လမ်းများကို အဆက်မပြတ်ဖတ်နေခဲ့သည်မှာ သူနာပြုဆရာမ လူနာလာကြည့်သည့် အချိန်အထိပင်ဖြစ်သည်။
သူနာပြု ဆရာမငယ်လေးနှစ်ဦးသည် အန်းရှကို စာကြည့်စားပွဲကိုသိမ်းဆည်းစေ၍ အိပ်ရာဝင်ရန် တိုက်တွန်းလေသည်။
ညသို့ရောက်ချိန်တွင် လူနာဆောင်ရှိ မီးများပိတ်လိုက်သောအခါ ပတ်ဝန်းကျင်သည် မှောင်အတိ ဖြစ်သွားတော့သည်။
ထို အမှောင်ထုထဲတွင်ပင် အန်းရှသည် အိပ်မက်လောကထဲသို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားလေတော့သည်။
အိပ်မက်ထဲတွင်တော့ အန်းရှသည် သူမနှင့် ရင်းနှီးနေပုံရသော ခွဲစိတ်ခန်းနှင့် သူမသေဆုံးသွားချိန် မြင်ကွင်းများကို မြင်မက်နေတော့သည်။
အမှောင်ထုအတွင်း သူမ၏အရှေ့တွင်တော့ ရွှေရောင် တလက်လက်တောက်ပနေသော အရာအချို့ရှိနေလေသည်။
တစ်ချိန်ထဲမှာပင် သူမ၏စိတ်အာရုံထဲကို အသံအချို့ကို ကြားလိုက်ရသည်။
“အခြားဘဝတစ်ခုကိုသာ ရနိုင်မယ်ဆိုရင် မင်း ဘယ်အရာကို ရွေးချယ်မှာလဲ”။
[ကျန်းမာ သန်စွမ်းမှု] [လှပ ချောမောမှု] [ဉာဏ်ပညာ ကြီးမားမှု]
ဘယ်လို။ သူမတွေ့ကြုံခဲ့ရသော ထိုလှည့်စားမှုများကို သတိရမိသွားသည်။
သူမသည် ကျန်းမာသူတစ်ဦး ဖြစ်ချင်ခဲ့သူဖြစ်သည်။ ထိုအရာကို သူမရွေးချယ်လိုက်မည်ဆိုရင် သူမရရှိနိုင်မည်လား။ တစ်ခုထပ်ပိုတဲ့ ရွေးချယ်မှုကို ပြုလုပ်လိုက်ရမည်လား။