အခန်း ၃
သူမသည်သူ့အားကွာရှင်းချင်ကာ သူမဗိုက်ထဲမှကလေးအား ဖျက်ချချင်ခဲ့သည်။
ဤအတောအတွင်း ဘာဖြစ်ခဲ့သနည်း…
သို့မဟုတ် သူ့အားလှည့်စားရန် သူမအတွက် နည်းလမ်းလား။
အန်းရှမှာ လူစားလဲခံရသည်ဟု မော့ယွီစန်းမတွေးခဲ့ပေ။
အဆုံးတွင် မော့ယွီစန်းသည် သူ့အားထိတ်လန့်စေခဲ့သည်။
သူ့အား ကွာရှင်းရန် ငြင်းဆန်နေခဲ့သော အမျိုးသမီးမှာ သူပြင်ဆင်ခဲ့ပြီးသော ကွာရှင်းစာချုပ်အား တကယ်လက်မှတ်ထိုးခဲ့သောကြောင့်ဖြစ်သည်။
ထို့နောက် သူမသည်သူနှင့်တကယ်ပင် ပုဂ္ဂလိဂဆေးရုံသို့ သွားခဲ့သည်။
“မစ္စမော့ရဲ့ ဖျက်ချရေးခွဲစိတ်မှုက အရမ်းအောင်မြင်ပါတယ်။ ဒါကိုလုပ်ဖို့ အကောင်းဆုံးအချိန် ကျော်လွန်ခဲ့ပေမယ့် ကံကောင်းတာက သူဆက်မလွယ်ထားလို့ မဟုတ်ရင်တော့ ကျွန်မတို့ ဆေးသောက်ပြီးဖျက်ချရတာမျိုးလုပ်ရမယ်”
မော့ယွီစန်းသည် သားဖွားမီးယပ်ဆရာဝန်အား နားထောင်ခဲ့သည်။ သူသည် ယခုမတိုင်မချင်း အစစ်အမှန်အဖြစ် မမြင်နိုင်သေးပေ။
ကလေးမှာ… ထိုကဲ့သို့… ပျက်စီးသွားသည်လား။
သူ၏စိတ်မှာ အနည်းငယ်တင်းကျပ်နေခဲ့သည်။
အန်းရှအား ကလေးဖျက်ချရန် ဆက်တိုက် တွန်းအားပေးနေသူမှာ သူဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အမျိုးသမီးမှာ သူ့ကလေးအား လွယ်ထားခဲ့ရသည်။
“ဆရာမ ဆရာမ၊ ကျွန်မခန္ဓာကိုယ်က တစ်ခုခုမှားလို့လား။ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေဘူးလို့ ခံစားရတယ်… တစ်ကိုယ်လုံး အားနည်းနေပြီး ဗိုက်နာတယ်…”
မေ့ဆေးသက်ရောက်မှုပြီးနောက် အန်းရှမှာ အထူးသဖြင့် နာနေသော သူမဗိုက်ကြောင့် နေမကောင်းပေ။
ဤခံစားချက်မှာ သူမအားစိတ်တုန်လှုပ်စေခဲ့သည်။ မူလစာအုပ်တွင် မူလပိုင်ရှင်၏ခန္ဓာကိုယ်ဆိုးရွားသွားရသည့် အကြောင်းပြချက်မှာ သူမကလေးအားဆုံးရှုံးခဲ့ရသောကြောင့်ဖြစ်သည်ဟု သူမမှတ်မိနေခဲ့သည်။
ထို့ကြောင့် သူမ၏ခန္ဓာကိုယ်ထဲ အနည်းငယ်နာကျင်မှုရှိနေသရွေ့ အန်းရှမှာအထူးကြောက်ရွံ့နေခဲ့သည်။
သူမမည်မျှပင်ရုန်းကန်ပါစေ ဇာတ်ညွှန်းနတ်ဘုရားအား မလွတ်မြောက်နိုင်လိမ့်မည်ကို သူမကြောက်နေခဲ့သည်။
အန်းရှငိုတော့မည်ကို မြင်သောအခါ ဆရာဝန်မှာ သူ့ခေါင်းကိုခါကာ ညင်သာစွာဖျောင်းဖျခဲ့သည်။ “မစ္စမော့၊ ခင်ဗျားရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေက သာမန်ပဲမို့ စိတ်မပူပါနဲ့”
သူမမှာ အသက်၂၆နှစ် အမျိုးသမီးဖြစ်သည်မှာ ထင်ရှားသော်လည်း ဆရာဝန်မှာ အန်းရှ၏မိန်းမငယ်လေးအသက်ရှူသံကိုကြည့်ကာ မစ္စတာမော့သည် သူ၏ဇနီးအားကောင်းစွာ ထိန်းသိမ်းနိုင်သည်ဟု ခံစားနေမိခဲ့သည်။
သူသည် သူ၏ဇနီးအား အလွန်နှစ်သက်မြတ်နိုးသောကြောင့် သူ့ဇနီးမှာ ဤကဲ့သို့ရိုးသားသော ‘မိန်းကလေး’ အခြေအနေကို ထိန်းသိမ်းနိုင်ဆဲဖြစ်လိမ့်မည်။
“ဘာပဲဖြစ်ဖြစ်ခွဲစိတ်မှုက အရမ်းအောင်မြင်သွားပေမယ့် နောက်ပိုင်းထိန်းသိမ်းမှုတွေကို သတိထားပါ။ မဟုတ်ရင် ခင်ဗျားခန္ဓာကိုယ်ထဲမှာ ထိခိုက်မှုတစ်ချို့ရှိနေနိုင်တယ်…”
အန်းရှ စိတ်လှုပ်ရှားသွားခဲ့သည်။
ဆရာဝန်အား အမျိုးမျိုးသော ကြိုတင်သတိထားချက်များအား မေးပြီးနောက် သူမစိတ်မှာ တဖြည်းဖြည်းအနည်ကျသွားခဲ့သည်။
ကွာရှင်းပြီးနောက် သူမသည်ဤခက်ခက်ခဲခဲရထားသော ကျန်းမာသည့်ခန္ဓာကိုယ်အား အာရုံစိုက်ကာ ကောင်းစွာဂရုစိုက်ရမည်ဟု သူမစတင်ကြံစည်ခဲ့သည်။
“အိုး ဟုတ်ကဲ့ မစ္စတာမော့”
ဆရာဝန်မှာ သူ့ဇနီးဘေးတွင် တိတ်ဆိတ်စွာရပ်နေသော မော့ယွီစန်းအား သူ၏အာရုံကိုစိုက်လိုက်သည်။
သူ၏နာမည်ကြားမှသာ မော့ယွီစန်းသည် သူ၏စိတ်ပြန်လည်လာခဲ့သည်။
“ဟုတ်ကဲ့”
အန်းရှသည် သူ့အားကွာရှင်းရုံသာမက သူ့ကလေးကိုပါ ဖျက်ဆီးခဲ့သော အခြေအနေမှ သူစိတ်ပြန်မလည်နိုင်ခဲ့ပေ။
ဤအရာအားလုံးသည် သူ့အားစစ်မှန်ခြင်းမရှိဟု ခံစားမိစေရန် အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့သည်
“မစ္စတာမော့၊ ခင်ဗျားဇနီးနဲ့ တစ်လလောက် လိင်မဆက်ဆံပါနဲ့။ နောက်ပြီး တစ်လအတွင်း ခင်ဗျားဇနီးနဲ့ လိက်ဆက်ဆံရင်တောင် အကာအကွယ်သုံးပေးတာပိုကောင်းမယ်”
“…”
မော့ယွီစန်းသည် အန်းရှအား အေးစက်စွာစိုက်ကြည့်ကာ ပြောလိုက်သည်။ “နားလည်ပါတယ်”
ဆရာဝန်သည် ခေါင်းငြိမ့်ကာ VIP ဆေးရုံဝင်းထဲမှ ထွက်သွားခဲ့သည်။
နောက်ဆုံး၌ အန်းရှနှင့် မော့ယွီစန်းတို့သာ ဆေးရုံဝင်းထဲကျန်ခဲ့သည်။
ဤနေရာထဲရှိ အခြေအနေမှာ ဆရာဝန်ရှိနေသောအခါ အတော်စည်းချက်ညီနေခဲ့သည်။
ဆရာဝန်ထွက်သွားသည်နှင့် သူတို့မသိလိုက်ခင်တွင် အခြေအနေမှာ ကသိကအောက်ဖြစ်သွားခဲ့သည်။
“ဒါဆို မော့ မော့ယွီစန်း ကျ ကျွန်မ ပင်ပန်းတယ်။ ကျွန်မအိပ်ချင်တယ်…”
မော့ယွီစန်း၏နက်ရှိုင်းသည့်မျက်လုံးများမှာ ဤကဲ့သို့ရှုပ်ထွေးမှုနှင့် သူမအား ကြည့်နေသည်ကို ရင်ဆိုင်ရသောအခါ အန်းရှမှာ စိတ်လှုပ်ရှားကာ သူမ၏ခေါင်းကိုငုံ့ကာ အိပ်ရာပေါ် သူမခန္ဓာကိုယ်အား မြုပ်နှံထားခဲ့သည်။
မူလကသူသည် အန်းရှအား အဘယ်ကြောင့် ရုတ်တရက် သူမစိတ်ပြောင်းသွားခဲ့သည်ကို မေးချင်နေခဲ့သည်။ သူသည်သူမ၏ဖျော့တော့သော ပါးများကိုကြည့်ကာ စိတ်ထဲမေးခွန်းများကို မြိုချခဲ့သည်။
အဆုံးတွင် သူသည်စာကြောင်းတစ်ကြောင်းသာ ပြောနိုင်ခဲ့သည်။
“ကောင်းကောင်း အနားယူပါ”
စကားပြောပြီးနောက် သူသည်လည်း ဆေးရုံဝင်းထဲမှ ထွက်လာခဲ့သည်။
တံခါးပိတ်သံ
မူလက သူမ၏ခေါင်းအား စောင်ထဲမြုပ်ထားသော အန်းရှမှာ တံခါးပိတ်သံကြားပြီးနောက် သူမ၏ သေးငယ်သောခေါင်းအား ထုတ်လိုက်သည်။
မော့ယွီစန်းထွက်သွားပြီးနောက် သူမစိတ်သက်သာရာရခဲ့သည်။
အမျိုးသားဇာတ်ဆောင်၏ အရှိန်အဝါမှာ ကြီးမားသည် သို့မဟုတ် မူလပိုင်ရှင်မှာ အနာဂတ်တွင် အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်တို့မှ အသတ်ခံရသည်ကို သူမ သိသောကြောင့် သူမသည်တကယ်ပင် အမျိုးသားဇာတ်ဆောင်အား ကြောက်နေခဲ့သည်။
စိတ်သက်သာရာရသည့် သက်ပြင်းနှင့်အတူ အန်းရှမှာ သူဝမ်းဗိုက်အောက် စူးရှသည့်နာကျင်မှုကို ခံစားခဲ့ရသည်။ သူမထိုနေရာသို့ စောစောရောက်ခဲ့ပါက သူမသည်ကလေးအား ဖျက်ချစရာလိုလိမ့်မည်မဟုတ်ပေ။
ဤသည်မှာပုံမှန်တုံ့ပြန်မှုသာဖြစ်သည်ဟု ဆရာဝန်ပြောသော်လည်း သူမဗိုက်မှာ တကယ်နာနေခဲ့သည်…
မျက်မှောင်ကြုတ်ကာ အန်းရှမှာ ဆရာဝန်ထွက်သွားသောအခါ သူနာပြုမှချန်ထားခဲ့သော လတိလတ်ဆတ်ဆတ် ဆေးကြောထားသည့် ဆေးဘက်ဝင်အပင်ဆေးရည်အား တွေ့ခဲ့သည်။
အန်းရှသည် ဆေးဖက်ဝင်အပင်ဆေးရည်ခွက်အား ကိုင်ရန်သူမလက်ကိုမြှောက်လိုက်သည်။
ဤဆေးရည်အား သောက်လိုက်ခြင်းမှာ သူမခန္ဓာကိုယ်အား နာကျင်မှုလျော့နည်းစေမည်ကို သူမမျှော်လင့်နေချိန် သူမတွေ့ရှိခဲ့သည်မှာ… ခွက်ထဲမှ အဖြူရောင်ရေငွေ့မှာ ခရမ်းနီရောင်အဖြစ်ပြောင်းသွားခြင်းဖြစ်သည်။
ထို့နောက် ပန်းခရမ်းရောင်ရေငွေ့မှာ ပို၍တောက်ပလာသည်လား။
၎င်းသည် ကယောင်ကတမ်းပင်ဖြစ်မည်။ ခရမ်းနီရောင် အလင်းမှာ သူမ၏လက်ချောင်းများထိပ်မှ သူမခန္ဓာကိုယ်အတွင်း စီးဆင်းသွားခဲ့သည်။
“ဘာလို့ ဘာလဲ…” သရဲလား။
အန်းရှ၏စကားများမဆုံးခင် သူမထပ်မံလဲကျသွားခဲ့သည်။
ထို့နောက် သူမလက်ထဲမှခွက်သည်လည်း မြေပြင်ပေါ်ကျကာ ကျယ်လောင်သောအသံထွက်လာခဲ့သည်။
“မစ္စမော့ မူးလဲသွားခဲ့ပြီ။ အမြန် မစ္စတာမော့ကို အကြောင်းကြား”