Chapter 7 : လမ်းထောင့်ဖြတ်ကူးခြင်း
မိုဟန်တျန်းသည် ဤရက်ပိုင်းအတွင်း စိတ်အဆင်မပြေခဲ့ပေ။
ကမ္ဘာ့စီးရီးတွင် အရှုံးရရှိသွားပြီးနောက် နည်းပြကျန်းမှာ အလွန်ဆိုးရွားစွာ အဆူခံခဲ့ရကာ မိုဟန်တျန်းသည် ကီးဘုတ်တိုက်ခိုက်သူများ၏ စကားများအျပါ် သေချာပေါက် မလွတ်မြောက်နိုင်သေးပေ။
“အခြားလက်ရွေးစင်အသင်းကလူက ခေါင်းထိအောင်ပစ်နိုင်ပေမယ့် ငါတို့သေနတ်ပစ်သမားက လေထဲကို ပစ်လိုက်တယ်တဲ့လား”
“မိုဟန်တျန်းက အဲ့လိုအခြေအနေမှာပဲနေခဲ့ရတာလေ။ သူကလေထဲကတိမ်တွေကိုပဲပစ်နိုင်တယ်”
“ငါ မြေအောက်ရထားဘူတာရုံတစ်လျှောက်လုံးမှာ သူ့ကြော်ငြာတွေကပ်ထားတာကို မြင်ရတာ ရွံလာပြီ။ အဲ့မြေအောက်ရထားပေါ်တောင် မထိုင်ချင်ဘူး”
“သေနတ်ဘုရင်ရဲ့ သံတမန်တဲ့လား။ မင်းက သေနတ်ဘုရင်ရဲ့ကစားသမားတွေကို တမင်စိတ်ပျက်အောင် အခြားကစားပွဲတစ်ခုကပို့လိုက်တဲ့ လျှို့ဝှက်အေးဂျင့်မဟုတ်ဘူးလား”
“မင်းဒီလက်စွမ်းနဲ့ လက်ရွေးစင်အသင်းထဲ ဘယ်လိုဝင်သွားတာလဲ။ မင်းငါ့အင်္ကျီထောင့်တွေတောင် ပစ်နိုင်မှာမဟုတ်ဘူး”
“ရှောင်းမို အနားယူလိုက်တော့။ မင်းအနုပညာဇာတ်လမ်းတွဲတွေရိုက်ရုံနဲ့ ပိုက်ဆံတွေ လုပ်လို့ရကောင်းလုပ်နိုင်တယ်”
မိုဟန်တျန်းတွင် Weibo ပရိသတ်များ သန်းနှင့်ချီ၍ရှိကာ ပရိသတ်များမှာ သူတို့၏အနုပညာရှင်အား အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။ သူတို့သည် လက်ရွေးစင်အသင်းရှုံးသွားရခြင်းမှာ နည်းပြကျန်း၏ တိုက်ကွက်စီမံမှုတွင် ပြဿနာရှိနေသောကြောင့်ဖြစ်သည်ဟု ပြောခဲ့ကြသည်။ ထိုသို့ဆိုလျှင်ပင် မိုဟန်တျန်း၏ ယုန်ညံ့သောလက်စွမ်းအား ဆူပူကြသော လူမြောက်များစွာနှင့် မှတ်ချက်ပေးသည့်နေရာမှာ ရက်ပေါင်းများစွာကြာ ရန်ဖြစ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ဤကဲ့သို့ မုန်းတီးသည့်ပရိသတ်များ၏ မှတ်ချက်များမှာ ပါးရိုက်ခံရသည်နှင့်တူကာ သူ့အားမောပန်းစေခဲ့သည်။
လက်ရှိတွင် လက်ရွေးစင်အသင်း၌ နည်းပြအသစ်မရှိဘဲ နောက်ထပ်စီစဉ်မှုများ ဘာဖြစ်လိမ့်မည်ကို မသိရပေ။
မိုဟန်တျန်းသည် စိတ်မကြည်သောကြောင့် သူ၏အခြားအကောင့်တစ်ခုထဲသို့ ဝင်ကာ အွန်လိုင်းဂိမ်းကစားရန် ပေါ့ပေါ့ပါးပါး ဝင်လာခဲ့သည်။
သူသည် လက်ရွေးစင်အသင်း၏ အဓိကသေနတ်ပစ်သမားဖြစ်သောကြောင့် မူလတန်းကျောင်းသားများ၏ အပေါင်းအနှုတ်တွက်ချက်ခြင်းအား လုပ်နေသည့် သင်္ချာပါမောက္ခကဲ့သို့ အပိုင်း 2000အား ကစားနေခဲ့သည်။ ၎င်းမှာလွယ်လွယ်လေးပင်ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယုံကြည်မှု အနည်းငယ်ပြန်လည်ရရှိရန် အားနည်းသူများအား နှိပ်စက်ရန်လိုသည်။
ကစားပွဲမှာအမြန်စတင်ခဲ့ကာ ကျန်းရှောင်ယွီသည် ‘ပုန်းသူ’ အသင်းဆီသို့ ကျပန်းကျရောက်သွားခဲ့သည်။
ဤမြေပုံမှာ တိုက်ခိုက်ရန် ပုန်းသူများအတွက် ပို၍ပင်ခက်ခဲလှသည်။ တစ်ဖက်အခြမ်းမှ သေနတ်ပစ်သမားသည် အဆောက်အဦးအမြင့်ပေါ် သေနတ်တပ်ဆင်ကာ အကွာအဝေးမှာ မြေပုံတစ်ခုလုံးနီးပါးအား ဖုံးလွှမ်းနိုင်သည်။ အားကောင်းသောသေနတ်ပစ်သမားမှာ သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့အားသတ်ပစ်နိုင်သည်။ အနီးကပ်တိုက်ပွဲနှင့် ပေါ့ပါးသွက်လက်သော နေရာယူခြင်းဖြင့် အဆောက်အဦးများအား သေနတ်ပစ်သမားမမြင်နိုင်ရန် အဟန့်အတားများအဖြစ် သုံးနိုင်သည်။
သူ၏အသင်းဖော်များ ပြေးထွက်သွားခဲ့သည်။
Fruit Pie နှင့် Pudding Jelly မှာ အသံချန်နယ်တွင် စကားပြောခဲ့သော ဦးလေးများဖြစ်သည်။ သူတို့နှစ်ယောက်လုံး သေနတ်များကိုင်ဆောင်သွားကာ ဘယ်ဘက်လမ်းသို့သွားစဉ်တွင် Gun King No. 77မှာလည်း ဘယ်ဘက်လမ်းသို့သွားခဲ့သည်။
ကျန်းရှောင်ယွီသည် သူ၏အသင်းသားများ၏ နေရာအားစိုက်ကြည့်ကာ Doudou အားညာဘက်သို့ ခေါ်သွားခဲ့သည်။ သူသည် လေကဲ့သို့ အဆောက်အဦးထဲ ခိုးဝင်သွားကာ Doudou မှာသူ့နောက် ချက်ချင်းလိုက်ခဲ့သည်။
သေနတ်ပစ်သံစတင်ပြီးနောက် မိနစ်ဝက်လောက်တွင် မြေပုံ၏ အနောက်မြောက်နေရာမှ ကြည်လင်ပြတ်သားသော သေနတ်သံကိုကြားခဲ့သည်။
[Devil333 သည်Fruit Pie အား ခေါင်းသို့ပစ်ရန် DSR-Apocalypseကို အသုံးပြုခဲ့သည်။]
ဦးလေးဖန်သည် နမော်နမဲ့နိုင်သွားပုံပေါ်သည်။ သူထွက်လာသည့်အချိန်တွင် မိုဟန်တျန်းမှ စက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့သည်။ DSR စနိုက်ပါသေနတ်မှာ အကွာအဝေးရှည်လွန်းကာ တိကျမှုမြင့်မားသည်။ ၎င်းသည် မိုဟန်တျန်း၏ အနှစ်သက်ဆုံးလက်နက်ဖြစ်သည်။
တစ်စုံတစ်ယောက်အား သတ်ပြီးနောက် သူသည်အနည်းငယ်ပြုံးကာတွေးလိုက်သည်။ “အောက်ပိုင်းလေးတွေက တကယ့်ကိုတက်သစ်စလေးတွေနဲ့ပြည့်နေတာပဲ။ လူသတ်ရတာအရမ်းလွယ်တယ်”
မိုဟန်တျန်းသည် သူ၏မျက်လုံးများအား မှေးလိုက်ကာ သူ့သေနတ်ပြောင်းဝအား Fruit Pieနှင့် ပြေးထွက်လာသော Pudding Jelly အားသတ်ရန် အမြန်ပြောင်းလိုက်သည်။
သို့သော် Pudding Jelly မှာ သတိရှိပြီး သူ၏ဘေးတွင်ရှိသော အဆောက်အဦးအနောက်တွင် အမြန်ပုန်းကာ ထွက်မလာရဲခဲ့ပေ။
ခုခံရေးဘက်မှ ကစားသမားနှစ်ယောက်မှာ သူ့အားရှာရန်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးမှာ သူ့အားနှစ်ဖက်ပိတ်ကာ မျက်စိတစ်မှိတ်အတွင်း Pudding Jelly ကို ဝန်းရံလိုက်သည်။
ဆူညံသည့်သေနတ်သံမှာ အနောက်မြောက်ဘက်မှ ကြားခဲ့ရပြီး အဖွဲ့နှစ်ဖွဲ့လုံးမှာ ပြင်းထန်သည့်တိုက်ပွဲတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့သည်။
စာများမှာ ဖန်သားပြင်အား ဆက်တိုက်ပြည့်လာခဲ့သည်။
Pudding Jelly အား တစ်ဖက်အသင်းမှလူနှစ်ယောက်မှာ သတ်ပစ်ခဲ့သည် သူမသေခင်တွင် သူပစ်၍ ရန်သူချေမှုန်းသူများထဲမှ တစ်ယောက်အား သတ်ပစ်ခဲ့သည်။
သူတို့ဘက်၌ လူသုံးယောက်ကျန်ကာ ရန်သူဘက်တွင် လူလေးယောက် အသက်ရှင်နေခဲ့သည်။
ကျန်းရှောင်ယွီသည် အလျင်မလိုခဲ့ပေ။ သေနတ်နှင့် သတ်သည့်အချက်အလက်များအား လေ့လာထားကာ လမ်း၏ဘယ်ဘက်အခြမ်းတွင် လူနှစ်ယောက်ရှိနေခဲ့ကာ ညာဘက်အခြမ်းပေါ်တွင် ကင်းထောက်တစ်ယောက်ရှိနေသင့်သည်။
ကျန်းရှောင်ယွီသည် ပေါ့ပါးစွာရွေ့လျားကာ အဆောက်အဦးနှစ်ခုကြား အမြန်ပြေးသွားခဲ့သည်။ သူရွေးချယ်ခဲ့သော လမ်းနေရာမှာ သေနတ်ပစ်သမား၏မြင်ကွင်းထဲတွင် မရှိသော နေရာဖြစ်နေခဲ့သည်။ အဆောက်အဦးမြောက်များစွာမှာ သူ၏ခန္ဓာကိုယ်အား ကာထားပြီး အမြင့်တစ်နေရာမှ သူ့အားမြင်ရန် သေနတ်ပစ်သမားများအတွက် ခက်ခဲနေသည်။
ခဏကြာပြီးနောက် ကျန်းရှောင်ယွီသည် လမ်းဆုံရှိ အဆောက်အဦးအနောက်တွင် ပုန်းနေခဲ့ကာ သူ၏စက်သေနတ်အားမြှောက်ထားလိုက်သည်။ ကင်းထောက်မှာ အရှေ့တောင်ဘက်သို့ သွားမည်ဆိုပါက သူ၏ထောင့်အား သေချာပေါက်ဖြတ်သွားလိမ့်မည်။
ကျန်းရှောင်ယွီသည် ဂရုတစိုက်နားထောင်ခဲ့သည်။ သေချာသည်မှာ သူသည် ခြေသံပြင်းပြင်းကိုကြားခဲ့သည်။
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း။
စက်သေနတ်၏ကျည်ဆန်များမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပစ်ခတ်နေခဲ့သည်။
ထောင့်နားလျှောက်လာသည့်ကင်းထောက်မှာ ဇကာအဖြစ်ချက်ချင်းအပစ်ခံခဲ့ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျည်ဆန်များမှ အပေါက်များဖြင့် ပြည့်သွားခဲ့သည်။
[Casually သည် Turn the Corner to Meet Loveအား ခေါင်းသို့ပစ်ရန် Thomson-Flames ကိုအသုံးပြုခဲ့သည်]
Classmate Doudou သည် အရယ်မရပ်နိုင်တော့ပေ။ “Turn the Corner to Meet Love က သူထောင့်ဘက်လှည့်လာတော့မှ သေသွားခဲ့တယ်။ ဟားဟားဟား ဒီနာမည်က ကံဆိုးလွန်းတာပဲ”
ကျန်းရှောင်ယွီသည် ဘယ်ဘက်အခြမ်းမှ တိုက်ပွဲအခြေအနေအား မမြင်နိုင်သော်လည်း ဖန်သားပြင်ပေါ် ထွက်လာသော သေသွားသည့် သတင်းအချက်အလက်မှာ သူ့အားထပ်မံစိတ်ရှုပ်စေခဲ့သည်။
[Devil333သည် Gun King No. 77အား ခေါင်းသို့ပစ်ရန် the DSR-Apocalypseကို အသုံးပြုခဲ့သည်]
ထိုသူမှာထပ်မံ၍ မိုဟန်တျန်းပင်ဖြစ်နေခဲ့သည်။ တကယ်တမ်းတွင် သူသည် လက်ရွေးစင်အသင်း၏ သေနတ်ပစ်သမားဖြစ်နေခဲ့သည်။ အပိုင်း 2000 အဆင့်နိမ့်အား ကစားခြင်းမှာ ‘အားနည်းသူအား နှိပ်စက်နေသည့် အားသန်သူ’ ပင်ဖြစ်သည်။
ဘယ်ဘက်အခြမ်မှ ကစားသမားသုံးယောက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့ကာ ကျန်းရှောင်ယွီနှင့် Doudou ကိုသာ ညာဘက်အခြမ်းတွင် ချန်ထားခဲ့သည်။
အသင်း၏အသံချန်နယ်တွင် ဦးလေး Fruit Pie မှာသက်ပြင်းချနေခဲ့သည်။”ငါအရှုံးပေးဖို့မဲပေးလိုက်ပြီ။ ငါတို့သူတို့ကို မနိုင်နိုင်ဘူး”
အသင်းဖော်တစ်ယောက်မှာ အရှုံးပေးသည့်အချက်အား နှိပ်လိုက်ကာ အသတ်ခံရသော လူသုံးယောက်မှာ အလျင်အမြန်သဘောတူခဲ့သည်။ Doudou သည် ‘ငြင်းဆန်သည်’ အားနှိပ်ရန် တုံ့ဆိုင်းမနေဘဲ ကျန်းရှောင်ယွီသည် အရှုံးပေးသည့်စာကို လျစ်လျူရှုခဲ့သည်။
ထိုကဲ့သို့ဖြစ်ပွားရန် အရှုံးပေးရန်သဘောတူသည့် လူလေးယောက်ရှိရမည်။ ဤအရှုံးပေးသည့်အချီမှာ မအောင်မြင်ခဲ့ပေ။
Fruit Pie: အရူးတွေ မင်းတို့ကတိုက်ချင်နေတုန်းလား။ လက်ရွေးစင်အသင်းနဲ့တွေ့တာတောင် ခေါင်းမာချင်နေတာလား။
Casually: ငါတိုက်နိုင်တယ်။
Fruit Pie: …ကောင်းပြီ။ ဖိုက်တင်း။
ကျန်းရှောင်ယွီသည် ကင်းထောက်အား ရှင်းပြီးကာ မြေပုံ၏ဘယ်ဘက်အခြမ်းပေါ် အားလုံးရှိနေခဲ့သော အခြားအဖွဲ့မှ လူသုံးယောက်ကျနိနေသေးသည်။ သူသည် လေးလံသောစက်သေနတ်အား ဖယ်လိုက်ပြီး ပစ္စတိုသေနတ်ကိုလဲလိုက်သည်။
ဂိမ်းထဲတွင် မတူညီသောအလေးချိန်များနှင့် လက်နက်များမှာ ကစားသမား၏ခြေလှမ်းများကို သက်ရောက်လိမ့်မည်။ကစားသမားမှာ ပေါ့ပါးသောလက်နက်အား ကိုင်ထားလျှင် ဂိမ်းထဲရှိသူတို့၏ခြေလှမ်းများမှာ ‘ပေါ့ပါးသောခြေလှမ်းများ’ ချက်ချင်းဖြစ်သွားလိမ့်မည်။ဆယ်မီတာအတွင်းမှ ရန်သူများသာလျှင် ၎င်းတို့အား ကြားနိုင်သည်။
ကျန်းရှောင်ယွီသည် အသံချန်နယ်ထဲပြောလိုက်သည်။ “Classmate Doudou,ကျေးဇူးပြုပြီး ငါနဲ့ပူးပေါင်းပေးပါ”
Doudouသည် ကြီးမြတ်သောအရှင်၏အသံအား ပထမဆုံးကြားဖူးကာ ကြောင်သွားခဲ့သည်။
လူငယ်လေး၏အသံမှာ အေးစက်၍သာယာကာ သူသည် မကျေမနပ်နှင့်အဆင်မပြေမှုအားလုံးကို ဖယ်ရှားနိုင်ပုံရကာ လူများအား စိတ်ရွှင်လန်းစေသည်။ Doudou မှာ စိတ်ရွှင်လန်းသွားကာ သူသည် အတန်းထဲမှ အတန်းပိုင်ဆရာမမှ နာမည်ခေါ်ခံရသည့်အလား ကွန်ပျူတာရှေ့တွင် အမြန်ပင်မတ်မတ်လိုက်လိုက်သည်။သူသည် အော်လိုက်သည်။ “ကျွန်တော်လာပြီ”
ကျန်းရှောင်ယွီ၏အသံမှာ တည်ငြိမ်နေခဲ့သည်။ “ကျည်ကာအလင်းဒိုင်းကို ဝတ်ပြီး နာရီလက်တံတစ်ဆယ်ဘက်ကို ပြေးတော့”
ဆေးအကူမှာ တိုက်ပွဲပေါ်တွင် တစ်ဦးတည်းသော ကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်ပြီး သူတို့၏အသွေးအသားနှင့် ကျည်ဆန်များစွာကြား အမြဲဖြတ်သန်းသွား၍ မရနိုင်ပေ။ ဆေးအကူအဖြစ် ကစားလျှင် ထိုလူမှာကျည်ကာပစ္စည်းကို ယူလာရန်လိုအပ်သည်။ Doudouသည်လည်း ၎င်းအားဝယ်ခဲ့သည်။ ကျည်ကာအလင်းဒိုင်းသည် နှစ်မီတာမြင့်၍တစ်မီတာကျယ်သည့် အထူးသတ္တုပြားဖြစ်သည်။ ကျည်ကာအလင်းဒိုင်းသည် အသက်အပြည့်အဝရှိသည်။ ၎င်းအားကျည်ဆန်များဖြင့် ဆက်တိုက်ပစ်ပါက အသက်သုညရောက်သည်နှင့် ၎င်းအားထိုးဖောက်သွားကာ ကျည်ကာစွမ်းဆောင်ရည်မှာ ပျောက်ဆုံးသွားလိမ့်မည်။
Doudouမှာ အားနည်းသော်လည်း သူသည်အလွန်စကားနားထောင်သည်။
သူသည် ကျန်းရှောင်ယွီ၏အမိန့်အား ကြားပြီး ကျည်ကာအလင်းဒိုင်းကို ချက်ချင်းမြှောက်လိုက်ကာ နာရီလက်တံတစ်ဆယ်ရှိရာသို့ အမြန်ပြေးသွားခဲ့သည်။
သေချာသည်မှာ သေနတ်သံသည် သူ၏နားထဲမြည်လာခဲ့သည်။
ဒိုင်း။
ကြည်လင်းပြတ်သားသည့် သေနတ်သံမှာ the DSR – Apocalypse ဖြစ်သော အထူးအဝေးထိန်းစနိုက်ပါရိုင်ဖယ်သေနတ်၏ အထူးအသံသက်ရောက်မှုတစ်ခုဖြစ်သည်။
မိုဟန်တျန်းသည် ကျည်ကာအလင်းထိန်းသို့ ပစ်လိုက်သည်။
သေနတ်ပစ်သမားသည် ဆေးအကူအားသတ်ချင်ပါက သူတို့သည် ကျည်ကာအလင်းဒိုင်းအား နှစ်ကြိမ်ဆက်တိုက် ပစ်ရမည်ဖြစ်ကာ ကျည်ကာမှာထိုးဖောက်ဝင်ရောက်နိုင်သည်။ မိုဟန်တျန်းသည် အလွန်ယုံကြည်မှုရှိနေသည်။ သူ၏အရှေ့တွင် ဒိုင်းကာမြှောက်ထားသော တက်သစ်စဆေးအကူမှာ မည်သူနည်း။ ဒိုင်းကာမည်မျှပင်ထူထဲစေကာမူ သူပစ်နိုင်သေးသည်။
မိုဟန်တျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ Doudouအား သူ၏မှန်ပြောင်းနှင့် ချိန်လိုက်သည်။ သူမသိခဲ့သည်မှာ သူချိန်နေစဉ်အတွင်း ကျန်းရှောင်ယွီမှာ အလံမှလျင်မြန်စွာ တစ်ပတ်လှည့်ပြီးဖြစ်သည်။
မိုဟန်တျန်း မင်းရဲ့တည်နေရာကို ဖော်ထုတ်လိုက်ပြီ။
ဤသည်မှာ သေနတ်ပစ်သမားနေရာ ကစားရာတွင် အနည်းငယ် ကန့်သတ်ထားသည်။
ကျန်းရှောင်ယွီသည် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ “Doudou၊ နာရီလက်တံ၁၁ဘက်ကို ဆက်သွားလိုက်”
Doudouသည့် အလင်းဒိုင်းအား ထပ်မြှောက်လိုက်သည်။ သူသည်အဆောက်အဦးအနောက်ဘက်မှ ပေါ်ထွက်လာကာ နာရီလက်တံ၁၁နာရီဘက်သို့ လျင်မြန်စွာပြေးသွားခဲ့သည်။
ဒိုင်း။
သေနတ်သံမှာ ထပ်ထွက်လာခဲ့သည်။ မိုဟန်တျန်း၏လက်စွမ်းမှာ အမှန်တကယ်ပင် အလွန်တိကျသည်။ ဤပစ်ချက်မှာ အလင်းဒိုင်းအား ချက်ချင်းတိုက်ရိုက် ထိမှန်သွားသည်။
သူ၏လက်ထဲမှဒိုင်းမှာ ကွဲကြေသွားကာ သူ၏ကျည်ကာအစွမ်း ပျောက်ဆုံးသွားခဲ့သည်။ အလင်းဒိုင်းကွဲကြေသွားသည့်အခိုက်အတန့် သူသည် အဆောက်အဦးအနောက် လမ်းလျှောက်သွားနိုင်သည်ကို Doudou မှာအံ့ဩသွားခဲ့သည်။ ကြီးမြတ်သောနတ်ဘုရားမှာ သူ၏လမ်းကြောင်းအား တွက်ချက်ပေးထားသည့်အလားဖြစ်နေခဲ့သည်။
Doudouသည် အားနည်းနေနိုင်သော်လည်း ဦးနှောက်မရှိသူမဟုတ်ပေ။ အရှေ့တွင်လလမ်းမကြီးတစ်ခု ရှိနေခဲ့သည်။ သူသည်ရှေ့သို့ဆက်ပြေးသွားလျှင်သေလိမ့်မည်။ သူသည်ချက်ချင်း ရပ်လိုက်ပြီး အဆောက်အဦးအနောက် တိတ်ဆိတ်စွာထိုင်လိုက်ကာ ကြီးမြတ်သောအရှင်၏ နောက်ထပ်ညွှန်ပြချက်များအား စောင့်နေခဲ့သည်။
ဤအချိန်တွင် ကျန်းရှောင်ယွီသည် ဤတည်နေရာအမြင့်အားအမြန်တက်ရန် မိုဟန်တျန်း၏ပစ်ခတ်မှုအား အခွင့်ကောင်းယူပြီးဖြစ်သည်။
သေနတ်သံသည် ခြေသံအား ဖုံးကွယ်ပေးသည်။ ကျန်းရှောင်ယွီသည် ဤစည်းချက်မှန်သည့်အချက်အား အမိအရဆုပ်ကိုင်ခဲ့သည်။
မိုဟန်တျန်း၏ ပြောင်းမှာ Doudou၏ ဦးတည်ရာသို့ မျက်နှာမူနေခဲ့သည်။ သူသည် သူ၏သားကောင် ပေါ်လာရန်စောင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည်အခြားသူများ၏ မျက်လုံးထဲတွင် သားကောင်ဖြစ်နှင့်ပြီးသည်ကို သူမထင်ထားခဲ့ပေ။
ဒိုင်း။
သေနတ်ပစ်သံမှာ အလွန်ပြတ်သားကာ အကွာအဝေးမှာ အလွန်နီးကပ်နေသည်။ ၎င်းသည်သူ၏အနောက်မှ ထွက်လာခဲ့သည်။
[Casuallyသည် Devil333အား ခေါင်းသို့ပစ်ရန် Sand Eagle-Blue Dragonအား အသုံးပြုခဲ့သည်]
ကျန်းရှောင်ယွီ၏စာသည် အများသူငှာချန်နယ်တွင် ပေါ်လာခဲ့သည်။
Casually: မင်းကနမော်နမဲ့နဲ့ကိုး။
Casually: ငါကမင်းအနောက်မှာလေ။
Devil333: ……….
သေစမ်းကွာ။
ကွန်ပျူတာရှေ့တွင် မိုဟန်တျန်းသည် သူ၏ကီးဘုတ်အား ချိုးမိမလိုပင်ဖြစ်သည်။ ဤလူသည် ဘယ်အချိန်က သူ၏အနောက်တွင် ရောက်လာခဲ့သနည်း။ သူသည်မိုဟန်တျန်း၏ခေါင်းအနောက်အားပစ်ရန် ပစ္စတိုသေနတ်အား အမှန်တကယ် အသုံးပြုခဲ့သလား။ အားဖြည့်သူမှာ ရှေ့သို့ပြေးနေသင့်သည်မဟုတ်လား။ နောက်ကွယ်တွင်ခိုးကြောင်ခိုးဝှက်လုပ်ခြင်းမှာ ကင်းထောက်၏ပုံစံမဟုတ်ပါလား။
မိုဟန်တျန်းသည် ဆွံ့အသွားခဲ့သည်။
Classmate Doudou သည် ဤအရာအားမြင်ကာ ပထမဆုံးအကြိမ် ပြိုင်ပွဲ၏ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ ယခင်က သူသည်ကြီးမြတ်သောအရှင်မှ ဆွဲခေါ်ခံရကာ ဘာမျှလုပ်စရာမလိုပေ။ သူသည်သက်တောင့်သက်သာနှင့် အနိုင်ရသွားခဲ့သည်။ ထိုစဉ် သူသည် ဤအကြိမ်တွင် သေးငယ်သောကဏ္ဍတွင် ပါဝင်ခဲ့သည်။ ပါဝင်ဆင်နွှဲရသည်မှာ ကောင်းမွန်သည့် ခံစားချက်တစ်ခုဖြစ်ခဲ့သည်။
Doudouသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ “ကြီးမြတ်တဲ့အရှင် ကျွန်တော်ဘယ်လို ရွှေ့ရဦးမလဲ”
ကျန်းရှောင်ယွီသည် သူ့အားပြောခဲ့သည်။ “နာရီလက်တံငါးနာရီမှာ ဆန့်ကျင်ဘက်ဦးတည်ရာကို ပြေးသွားလိုက်။ ငါမင်းကို ကာပေးမယ်”
Doudou သည် ဆန့်ကျင်ဘက်နေရာကို ချက်ချင်းပြေးသွားခဲ့သည်။
ဆန့်ကျင်ဘက်နေရာတွင် လူနှစ်ယောက်ရှိနေခဲ့သည်။ သူတို့သည် ခြေသံများအား ကြားကာ Doudou နောက်အမြန်လိုက်ခဲ့သည်။ သူတို့သည် လက်ပစ်ဗုံးမြေပြင်ပေါ်ကျလာသည့်အချိန်တွင် Doudou အား မိတော့မည်ဖြစ်သည်။ ပေါက်ကွဲမှုတစ်ခုဖြစ်သွားကာ ပတ်ဝန်းကျင်မှာ အဖြူရောင်မီးခိုးများနှင့် ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။
သူတို့၏မြင်ကွင်းအား ထူထပ်သောအဖြူရောင်မီးခိုးများ ဖုံးသွားကာ မည်သည်ကိုမျှရှင်းလင်းစွာ မမြင်ရတော့ပေ။ သူတို့နှစ်ယောက်လုံး ဖမ်းဆီးမှုအား ရပ်တန့်ရလိမ့်မည်။
Doudou သည် ပုန်းကွယ်ရန် အဆောက်အဦးတစ်ခုအား အမြန်ရှာတွေ့ခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းရှောင်ယွီသည် အဆောက်အဦးမြင့်ကြီးမှ ဆင်းလာပြီးဖြစ်သည်။ သူသည် ဖျက်လတ်သောငါးတစ်ကောင်ကဲ့သို့ ရှုပ်ထွေးသည့်နယ်မြေနှင့် လမ်းကြိုလမ်းကြားများကြား ရွေ့လျားနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည်ထူထပ်သောမီးခိုးများမြင့်တက်နေပြီးသော နေရာအားဝန်းရံနေခဲ့သည်။
ထူထပ်သည့်မီးခိုးမှာ ပျောက်ကွယ်သွားခဲ့သည်။ ရန်သူကစားသမားနှစ်ယောက်မှာ မတုံ့ပြန်နိုင်ခင်တွင် သူတို့၏နားထဲ၌ သေနတ်သံကိုကြားခဲ့သည်။
စက်သေနတ်၏ ပြောင်းဝနက်မှာ သူတို့အား ချိန်ရွယ်ထားပြီး တြိဂံပုံအကွာအဝေးတွင် ကြမ်းတမ်းစွာ ရှင်းပစ်လိုက်သည်။ ကျည်ဆန်ပေါင်းများစွာ ပစ်ခတ်နေသောကြောင့် သေနတ်သံမှာဆူညံနေခဲ့သည်။ ကစားသမားနှစ်ယောက် မခုခံနိုင်ခင်တွင် သေနတ်ပြောင်းဝမှ အနီရောင်မီးတောက်ထုတ်လွှတ်ကာ သူတို့၏ခန္ဓာကိုယ်များမှာ Casually၏ စက်သေနတ်ကြောင့် ဇကာပုံစံအဖြစ် အပစ်ခံလိုက်ရသည်။
[Casually သည်Sky Oceanအား ခေါင်းသို့ပစ်ရန် the Thomson-Flamesကို အသုံးပြုခဲ့သည်]
[Casuallyသည် Earth Starsအား ခေါင်းသို့ပစ်ရန် the Thomson-Flames ကို အသုံးပြုခဲ့သည်]
—အနိုင်ရရှိ!
[စောင့်ရှောက်သူအသင်းမှာ ဖျက်ဆီးခံခဲ့ရသည်။]
[ပုန်းသူများအနိုင်ရရှိခဲ့သည်။]
ဂိမ်း၏အသံချန်နယ်တွင် ထူးဆန်းစွာတိတ်ဆိတ်သွားခဲ့သည်။
Doudouသည် အရမ်းမိုက်တယ်ဟု ပြောရန်ပင် မေ့နေခဲ့သည်။ သူ၏ရင်ဘတ်မှနဖူးဆီသို့ သွေးကြောင်းလိုက် ထိုးတက်သွားသည့်အလား ခံစားခဲ့ရသည်။
လွန်ခဲ့သော သုံးမိနစ်က အသင်းဖော်များမှာ အရှုံးပေးရန်ပင် တွေးနေခဲ့သေးသည်။ ထို့နောက်အဆုံးတွင် Casually သည်တစ်ဖက်အသင်းမှ လက်ရွေးစင်အသင်း၏ သေနတ်ပစ်သမားအပါအဝင် လူသုံးယောက်အား ကိုင်တွယ်လိုက်သည်။
အရှုံးပေးခြင်းလား။ e-sports တွင်အရှုံးပေးခြင်းမျိုးမရှိပေ။ နောက်ဆုံးအခိုက်အတန့်မရောက်မချင်း မည်သည့်အရာမဆို ဖြစ်နိုင်သည်။
Doudou၏ အသိစိတ်သည် နောက်ဆုံးပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့သည်။ “ကြီးမြတ်တဲ့အရှင် အရမ်းမိုက်တာပဲ။ ကြီးမြတ်တဲ့အရှင်က အေးအေးဆေးဆေး အနိုင်ရအောင်လုပ်ပေးမယ်လို့ ကျွန်တော်ပြောသားပဲ”
မိုဟန်တျန်းသည် ကွန်ပျူတာရှေ့တွင်ထိုင်ကာ ကြောင်နေသောမျက်လုံးများနှင့် ဤမြင်ကွင်းအား ကြည့်နေခဲ့သည်။
Casually သည် စက်သေနတ်ကိုအသုံးပြုပြီး ကျည်ဆန်များမှာ တစ်ချက်မှမလွဲသွားခဲ့ပေ။ ကျည်ဆန်များစွာမှာ သူ၏အသင်းသားများ၏အသက်အား ချက်ချင်းလျော့သွားစေကာ သူ၏အသင်းသားများမှာ ကျည်ဆန်မိုးကြောင့် ပျားလပို့အဖြစ်ပင်ပြောင်းသွားခဲ့သည်။
ကင်းထောက်တစ်ယောက်၏ သွက်လက်သော ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှု။
အားဖြည့်သူ၏ ကြမ်းတမ်းသော ရက်စက်တတ်ခြင်း။
မိုဟန်တျန်း၏ နောက်ကျောတွင် ကြက်သီးများထလာခဲ့သည်။ သူသည်ဘာပြောရမှန်းမသိခင်တွင် အများသူငှာချန်နယ်တွင် စာတစ်စောင်ထပ်ပေါ်လာခဲ့သည်။
Casually: လက်ရွေးစင်အသင်းရဲ့ သေနတ်ပစ်သမားတဲ့လား။
Casually: ဒီအဆင့်လေးပဲလား။
ကစားသမားများမှာ ကြောင်သွားခဲ့သည်။ မိုဟန်တျန်း၏ ဦးခေါင်းအနောက်ဘက်အား တစ်ချက်တည်းနှင့်ပစ်ရန် ကြီးမြတ်သောအရှင်အတွက် မလုံလောက်ခဲ့ပေ။ သူသည်လည်းလှောင်ပြောင်မှုတစ်ခုအား ထပ်ရိုက်လိုက်ရသလား။
မိုဟန်တျန်းသည် သူ၏ကီးဘုတ်အား လွတ်ကျသွားမလိုပင်ဖြစ်သည်။
သူသည်ဆဲဆိုခြင်းရပ်တန့်မသွားခဲ့ပေ။ “သေစမ်းကွာ။ ဒီနောက်အကောင့်တစ်ခုက ဘယ်သူ့ဟာလဲ”