အပိုင်း ၂၀ အနက်ရောင်ဝတ်လူအိုကြီးတစ်ယောက်ကို သူ့ဓားအား မေးမြန်းခြင်း
အချိန်အတော်ကြာပြီးနောက် ကျင်းကျူး သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ခေါင်းမော့လိုက်၏။
ဤအခိုက်တွင် သူသည် ဤအတန်းရှိ လင်းဝုကျိ၏ နောက်ဆုံးစာသားကို ကြားလိုက်ရသည်။
“ဒါကို အောင်မြင်ဖို့ မင်းတို့ မင်းတို့နဲ့သက်ဆိုင်တဲ့ ဓားတစ်ချောင်းကို အရင်ရှာရမယ်။”
***
လင်းဝုကျိ ဓားဆေးကြောခြင်းစံအိမ်ကို တပည့်တစ်ဒါဇင်နှင့်အတူ ထွက်ခွာသွားပြီး ဓားဆေးကြောခြင်းစမ်းချောင်းအတိုင်း အထက်ဘက်ကို လျှောက်သွားလိုက်သည်။ သိပ်မကြာမီ သူတို့ တောင်ထွတ်တစ်ခုဆီ ရောက်လာကြ၏။
တခြားတောင်ထွတ်များနှင့် ယဉ်ပါက ဤတောင်ထွတ်တွင် အလွန်နည်းပါသော သစ်ပင်များသာရှိကြပြီး ထူထပ်သော သစ်တောမရှိပေ။ ရှေ့သို့ မျှော်ကြည့်ပါကာ ကြမ်းတမ်းသော ချောက်ကမ်းပါးများနှင့် ကျောက်ဆောင်များသာ ရှိနေကြ၏။ ၎င်းက အလွန်အထီးကျန်ပုံရသည်။
တောင်ခြေရှိ ချောက်ကမ်းပါးများတွင် အပေါက်များစွာ ရှိကြ၏။ အပေါက်များသည် အလွန်သေးငယ်ကြပြီး အစွန်းများက အလွန်ချောမွေ့ကြကာ တစ်ခုခုဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ပင်။
တောင်ထိပ်တစ်ဝက်ကို ထူထပ်သော တိမ်တိုက်များက လွှမ်းခြုံထားပြီး ရှင်းရှင်းလင်းလင်းမြင်ရရန် မဖြစ်နိုင်ပေ။
ဤသည်မှာ အာအိုးယာမာ၏ လေးခုမြောက်တောင်ထွတ်ဖြစ်သည့် ယွမ်ရှင်းတောင်ထွတ်ဖြစ်၏။
အာအိုးယာမာဂိုဏ်း၏ တပည့်များသည် ဤတောင်ထွတ်ကို ဓားတောင်ဟု ပို၍ ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ဤတောင်ထွတ်တွင် သခင်များ၏ ရှာဖွေတွေ့ရှိခြင်းကို စောင့်နေသည့် မရေမတွက်နိုင်သော ဓားများ ပုန်းကွယ်နေသောကြောင့်ဖြစ်၏။
ယွမ်ရှင်းတောင်ထွတ်သည် အလွန်ထူးခြားသည်။ တိမ်တိုက်များနှင့် မြူခိုးများက ဘယ်တော့မှ ပြန့်ကျဲမသွားကြဘဲ တောင်ထွတ်က အလွန်စွတ်စိုလှသည်။ ထို့အပြင် ချောက်ကမ်းပါးများထဲတွင် ပုန်းကွယ်နေသည့် မရေမတွက်နိုင်သော ဓားစိတ်ဆန္ဒများ ရှိကြသောကြောင့် ထိုနေရာတွင် နေထိုင်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ယွမ်ရှင်းတောင်ထွတ်၏ ဆရာသခင်များနှင့် တပည့်များသည် တောင်ထွတ်အောက်ခြေတွင် ကျင့်ကြံကြပြီး နေထိုင်ကြကာ တောင်ထွတ်သခင်အတွက် အစည်းအဝေးများကို ထျန်းကွမ်တောင်ထွတ်ပေါ်တွင် ပြုလုပ်ပေလိမ့်မည်။
အာအိုးယာမာဂိုဏ်း၏ ကျွမ်းကျင်သူများ သေတော့မည့်အချိန်တွင် သူတို့သည် ဤတောင်ထွတ်သို့ လာလေ့ရှိပြီး သူတို့၏ ဓားပျံများကို ဤတောင်ထွတ်သို့ ပြန်ပို့ကြပေလိမ့်မည်။
သေချာပေါက်ပင် အကယ်၍ ကျွမ်းကျင်သူများက သူ့ဓားနှင့်အတူ သေလိုပါက မည်သူမျှ သူတို့ကို ထိုသို့လုပ်ရန် ဖိအားပေးကြလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း အာအိုးယာမာဂိုဏ်းတည်ထောင်ခဲ့စဉ်ကတည်းက မည်မျှများပြားသော ကျွမ်းကျင်သူများက သူတို့၏ ဓားများကို ပြန်ပို့ခဲ့ပါစေ လူငယ်မျိုးဆက်တပည့်များထက် ဓားများ ပို၍ရှိရန် မဖြစ်နိုင်ပေ။
ဓားတောင်တွင် ဘာကြောင့် ဓားအများကြီး ရှိနေခဲ့ပါသနည်း။ ပထမဆုံးဓားက မည်သည့်နေရာမှ ရောက်လာခဲ့ပါသနည်း။ မည်သူမျှ ဤမေးခွန်းကို မဖြေဆိုနိုင်ကြပေ။
ဤဓားတောင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှ ဖြစ်ပေါ်စေခဲ့သည့် သဘာဝဓားမီဖိုတစ်ခုဖြစ်သည်ဟု လူအချို့ ပြောဆိုခဲ့ကြပြီး လူအချို့ကမူ ဤဓားတောင်သည် ယခင်လူ့အဖွဲ့အစည်းရှိ ဓားသမားများ အချင်းချင်းတိုက်ခိုက်ခဲ့ကြပြီး အတူတကွ ကျဆုံးသွားကြပြီးနောက် ဖြစ်ပေါ်လာသည့် ကြီးမားသော ဂူသင်္ချိုင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ သို့သော်လည်း အာအိုးယာမာဂိုဏ်းသည် ပြီးခဲ့သည့်နှစ်များအတွင်း ဂရုတစိုက် စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ခဲ့သော်ငြားလည်း မည်သည့်ဆီလျော်သော သက်သေကိုမျှ ရှာမတွေ့ခဲ့ပေ။
တပည့်များသည် တောင်ခြေတွင် ရပ်နေခဲ့ကြပြီး တိမ်တိုက်များ လွှမ်းခြုံနေသည့် တောင်ထွတ်ကို ကြည့်နေကြကာ လင်းဝုကျိ၏ ရှင်းပြချက်များကို နားထောင်နေကြသည်။ သူတို့၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာကြပြီး သူတို့ထဲမှ အနည်းငယ်က မျက်ရည်ပင် ကျလာခဲ့၏။
သူတို့သည် အတိတ်ကို လွမ်းဆွတ်နေကြခြင်းမဟုတ်သလို သူတို့၏ စီနီယာများနှင့် ဆရာသခင်များ၏ စွမ်းဆောင်ချက်များကို ခံစားနေကြခြင်းမဟုတ်ပေ။ ထို့အစား ဓားစိတ်ဆန္ဒများကြောင့် သူတို့ မျက်စိပြာသွားကြခြင်းဖြစ်၏။
ဤတောင်တွင် ပုန်းကွယ်နေသည့် ဓား ထောင်သောင်းချီရှိကြပြီး ဓားစိတ်ဆန္ဒများ အတူတကွ စုစည်းလိုက်ကြသောအခါ သူတို့သည် ထိုမျှ အဝေးကြီး ဝေးနေခဲ့ကြလျှင်ပင် ထိုသည်မှာ မကြာသေးမီကမှ အတွင်းစည်းထဲဝင်လာခဲ့ကြသည့် ဤတပည့်များ တောင့်ခံနိုင်သည့်အရာ မဟုတ်သေးပေ။
‘ဒီဓားတောင်ကို ငါ ဘယ်လို တက်ရမလဲ။ ဒါမှမဟုတ် အောက်က ချောက်ကမ်းပါးတွေမှာရှိတဲ့ ဓားတွေကို ငါ ရှာဖွေရမှာလား။’
တပည့်အချို့ တွေးလိုက်မိကြ၏။
တပည့်များ တွေးနေသည့်အရာကို လင်းဝုကျိသိသော်လည်း သူ ဒေါသမထွက်ခဲ့ပေ။ သူ ပြုံးပြီး ပြောလိုက်၏။
“မင်းတို့ တွေးတဲ့အရာကို အရင်မျိုးဆက်တွေရဲ့ တပည့်တွေကလည်း တွေးခဲ့ကြတယ်။ ချောက်ကမ်းပါးတွေမှာရှိတဲ့ ဒီအပေါက်တွေအကုန်လုံးဟာ နှစ်ပေါင်းများစွာ စေ့စေ့နှံ့နှံ့ရှာဖွေခံခဲ့ရတဲ့ ဓားအပေါက်တွေဖြစ်ကြတယ်ဆိုတာ မင်းတို့ကို ငါ ပြောပြနိုင်တယ်။ မင်းတို့က ဓားတစ်ချောင်း ရှာတွေ့နိုင်သေးရင် မင်းတို့မှာ စွမ်းရည်ရှိတာပဲ။ ကံကောင်းမှုကလည်း စွမ်းရည်တစ်ခုမဟုတ်လား။”
တပည့်များ ပြောစရာစကားမဲ့သွားကြ၏။ သူတို့သည် တောင်ခြေ၌ ရပ်နေခြင်းကပင် အလွန်တရာ ခက်ခဲနေပြီဟု တွေးထင်ခဲ့ကြသည်။ သူတို့ ဓားတောင်ပေါ် အမှန်တကယ် တက်ရမည်လော။ တောင်ထိပ်သို့ပင် တက်ရမည်လော။
လင်းဝုကျိ သူတို့ကို သတိပေးလိုက်၏။
“တောင်က မြင့်လာလေလေ ဓားပျံအရည်အသွေးက မြင့်လာလေလေ ဆိုတာ မမေ့ကြနဲ့။”
တပည့်တစ်ယောက် ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး မေးလိုက်သည်။
“စီနီယာအစ်မကျောင်းက ဓားတောင်မှာ သူမရဲ့ ဓားပညာရပ်ကို လေ့ကျင့်နေခဲ့တယ်လို့ ကျွန်တော် ကြားခဲ့ရတယ်။ အဲဒါတကယ်လားဗျ။”
လင်းဝုကျိခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်၊ သူမက ဒီအချိန် တိမ်တိုက်တွေထဲမှာ ရှိလောက်တယ်။”
တပည့်များ အလွန်အံ့ဩတုန်လှုပ်သွားကြပြီး ဆွေးနွေးမှုများစွာ ထွက်ပေါ်လာ၏။
တောင်ခြေတွင်ရပ်နေသောကြောင့် သူတို့သည် ဓားတောင်ပေါ်ရှိ တိမ်တိုက်များမှ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ခံစားနိုင်ခဲ့ပြီဖြစ်သည်။ ထိုတိမ်တိုက်များထဲ သူတို့ ဝင်ရောက်သွားခဲ့ပါက မည်သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်ကို ခံစားရလိမ့်မည်နည်း။
ယွမ်ရှင်းတောင်ထွတ်၏ ဆရာသခင်များသည်ပင် တောင်ထွတ်ပေါ် အကြာကြီး မနေချင်ကြသည်ကို သိထားရပေမည်။ သို့သော် ကျောင်းလေးယုသည် တစ်ချိန်လုံး တောင်ပေါ်တွင် ရှိနေခဲ့၏။
“ဓားတောင်ပေါ်ကနေ ဓားတွေကို ယူတာကလည်း မင်းတို့ရဲ့ စိတ်စွမ်းအားနဲ့ အမျှော်အမြင်တို့ကို စမ်းသပ်မှုတစ်ခုဖြစ်တယ်။”
ဤစာကြောင်းရှိ ဉာဏ်အမျှော်အမြင်သည် သိသာစွာ အဓိပ္ပာယ်ရှိသော်လည်း လင်းဝုကျိ မရှင်းပြခဲ့ပေ။
“ကျောင်းလေးယုရဲ့ စိတ်စွမ်းအားနဲ့ ဇွဲလုံ့လတို့ကို တတိယမျိုးဆက်ရဲ့ တပည့်တွေအတွက် စံနမူနာအဖြစ် သဘောထားလို့ရတယ်။ မင်းတို့ သူမဆီက လေ့လာသင်ယူသင့်တယ်။”
ထိုစကားကို ပြောလိုက်ကာ သူ ကျင်းကျူးကို မသိမသာ ကြည့်လိုက်သည်။
ကျင်းကျူး သူဆိုသည့်အရာကို နားလည်ပေ၏။ သူ ၎င်းကို ရှောင်လွှဲရန် လှည့်မသွားသလို တုံ့လည်း မတုံ့ပြန်ခဲ့ပေ။ တောင်ပေါ်ရှိ တိမ်တိုက်များကို ကြည့်ကာ သူ တွေးလိုက်၏။
“ဓားတွေရဲ့ စိတ်ဆန္ဒနဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်တာလား။”
ဓားများ၏ စိတ်ဆန္ဒဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းသည် ခက်ခဲပြီး အန္တရာယ်များသော နည်းလမ်းဖြစ်သည်။ ယေဘုယျကျကျပြောရပါက သေတော့မည့် ဓားကျင့်ကြံသူများကလွဲ၍ မည်သူမျှ ၎င်းကို အသုံးပြုလိမ့်မည်မဟုတ်ပေ။ ၎င်းက အလွန်အန္တရာယ်များသောကြောင့်ဖြစ်၏။
ကျောင်းလေးယုသည် အာအိုးယာမာဂိုဏ်း အာရုံစိုက်ထားသည့် တပည့်တစ်ယောက်ဖြစ်သည်။ သူမတွင် တောက်ပသော အနာဂတ်ရှိပြီး ဆယ်ကျော်သက်သာရှိသေး၏။ သူမတွင် ကျင့်ကြံရန် အချိန်အများကြီး ကျန်သေးသော်လည်း သူမ ပြတ်သားစွာ ဤအခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သည်။
ဤသည်က ကျင်းကျူးကို သူမအား အနည်းငယ် ချီးကျူးသွားစေခဲ့၏။
လင်းဝုကျိ စကားပြောနေစဉ် ယွမ်ရှင်းတောင်ထွတ်၏ အစောင့်အတော်များများသည် တောင်ခြေရှိ အဆောက်အဦမှ ထွက်လာခဲ့ကြသည်။ သူတို့ ကျင်းကျူးနှင့် တခြားသူများကို စတင်စာရင်းသွင်းလိုက်ကြပြီး တစ်ချိန်တည်းတွင် ဓားကတ်ပြားများကို ပေးလိုက်ကြ၏။
သူတို့သည် ဤတပည့်အသစ်များကို ဓားကတ်ပြားအား မည်သို့ အသုံးပြုရမည်၊ သူတို့ တောင့်မခံနိုင်ကြတော့ပါက မည်သို့ ဆုံးဖြတ်ရမည် နှင့် အန္တရာယ်နှင့် ကြုံတွေ့သည့်အခါ သူတို့ ဘာလုပ်ရမည်ကို စိတ်ရှည်စွာ ပြောပြလိုက်ကြသည်။
ထိုတပည့်များ အနည်းငယ် အံ့ဩသွားကြ၏။ ဤသည်ကို ကြားသည်နှင့် သူတို့၏ အမူအရာများက ပို၍ လေးနက်လာခဲ့ကြသည်။ တပည့်အချို့က မနေနိုင်ဘဲ ပြောလိုက်မိ၏။
“ငါတို့ ဒီနေ့ တောင်ပေါ်ကို တက်ပြီး ဓားတွေ ယူကြရတော့မှာလား။”
ယနေ့သည် ကျင်းကျူးအပါအဝင် တပည့်များစွာအတွက် အတွင်းစည်းကို ဝင်ရောက်လာသည့် ပထမဆုံးနေ့ဖြစ်သော်လည်း သူတို့သည် ထိုသို့သော စွန့်စားမှုတစ်ခုကို ရင်ဆိုင်ကြရတော့မည်လော။
လင်းဝုကျိ သူတို့ကို ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။
“တောင်ပေါ်ကိုတက်ပြီး ဓားတွေကို ယူတာက ငါတို့မဟာအာအိုးယာမာရဲ့ ပထမဆုံး သင်ခန်းစာဆိုတာ မင်းတို့ မသိကြဘူးလား။”
***
ရုတ်တရက်ဆိုသလို စာရင်းသွင်းပေးနေကြသည့် ယွမ်ရှင်းတောင်ထွတ်အစောင့်များသည် ရပ်တန့်သွားကြပြီး အရပ်မျက်နှာတစ်ခုကို ကြည့်လိုက်ကြသည်။
ဓားတောင်ကို လျှောက်လာသည့် လူတစ်ယောက်ကို သူတို့ တွေ့လိုက်ရသောအခါ သူတို့၏ အမူအရာများက ရုတ်တရက် လေးနက်လာကြ၏။ သူတို့ လမ်းဘေးကို အလျင်အမြန် ကပ်လိုက်ကြပြီး သူ့ကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
တပည့်များ အနည်းငယ် အံ့အားသင့်သွားကြ၏။ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာသည်ဟု သူတို့ တွေးလိုက်မိသောကြောင့် သူတို့လည်း ထိုအရပ်ကို ကြည့်လိုက်ကြသည်။
ထိုသည်မှာ အနက်ရောင်ဝတ်ထားသည့် လူအိုကြီးတစ်ယောက်ဖြစ်ပြီး အဖြူရောင်ဆံပင်နှင့် ချောင်ကျနေသော မျက်နှာနှင့်ဖြစ်သည်။ သူ အသက်ဘယ်လောက်ရှိသည်ကို မည်သူမျှ မသိသလို သူနှင့် ပတ်သက်၍ ထူးခြားချက်မရှိပေ။
လင်းဝုကျိ၏ အမူအရာသည်လည်း လေးနက်လာ၏။ သူ သူ့လက်များကို ရှေ့ထုတ်လိုက်ပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် ဆရာသခင်ဦးလေးမို”
အနက်ရောင်ဝတ် လူအိုကြီး ရပ်တန့်သွား၏။ သူ့ကို ကြည့်ကာ သူ သူ့လက်များကို ရှေ့တွင် လက်ခုပ်ပုံပြုလုပ်ပြီးနောက် ကျင်းကျူးနှင့် တခြားသူများကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဒီလူတွေက အတွင်းစည်းတပည့်အသစ်တွေလား။”
“နောက်ကျရင် အများကြီး လာပါဦးမယ်”
လင်းဝုကျိ ဖြေလိုက်၏။
အနက်ရောင်ဝတ် လူအိုကြီး ဤတပည့်ငယ်များကို အပေါ်အောက် ကြည့်လိုက်ပြီး ပျော်ရွှင်နေသည့် အပြုံးဖြင့် ပြောလိုက်သည်။
“မဆိုးဘူး၊ မဆိုးဘူး။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ သူတို့က ငါတို့ထက် အများကြီး သန်မာကြတယ်။”
အကြည့်အနည်းငယ်မျှဖြင့် ထိုအနက်ရောင်ဝတ်လူအိုကြီး ဤတပည့်များ၏ အဆင့်များကို ရှင်းလင်းစွာ မြင်နိုင်ရန် သူ၏ ထိုးဖောက်သိမြင်နိုင်သော ဓားကို အသုံးပြုခဲ့သည်။
အနက်ရောင်ဝတ်လူအိုကြီး တပည့်များနှင့် တခဏလောက် စကားပြောဆိုခဲ့ပြီး သူတို့အား ဘယ်ကလာခဲ့ကြသလဲ၊ အပြင်စည်းလေ့ကျင့်မှုကို ဘယ်နေရာတွင် လေ့ကျင့်ခဲ့ကြသလဲ ဟု မေးမြန်းခဲ့သည်။ သူသည် နူးညံ့သိမ်မွေ့ပုံရပြီး သူ့စကားလုံးများက အားပေးဖြင့်မှု ပြည့်နှက်နေကြ၏။ တပည့်များ ဤလူအိုကြီးက မည်သူဖြစ်သည်ကို မသိခဲ့ကြသော်လည်း ယွမ်ရှင်း အစောင့်များ နှင့် လင်းဝုကျိတို့၏ သဘောထားများမှနေ၍ သူက အရေးကြီးပုဂ္ဂိုလ်ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။ ထို့ကြောင့် သူတို့ စိတ်မရှည်မလုပ်ရဲခဲ့ကြဘဲ ဂရုတစိုက် ဖြေလိုက်ကြ၏။
လင်းဝုကျိ ဘေးတွင် ရပ်နေပြီး တိတ်တဆိတ်နားထောင်နေကာ သူတို့အား နှောက်ယှက်ခြင်း ဇောတကတက်ခြင်း မလုပ်ခဲ့ပေ။
ကျင်းကျူး အနည်းငယ် ထူးဆန်းနေ၏။ အာအိုးယာမာ၏ တောင်ထွတ်ကိုးခုတွင် မည်သည့်တောင်ထွတ်၏ ဓားသခင်မှ အနက်ရောင် ဝတ်ကြလိမ့်မည်မဟုတ်ပေ။
သူ ထိုလူအိုကြီး၏ အဆင့်ကို ဖောက်မမြင်နိုင်သော်လည်း ထိုလူအိုကြီး၏ စိတ်ဝိဉာဉ်က အားနည်းသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး လင်းဝုကျိလောက် အားမကောင်းလောက်ပေ။
သို့သော် လင်းဝုကျိက ဘာကြောင့် ဤလူအိုကြီးကို အလွန်လေးစားနေသနည်း။
သူ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိ၏။
ထိုအချိန်၌ပင် အနက်ရောင်ဝတ်လူအိုကြီးသည် ကျင်းကျူးကို ကြည့်လာခဲ့ပြီး အနည်းငယ် ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။
“ဒီကလေးက တကယ့်ကို ချောမောတယ်”
လင်းဝုကျိ အပြုံးဖြင့် ပြောလိုက်သည်။
“သူ ချောမောတယ်ဆိုတာကို လူတိုင်း သိကြတယ်။ ဒါပေမယ့် စီနီယာဆရာသခင် ခင်ဗျားက ရှီးယွီတောင်ထွတ်ပေါ်မှာ အမြဲစာအုပ်တွေ ကူးရေးနေပြီး ဒီအရာတွေကို ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ပါဘူး။”
အနက်ရောင်ဝတ် လူအိုကြီး ပြုံးလိုက်ပြီး ကျင်းကျူးကို လေးနက်စွာ ပြောလိုက်၏။
“အခုကစပြီး ကြိုးစားပါ။”
ကျင်းကျူး သူ့ကို မတုံ့ပြန်ခဲ့ဘဲ တိတ်တဆိတ် သူ့ကို ကြည့်လိုက်သည်။
အနက်ရောင်ဝတ်လူအိုကြီး အနည်းငယ် ထူးဆန်းသွား၏။
လေထုသည်လည်း အနည်းငယ် ထူးဆန်းနေသည်။
တပည့်အနည်းငယ် သူတို့၏မျက်လုံးများဖြင့် ကျင်းကျူးကို အချက်ပြရန် အကောင်းဆုံးကြိုးစားခဲ့ကြသော်လည်း ကျင်းကျူး သူတို့ကို သတိပြုမိပုံမရဘဲ အနက်ရောင်ဝတ်လူအိုကြီးကို တိတ်တဆိတ် ဆက်ကြည့်နေခဲ့သည်။
လင်းဝုကျိ အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ကျင်းကျူးကို အပြစ်တင်တော့မည်ဟန် ပြင်လိုက်သော်လည်း အနက်ရောင်ဝတ်လူအိုကြီးက သူ့ကို ရပ်တန့်ရန် လက်ဝေ့ယမ်းပြလိုက်သည်။ သူ လှည့်လိုက်ပြီး ကိုယ့်ကိုယ်ကို လှောင်ရီနေသည့် အပြုံးဖြင့် ဓားတောင်ဆီသို့ လျှောက်သွားလိုက်သည်။
“သွားတော့မှာလား”
လင်းဝုကျိ မေးလိုက်၏။
“အင်း၊ သွားတော့မယ်”
အနက်ရောင်ဝတ်လူအိုကြီး ပြောလိုက်သည်။
ရုတ်တရက်
အသံတစ်ခု ထွက်ပေါ်လာ၏။
“ခင်ဗျားရဲ့ဓားက အခု ဘယ်လိုနေလဲ”
ကျင်းကျူး အနက်ရောင်ဝတ်လူအိုကြီးနောက်မှနေ၍ ပြောလိုက်သည်။
*****************************************