PTH အပိုင်း ၁၉

အပိုင်း ၁၉ ဓားကျမ်းစာရှိ စာလုံး လေးလုံး

“မင်းက တကယ့်ကို ကျင်းကျူး ပီသပါပေတယ်။ ဒါက ပြည့်စုံတဲ့အဖြေပါ။”

မှန်ပေ၏။ ရှီးလဲ့တောင်ထွတ်မှ ထိုဆရာသခင်သည် ကျင်းကျူးကို သိနေခဲ့ပေသည်။

ဓားဆေးကြောခြင်းစမ်းချောင်းဘေးရှိ တပည့်တစ်ရာကျော် အားလုံးတို့သည် ကျင်းကျူးကို သိကြပေသည်။

သူသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း တောင်ပိုင်းထင်းရှူးစံအိမ်၌သာ နေထိုင်ခဲ့ပြီး အတွင်းစည်းကို ယခုလေးတင်ဝင်ရောက်ခဲ့သော်လည်း သူသည် လူသိများနေခဲ့ပြီဖြစ်သည်။

သေချာပေါက် ၎င်းက သူ ပြီးပြည့်စုံသော အဖြေကို ပေးခဲ့သောကြောင့်မဟုတ်ပေ။ သို့သော် သူသည် အလွန်တရာချောမောပြီး အလွန်တရာပျင်းရိသည့် စရိုက်ရှိသောကြောင့်ဖြစ်၏။

ကျင်းကျူး ‌ဓားဆေးကြောခြင်းစံအိမ်သို့ ဝင်လာသောအခါ အသက်ဝင်နေသော ဆွေးနွေးမှုသည် ရုတ်ချည်း ရပ်တန့်သွားပြီး မရေမတွက်နိုင်သော မျက်လုံးများက သူ့အပေါ်ကျရောက်လာသည်။

ဓားဆေးကြောခြင်းစံအိမ်ကို အပြင်စည်းတွင် သူတို့ပြသခဲ့သည့် ထူးခြားသော လက္ခဏာများနှင့် တပည့်များ၏ အဆင့်များအရ အတန်းများခွဲခြားထားသည်။ ဤနေရာတွင် ကျင်းကျူးကဲ့သို့ အတွင်းစည်းကို ယ‌ခုလေးတင် ဝင်ရောက်လာခဲ့သည့် တပည့်ဒါဇင်ကျော် ရှိနေကြပေ၏။

ကျင်းကျူး အာရုံစိုက်ခံရသည်ကို အသားကျခဲ့ပြီးဖြစ်သည်။ သူ ရှေ့ကို လျှောက်သွားလိုက်ပြီး ပြူတင်းဘေးရှိ မသိသာသော ထိုင်ခုံတစ်ခုကို တွေ့လိုက်၏။

သို့သော် ခုံက မည်မျှ မသိသာနေပါစေ သူ့မျက်နှာသည် အလွန်တရာ မျက်စိဖမ်းစားနိုင်ပြီး ဓားဆေးကြောခြင်းစံအိမ်ကို ဝင်လာပြီးနောက် ဆရာသည်ပင် သူ့ကို တစ်ချက်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ခန့်မှန်းမရသည့် အရှိန်အဝါဖြင့် ဤဆရာသည် ထျန်းကွမ်တောင်ထွတ်မှ ဒုတိယမျိုးဆက်တပည့်တစ်ယောက်ဖြစ်သည့် လင်းဝုကျိဖြစ်သည်။

လင်းဝုကျိသည် ထျန်းကွမ်တောင်ထွတ်ပေါ်ရှိ သူ့ရောင်းရင်းတပည့်များကဲ့သို့ မဝင့်ဝါသလို တံခါးပိတ်ကျင့်ကြံနေသည့် ချိုးရုစွီကဲ့သို့လည်း အထင်ကြီးစရာမကောင်းပေ။ သို့သော် သူသည် ဂိုဏ်းသခင်၏ တပည့်ရင်းဖြစ်ပြီး ဓားပညာရပ်၏ အခြေခံအသိပညာအများစုကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သည်။ အာအိုးယာမာဂိုဏ်းက ဓားဆေးကြောခြင်းစံအိမ်အား အလွန်အရေးကြီးသည်ဟု သဘောထားသည်ကို စိတ်ကူးကြည့်နိုင်ပေ၏။

သေချာပေါင် ၎င်းက ဓားပညာရပ်ရှိ ဤတပည့်သစ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် သင့်လျော်သည့် လင်းဝုကျိ၏ စကားပြောသည့်ပုံစံက အလွန်စိတ်ဝင်စားစရာကောင်း၍လည်း ဖြစ်နိုင်သည်။

“ငါတို့ရဲ့ အာအိုးယာမာဂိုဏ်းက ဘယ်လို ဂိုဏ်းမျိုးလဲ”

လင်းဝုကျိ တပည့်များ၏ အဖြေကို နားမထောင်လိုခဲ့ပေ။ သူ အပြုံးဖြင့် ပြောလိုက်၏။

“သေချာပေါက် ဈာန်ဂိုဏ်းမဟုတ်သလို နတ်ဆိုးဂိုဏ်း ဒါမှမဟုတ် မီးဂိုဏ်းလည်း မဟုတ်ဘူးပေါ့။ ငါတို့က ဓားဂိုဏ်းပဲ”

ကျင်းကျူး ပြူတင်းအပြင်ဘက် စမ်းချောင်းဘေးရှိ မိုးမခပင်များကို ကြည့်လိုက်ပြီး နှစ်များစွာကြာပြီးနောက် ၎င်းက ဤစိတ်ဝင်စားစရာကောင်းပုံပေါ်သော်လည်း အမှန်တကယ်တွင် ပျင်းစရာကောင်းသည့် အဓိပ္ပာယ်မရှိသည့်အရာများ ဖြစ်နေသေးသည် ဟု တွေးနေလေသည်။

လီရှီရှူး မည်သည့်နေရာတွင် ရှိနေပြီး ဘာလုပ်နေသည်ကို သူ မသိပေ။

ရယ်သံများ ထွက်လာလောက်သည်ဟု သူ တွေးလိုက်၏။

အသေအချာပင် တပည့်ငယ်များ၏ ပျော်ရွှင်နေသော ရယ်မောသံများက ဓားစံအိမ်ထဲ ထွက်ပေါ်လာသည်။

လင်းဝုကျိ ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။

“ဓားဂိုဏ်းက ဓားကို ကျင့်ကြံတာကြောင့် ငါတို့ နားလည်ဖို့ လိုအပ်တဲ့ပထမဆုံးအရာက ဓားပဲ။ ကရုဏာမဲ့ဂိုဏ်း၊ ပူးလောင်းလင်နဲ့ ကျန်းရှီးလဲ့တို့အပါအဝင် လောကမှာ ဓားကျင့်ကြံခြင်းဂိုဏ်းတွေအများကြီး ရှိကြတယ်၊ ဒါပေမယ့် ကြီးမြတ်တဲ့အာအိုးယာမာဂိုဏ်းက ဘာလို့ အများကလက်ခံထားတဲ့ တစ်ခုတည်းသော သမားရိုးကျဓားကျင့်ကြံခြင်းဂိုဏ်းဖြစ်နေရတာလဲ။ ဘာလို့လဲဆိုတော့ အာအိုးယာမာမှာ တောင်ထွတ်ကိုးခုရှိပြီး တောင်ထွတ်ကိုးခုမှာ ဓားကိုးချောင်း ရှိလို့ပဲ။ အဲဓားကိုးချောင်းက လောကကြီးကို အုပ်စိုးနိုင်တယ်။”

လက်ခုပ်တီးအားပေးသံများ ထွက်လာနိုင်သည်ဟု ကျင်းကျူးတွေးလိုက်၏။

အသေအချာပင် တပည့်ငယ်များ၏ စိတ်လှုပ်တရှား အားပေးသံများနှင့် လက်ခုပ်သံများက ဓားစံအိမ်ထဲ ထွက်ပေါ်လာခဲ့သည်။

“ထျန်းကွမ်တောင်ထွတ်ရဲ့ အဓိကဓားကို ကောင်းကင်ဘုံဆက်ခံခြင်းလို့ ခေါ်ပြီး ကောင်းကင်ဘုံရဲ့ တာဝန်တွေကို ဆက်ခံတယ် ဒါမှမဟုတ် ယူတယ်လို့ အဓိပ္ပာယ်ရတာကြောင့် ဓားစတိုင်လ်ကိုလည်း ကောင်းကင်ဘုံဆက်ခံခြင်းလို့ခေါ်တယ်။ ရှိုင်းတောင်ထွတ်ရဲ့ အဓိကဓားကို သုံးပေဓားလို့ ခေါ်ဆိုပြီး လိမ့်နေတဲ့နှင်း ဓားစတိုင်လ်ကို အသုံးပြုတယ်။ ယွမ်ရှင်းတောင်ထွတ်ရဲ့ အဓိက ဓားကို မရှိခြင်းလို့ခေါ်ပြီး ငှက်အိုဓားစတိုင်လ်ကို အသုံးပြုတယ်။ ချင်းရောင်တောင်ထွတ်ရဲ့ အဓိကဓားကို ဇီသာဗျတ်စောင်းလို့ ခေါ်ဆိုပြီး အဆုံးမဲ့ ဓားစတိုင်လ်ကို အသုံးပြုတယ်။ ရှီးယွီတောင်ထွတ်ရဲ့ အဓိကဓားကို ပြန်လာတဲ့နေ လို့ ခေါ်ပြီး နဂါးခြောက်ကောင် ဓားစတိုင်လ်ကို အသုံးပြုတယ်။ ရှီးလဲ့တောင်ထွတ်ရဲ့ အဓိကဓားကို သက်ကြီးအိုလို့ခေါ်ပြီး ဇီးသီးခုနစ်လုံး ဓားစတိုင်လ်ကို အသုံးပြုတယ်။ ဘီးဟူတောင်ထွတ်ရဲ့အဓိက ဓားကို ဒီရေလို့ခေါ်ပြီး အရပ်မျက်နှာရှစ်ဖက် ဓားစတိုင်လ်ကို အသုံးပြုတယ်။”

လင်းဝုကျိ ဤနေရာတွင် ရပ်လိုက်သည်ကို ကြည့်ကာ တပည့်များ ခေါင်းရှုပ်သွားကြ၏။ သတ္တိရှိသော တပည့်တစ်ယောက်က လက်မြှောက်လိုက်ပြီး မေးလိုက်သည်။

“ကိုးခုမြှောက်တောင်ထွတ်ကရော”

လင်းဝုကျိပြောလိုက်၏။

“ရှန်းမိုတောင်ထွတ်ရဲ့ အဓိကဓားကို အတွေးမဲ့ဓားလို့ခေါ်ပြီး သေခြင်းကိုးပါးဓားစတိုင်လ်ကို အသုံးပြုတယ်။ ဒါပေမယ့် အဲဓားကို စီနီယာ မဟာဆရာသခင်ကျင်းယန်က သူ တက်ရောက်သွားချိန် ယူသွားခဲ့တယ်။”

တပည့်များ ဓားကိုးချောင်းမှ တစ်ချောင်းပျောက်နေသေးသည်ကို ‌တွေ့လိုက်ရသောကြောင့် မေးလိုက်သည်။

“လျန်းဝမ်တောင်ထွတ်ကရော”

“လျန်းဝမ်တောင်ထွတ်ရဲ့ အဓိကဓားကို ပြိုင်ဘက်ကင်းဓားလို့ခေါ်တယ်။”

လင်းဝုကျိသက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

“အဲဒါကိုလည်း စီနီယာ မဟာဆရာသခင် ကျင်းယန်က သူ တက်ရောက်သွားတဲ့အချိန် ယူသွားခဲ့တယ်။”

ကျင်းကျူး ပြူတင်း အပြင်ဘက်ကို ကြည့်နေဆဲဖြစ်၏။

သူ့လက်ကောက်ဝတ်ရှိ လက်ကောက်သည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်‌နေပြီး ရေးရေးလေးတောက်ပနေသည်။

ဓားဆေးကြောခြင်းခန်းမရှိ လူများ စတင်ဆွေးနွေးလိုက်ကြ၏။

မဟာဆရာသခင်ဦးလေး ကျင်းယန် တက်ရောက်သွားသည်မှာ သေချာပေါက် ကောင်းသောအရာဖြစ်သော်လည်း သူက ဘာကြောင့် ဤကျော်ကြားသော ဓားနှစ်လက်ကို သူနှင့်အတူ ယူသွားခဲ့ရသနည်း။

အကယ်၍ သူသည် ကိုးခုမြောက်တောင်ထွတ်၏ အတွေးမဲ့ဓားကိုသာ ယူသွားခဲ့ပါက နားလည်ပေး၍ရသော်လည်း သူက ဘာကြောင့် လျန်းဝမ်တောင်ထွတ်၏ ပြိုင်ဘက်ကင်းဓားကိုလည်း ယူသွားခဲ့ပါသနည်း။

ဓားကိုးလက်မှ နှစ်လက်ကို ဆုံးရှုံးသွားခဲ့သည်။ မည်သို့ကြည့်ပါစေ အာအိုးယာအာဂိုဏ်း၏ အင်အားကို ကြီးစွာ ထိခိုက်သွားခဲ့ပေသည်။

တပည့်များ၏ ဆွေးနွေးသံများကို နားထောင်ကာ လင်းဝုကျိ မျက်ခုံး အနည်းငယ်ပင့်လိုက်မိပြီး အနည်းငယ် မပျော်မရွှင်ဖြစ်သွား၏။

“စီနီယာမဟာဆရာသခင်ရဲ့ တက်ရောက်မှုက အာအိုးယာမာဂိုဏ်းရဲ့ အကြီးမားဆုံး ဂုဏ်ကျက်သရေဖြစ်ပြီး အဲဓားနှစ်ချောင်းရဲ့ ဂုဏ်ကျက်သရေလည်းဖြစ်တယ်။”

သူ တပည့်များကို ကြည့်လိုက်ပြီး အသံနိမ့်ဖြင့် ပြောလိုက်၏။

“ဓားနှစ်ချောင်းကို ဆုံးရှုံးရတာကြောင့် အင်အားကို ထိခိုက်သွားတယ်လား။ အဲဓားတွေက လူနဲ့အတူ တိုးတက်တယ်ဆိုတာ မင်းတို့ နားလည်ထားရမယ်။ လူတွေက လုံလုံလောက်လောက် အားကောင်းသရွေ့ သူတို့ရဲ့ဓားတွေက လုံလုံလောက်လောက် အားကောင်းလိမ့်မယ်။ တကယ်လို့ မင်းတို့က နောင်မှာ ကောင်းကင်ဘုံကို ရောက်ရှိခြင်းအဆင့်ကို ရောက်ခဲ့ရင် မင်းတို့ရဲ့ဓားတွေက တောင်ထွတ်တွေရဲ့ အဓိကဓားတွေဖြစ်ဖို့ အရည်အချင်းပြည့်မီမှာဖြစ်ပြီး ပြိုင်ဘက်ကင်းဓားနဲ့ အတွေးမဲ့ဓားနေရာကို ယူနိုင်လိမ့်မယ်။”

ဤအရာကို ကြားသည်နှင့် တပည့်များအားလုံး၏ မျက်နှာများအပေါ် ကွဲပြားသော အမူအရာများ ရောက်ရှိလာခဲ့ပြီး သူတို့အားလုံး၏ စိတ်ထဲတွင် မတူညီသော အတွေးများ ဝင်လာခဲ့သည်။

တပည့်အချို့တို့က စိတ်အားထက်သန်လာခဲ့ကြပြီး အချို့တို့က သူတို့၏ပုခုံးအပေါ်ရှိ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ တပည့်အများစုတို့က ဤအရာများသည် သူတို့နှင့် ဘာမှမသက်ဆိုင် ဟု ခံစားလိုက်ကြရ၏။

သူတို့သည် မကြာသေးမီကမှ အတွင်းစည်းကို ဝင်ရောက်လာခဲ့ကြပြီး စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်၏ ပြီးပြည့်စုံမှုတွင်သာ ‌ရှိကြသေးကာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံကို ရောက်ရှိခြင်းအဆင့်နှင့် အလှမ်းဝေးနေသေးသည်။

သူတို့သည် တကယ့်ပါရမီရှင်များဖြစ်ခဲ့ကြလျှင်ပင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ ထိုအဆင့်ကို ရောက်ရှိနိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။

ကုန်းမြေတိုက်တစ်ခုလုံးတွင် ကောင်းကင်ဘုံရောက်ရှိခြင်းအဆင့်ကို ရောက်ရှိနေသည့်လူ အနည်းငယ်သာ ရှိကြပြီး အာအိုးယာမာဂိုဏ်းရှိ ထိုအဆင့်ကို ရောက်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ခေါင်းဆောင်ဖြစ်၏။

တပည့်များ၏ အမူအရာများကို ကြည့်ကာ သူတို့ ဘာတွေးနေကြသည်ကို လင်းဝုကျိသိပေသည်။ သူ ပြောလိုက်၏။

“မင်းတို့ ဘယ်လောက်ဝေးဝေးသွားနိုင်ပါစေ အဆုံးအထိသွားဖို့ မင်းတို့မှာ စိတ်စွမ်းအားမရှိရင် ဘာလို့ ဒီခက်ခဲတဲ့ လမ်းကြောင်းအပေါ် ခြေချကြသေးတာလဲ။ မင်းတို့ တစ်ကြိမ်မှာ တစ်ကိုက် ကိုက်ရမယ်၊ တစ်ကြိမ်မှာ တစ်လှမ်း လှမ်းရမယ်။ ခြေတစ်လှမ်းမလှမ်းဘဲ မိုင်တစ်ထောင်ကို မင်းတို့ ဘယ်လိုလုပ်ရောက်နိုင်မှာလဲ”

ဤသည်ကိုကြားသည်နှင့် တပည့်များအားလုံး လေးနက်သွားကြသည်။

လင်းဝုကျိ ပြောလိုက်၏။

“ဒီနေ့ ဓားကျမ်းစာကို ရရှိပြီးရင် မင်းတို့ အဲဒါကို လေ့လာပြီး လုံးလဝီရိယရှိရှိ လေ့ကျင့်ကြရမယ်။ နားလည်ကြလား။”

ထိုစကားကို သူတို့ ကြားလိုက်သည်ဖြစ်စေ မကြားလိုက်သည်ဖြစ်စေ တပည့်များ ညီညီညွှတ်ညွှတ်ဖြေလိုက်ကြ၏။

“ဟုတ်ကဲ့”

လင်းဝုကျိ ခေါင်းညိတ်လိုက်ပြီး သူ့သင်ခန်းစာကို ဆက်လိုက်သည်။

“ဓားကျမ်းစာရဲ့ အကြောင်းအရာက ကျယ်ပြန့်ပြီး ဓားဆက်ခံခြင်းပြိုင်ပွဲမတိုင်မီ လေ့ကျင့်ဖို့ မင်းတို့အတွက် လုံလောက်တယ်။ အထွတ်အထိပ်ဓားမန္တန်တွေကို ဓားဆက်ခံခြင်းပြိုင်ပွဲမှာ မင်းတို့ ဆရာသခင်တစ်ယောက် ရရှိချိန်မှသာ ရွေးချယ်နိုင်တယ်။ ဒါပေမယ့် ဓားပညာရပ်ကို မင်းတို့ စတင်မလေ့လာခင် ပထမဆုံး မင်းတို့လုပ်ရမှာက ခိုင်မာတဲ့ အုတ်မြစ်ကို ချထားပြီး မင်းတို့ရဲ့ အဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန် တိုးတက်အောင်လုပ်ဖို့ပဲ။ အဲလိုမှမဟုတ်ရင် ဓားတစ်ချောင်းက မင်းတို့အတွက် သုံးမရတဲ့ သံမဏိနဲ့ ခြားနားမှာမဟုတ်ဘူး။”

“ဓားဆေးကြောတဲ့ အချိန်ကာလအတွင်း မင်းတို့ အဆင့်သေးကို ဖြတ်ကျော်ကြရမယ်။”

“ငါတို့ဂိုဏ်းရဲ့ အဆင့်သေးကိုလည်း နှစ်ပိုင်းခွဲထားတယ်၊ အဲဒါတွေကတော့ အသိပညာကို ပေါင်းစပ်ခြင်းနဲ့ ပြီးပြည့်စုံသော ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ပဲ။”

“အသိပညာကို ပေါင်းစပ်ခြင်းဆိုတာ ဘာလဲ။ အဲဒါက မူလရင်းမြစ်ဟာ နတ်ဘုရားနဲ့ ဆက်နွယ်နေတာကို နားလည်ပြီး နတ်ဘုရားနဲ့ ပေါင်းစည်းသင့်တာကို သဘောပေါက်ဖို့ပဲ။ ဒီအဆင့်မှာ မင်းတို့ဟာ တာအိုမျိုးစေ့ကို မင်းတို့ရဲ့ ဝိဉာဉ်ပင်လယ်ထဲ စိမ့်ဝင်ခိုင်းရမှာဖြစ်ပြီး အဲဒါက သစ်ပင်ကြီးတစ်ပင်ဖြစ်လာပြီး ဓားသစ်သီး သီးပွင့်လာတဲ့အထိ ကူညီရမှာဖြစ်တယ်။”

“ဓားသစ်သီးဖြစ်ပေါ်လာတဲ့အခါ ဓားစိတ်ဆန္ဒ မွေးဖွားလာပြီး ဓားပျံတွေနဲ့ တည်ငြိမ်တဲ့ ချိတ်ဆက်မှုကို တည်ဆောက်ပေးတယ်။ ဒီနည်းလမ်းကနေပဲ မင်းတို့ဟာ ရန်သူတွေကို တိုက်ခိုက်ဖို့ ဓားကို ထိန်းချုပ်နိုင်တယ်။”

“ဒီအဆင့်ကို သစ်သီးဝင်္ကဘာလို့လည်း ခေါ်လို့ရတယ်။ ဒါကြောင့် ငါ တွေးတောခဲ့တယ်၊ သစ်သီးဝင်္ကဘာ(ကောချန်)ဘုရားကျောင်း ပထမဆုံး ဆောက်လုပ်ခဲ့ချိန်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဟာ ငါတို့ရဲ့ဓားကျမ်းစာကို လျှို့ဝှက်စွာ လေ့လာခဲ့သလားဆိုတာကို”

***

ကျင်းကျူး သူ့အကြည့်ကို ပြူတင်းဆီမှ ရုတ်သိမ်းလိုက်ပြီး အစောင့်များ ဝေပေးလိုက်သည့် ဓားကျမ်းစာကို ယူလိုက်သည်။ သူ ပထမဆုံးစာမျက်နှာကို ဖွင့်လိုက်ပြီး မှင်ဖြင့်ရေးသားထားသည့် ရင်းနှီးသည့် စကားလုံးများကို တွေ့လိုက်၏။

ရယ်မောသံများ ပြည့်နှက်နေသည့် ဓားဆေးကြောခြင်း ခန်းမထဲတွင် သူ တိတ်ဆိတ်နေခဲ့သည်။

***

“ဒါဆို ပြီးပြည့်စုံတဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကရော ဘာလဲဗျ”

“ပြီးပြည့်စုံတဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းက သဟဇာတဖြစ်တာကို ဆိုလိုတယ်။ ဒါက သဟဇာတဖြစ်မှုကို ရရှိဖို့ ငါတို့ဟာ မဟာလမ်းစဉ်ကို ထိန်းသိမ်းထားရမယ်လို့ ဆိုလိုတယ်။”

“ဒီအဆင့်မှာ ကျန်းယွမ်က ပြဒါးလို ခန္ဓာကိုယ်ထဲမှာ စီးဆင်းပြီး ဓားအဆီအနှစ်အဖြစ် ပြောင်းလဲတယ်။ ဓားသစ်သီးကလည်း ရွှေရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာပြီး ဒါက ဓားဆေးလုံး ဖြစ်ပေါ်လာတဲ့ လက္ခဏာပဲ။”

“ဓားဆေးလုံး ဖြစ်ပေါ်လာတဲ့အခါ ဓားစိတ်ဆန္ဒက ခိုင်မာလာလိမ့်မယ်။ ဓားပျံက ကျောက်တုံးနဲ့ ရွှေတွေကို ဖြတ်တောက်နိုင်တယ်။ ပေတစ်ရာအတွင်း အဲဒါကို လက်မောင်းနဲ့ လက်ချောင်းတစ်ချောင်းလို ထိန်းချုပ်နိုင်မယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သတ်ဖြတ်နိုင်မယ်။”

“ဒါပေမယ့်လည်း မင်းတို့အတွက် စိတ်ဝင်စားစရာအကောင်းဆုံးအရာက ဓားပျံကို ဘယ်လိုစီးနင်းမလဲဆိုတာ ဖြစ်ရမယ်။”

“ဒါပေါ့၊ ငါ မင်းတို့ကို ကြိုတင်ဂုဏ်ပြုချင်တယ်။ ဓားဆေးလုံး ဖြစ်ပေါ်လာတာနဲ့ မင်းတို့ ဓားကို ထိန်းချုပ်နိုင်ပြီး ပျံသန်းနိုင်မယ်။ မင်းတို့မှာ လုံလောက်တဲ့ ဓားအဆီအနှစ်တွေ ရှိရင် ထျန်းကွမ်တောင်ထွတ်ရဲ့ တောင်ထိပ်အထိတောင် ပျံသန်းလို့ရတယ်။”

“ဒါပေါ့ နောက်ထပ် ကောင်းကျိုးလည်းရှိတယ်။ ငါ အရင်က ပြောခဲ့သလို ဒီအဆင့်မှာ မင်းတို့ဟာ ဓားဆက်ခံခြင်းပြိုင်ပွဲမှာ ဝင်ပါလို့ရပြီး ဓားတောင်ထွတ်တစ်ခုခုရဲ့ တပည့်ရင်းဖြစ်လာနိုင်တယ်။”

***

ဓားဆေးကြောခြင်းခန်းမရှိ ရယ်မောသံများက ဆက်လက်ထွက်ပေါ်နေသေး၏။

ကျင်းကျူး ဓားကျမ်းစာ၏ ပထမစာမျက်နှာပေါ်ရှိ ရင်းနှီးသည့် စာလုံးများကိုသာ ကြည့်နေခဲ့ပြီး အတွေးထဲ နစ်မြုပ်သွားသည်။

****

“ခုလေးတင်ပဲ တစ်စုံတစ်ယောက်က အဆင့်သေးအဆင့်က စဦးပိုင်းအဆင့်နဲ့ ကွဲပြားတာကြောင့် ငါတို့ဟာ ဝိဉာဉ်ပင်လယ်ကို ကြည့်ပြီး ကျင့်ကြံခြင်းရဲ့ တိုးတက်မှုကို ဆုံးဖြတ်လို့မရဘူး။ ဒါကြောင့် ဘယ်လို စံနှုန်းကို ငါတို့ အသုံးပြုမလဲ လို့ မေးခဲ့တယ်။”

“ဒီမေးခွန်းက အရမ်းရိုးရှင်းတယ်၊ အနည်းဆုံး ငါတို့ရဲ့ အာအိုးယာမာမှာပေါ့။”

“မြေအောက်လောကက ဝိဉာဉ်မီးတောက်ကို ကြည့်တယ်၊ ကောချန်ဘုရားကျောင်းက ဈာန်နှလုံးသားကို ကြည့်တယ်၊ ငါတို့က ဓားသစ်သီးကို ကြည့်တယ်။ သူတို့အားလုံးမှာ ဓားသစ်သီးတွေရှိရင် ငါတို့ ဘယ်လို ဆုံးဖြတ်ကြမလဲ။ ဒါဆို အဲဒါက မင်းတို့ရဲ့ ဓားကို ထိန်းချုပ်တဲ့ စွမ်းရည်အပေါ် မူတည်တယ်။”

“တကယ်လို့ မင်းတို့ရဲ့ဓားက ပေတစ်ရာအဝေးက ရန်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ရင် အဲဒါက စိတ်ဆန္ဒဆက်ခံခြင်းပဲ။”

“တကယ်လို့ မင်းတို့ရဲ့ဓားက ငါးမိုင်ထက်ပိုပျံသန်းနိုင်ပြီး ရန်သူကို သတ်နိုင်ရင် အဲဒါက လွတ်လွတ်လပ်လပ်ခရီးသွားခြင်းပဲ”

“တကယ်လို့ မင်းတို့က ဓားတစ်ချောင်းနဲ့ မိုင်တစ်ထောင်ကို ခရီးသွားနိုင်ရင် အဲဒါက ကောင်းကင်ဘုံ ရောက်ရှိခြင်းပဲ”

“တကယ်လို့ မင်းတို့က ဓားတစ်ချောင်းနဲ့ မိုင်တစ်ထောင်ကို ခရီးသွားနိုင်ရင် မင်းတို့ဟာ ပရမ်းပတာကုန်းမြေတိုက်မှာ အသန်မာဆုံး ဓားသမားပဲ။”

***

ဤစံနှုန်းသည် အရိုင်းဆန်ပြီး ရိုးရှင်းရုံသာမက အနည်းငယ်လည်း ရယ်စရာကောင်းပုံပေါ်၏။ ဓားဆေးကြောခြင်းခန်းမ၏ တပည့်များသည် ၎င်းကို ဆွေးနွေးနေခဲ့ကြသော်လည်း လင်းဝုကျိ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ သူတို့ ရွေးချယ်စရာမရှိဘဲ ယုံကြ

ည်လိုက်ရသည်။

အပြင်ဘက်ကမ္ဘာက မည်မျှဆူညံနေပါစေ ကျင်းကျူး ဓားကျမ်း၏ ပထမစာမျက်နှာရှိ စာလုံး လေးလုံးကို ဆက်ကြည့်နေခဲ့၏။

*******************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset