Chapter 2: လက်ရွေးစင်အသင်း
ယွီမင်ကျန်းသည် ဆံပင်ရှည်ကာ နူးညံ့ကြင်နာတတ်သောအပြုံးနှင့် အမျိုးသမီးဘီတာဖြစ်သည်။ သူမပေးခဲ့တာ ပထမဆုံးအထင်အမြင်မှာ သူမသည်အလွန်ခင်မင်ရင်းနှီးတတ်သော ညီမငယ်လေးဖြစ်နေခဲ့သည်။
သို့သော်ဤကဲ့သို့နူးညံ့မှုမှာ သူမ၏ပုံပန်းသွင်ပြင်မျှသာဖြစ်သည်။ သူမသည် တကယ်တမ်းတွင် အလွန်အားကောင်းကာ ထူးချွန်ထက်မြက်နေခဲ့သည်။ ACEသည်အောက်ခြေအဖွဲ့အနေနှင့် စတင်ခဲ့သောအခါ သူတို့သည်ချမ်းသာသည့်ကျောထောက်နောက်ခံများ၏ ပံ့ပိုးကူညီမှုရခဲ့ခြင်းမှာ သူမ၏အကူအညီကြောင့်သာဖြစ်သည်ဟုပြောနိုင်သည်။
ကျန်းရှောင်ယွီသည် သူမအား ညီမယွီဟုခေါ်ကာ ညီမတစ်ယောက်ကဲ့သို့ပင် အမြဲသတ်မှတ်ထားခဲ့သည်။
သို့သော် ယခင်က သူသည်အလျင်စလို နှုတ်ထွက်ခဲ့ကာ နှုတ်ဆက်စကားပြောရန် အချိန်မရှိခဲ့ပေ။ ကယ်လီဖိုးနီးယားသို့ရောက်လာပြီးနောက် သူ၏ WeChat, Qအကောင့်နှင့် ဖုန်းနံပါတ်များအား အသစ်များအဖြစ်အစားထိုးလိုက်ကာ သူသည်သူ၏အတိတ်မှသူငယ်ချင်းများနှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့သည်။
ယွီမင်ကျန်းသည် ပြည်ပမှ သူ၏နံပါတ်အသစ်အား မည်သည့်နေရာမှ ရှာတွေ့ခဲ့သနည်း။
ကျန်းရှောင်ယွီသည် နက်နက်နဲနဲ စုံစမ်းမနေဘဲ တည်ငြိမ်စွာပြန်စာရိုက်လိုက်သည်: [ငါရှောင်းပိုင်ရဲ့အခြေအနေကို မသိဘူး။ သူ့ရဲ့ဆရာအနေနဲ့ ငါသူ့ကိုသင်နိုင်သမျှအားလုံး သင်ပေးခဲ့တယ်။ သူကလူကြီးဖြစ်နေပြီး သူ့အပြုအမူတွေကလည်း သူနဲ့ပဲဆိုင်တယ်။ ငါဝင်ပြီးစွက်ဖက်ပိုင်ခွင့်မရှိဘူး]
ယွီမင်ကျန်းသည် ဝမ်းနည်းသည့် အီမိုဂျီကိုပို့ခဲ့သည်: [ဒါဆိုအစ်ကိုက လောင်လင်းအနားယူမယ့်အကြောင်းကို ဂရုမစိုက်တော့ဘူးလား]
ကျန်းရှောင်ယွီ: [e-sportsကစားသမားတွေက အမြဲအနားယူရမှာပဲ။ သူ့အသက်အရွယ်က အနားယူရတော့မယ့်အချိန်လောက်ပဲ]
[ရှောင်းချန်ကိုရော။ အရင်ကအစ်ကိုတို့နှစ်ယောက် ဆက်ဆံရေးကောင်းခဲ့ပြီး အစ်ကိုသူ့ကိုညီငယ်လေးလိုမျိုး သဘောထားခဲ့တာလေ။ သူ့ကိုနည်းပြကမသုံးဘဲ အေးစက်စက်အရန်ခုံပေါ်မှာပဲ တစ်နှစ်ပတ်လုံး ထိုင်နေခဲ့ရတာ။ သနားစရာကောင်းတယ်လို့ မထင်ဘူးလား။ နှစ်ဝက်လောက် ဆိုင်းငံ့ခံထားရတဲ့ ယယ်ကျီလည်းရှိသေးတယ်လေ]
ဤကဲ့သို့ရင်းနှီးနေသောနာမည်များသည် ကျန်းရှောင်ယွီအား အချိန်ခဏကြာ အနည်းငယ်စိတ်ရှုပ်ထွေးစေခဲ့သည်။
သူသည်ရုတ်တရက်ထွက်ခဲ့ပြီး လူအတော်များများမှာ အတူငိုကြွေးခဲ့ကြသည့်မြင်ကွင်းအား တွေးကြည့်မိခဲ့ပြီး သူ၏နှလုံးသားအား လက်တစ်စုံမှတင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်ပုံပေါ်သည်။ ပြင်းထန်သောနာကျင်မှုမှာ သူ၏ရင်ဘတ်မှထွက်လာခဲ့သည်။
လောင်းလင်၊ ယယ်ကျီ၊ ရှောင်းချန်၊ ရှောင်းကျိုး…
သူကိုယ်တိုင်သင်ကြားပေးခဲ့သော သူ၏အလုပ်သင် ပိုင်ဖန်းလည်း ရှိနေခဲ့သည်။
သူသည်ထိုလူများအပေါ် အမြဲအပြစ်ရှိစိတ်အား အမြဲခံစားနေခဲ့ရသည်။
သူသည် ACE ဟူသောအဖွဲ့အား ဖွဲ့စည်းကာ အဖွဲ့ဝင်များအားလုံးမှာ သူကိုယ်တိုင်ရွေးနှုတ်ထားသူများဖြစ်သည်။
S3 ရာသီတွင် သူတို့သည် နည်းပြပင်မရှိသော သနားစရာအောက်ခြေအဖွဲ့မှ စတင်ခဲ့သည်။ ကျန်းရှောင်ယွီသည် ခေါင်းဆောင်ဖြစ်ကာ နည်းပြလည်းဖြစ်သည်။ ယွီမင်ကျန်းသည် တိုက်ခန်းအလွတ်အား လေ့ကျင့်ခန်းအဖြစ်ပြောင်းလဲကာ ထိုအထဲ၌ ကွန်ပျူတာအချို့ထားခဲ့သည်။ ဆယ်ကျော်သက်များမှာ ဤကဲ့သို့ခက်ခဲသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခဲ့ကြကာ သူတို့ပင်ပန်းလာသောအခါ နေ့တိုင်းအိပ်ရန် ဘေးအိပ်ခန်းဆီသို့ သွားခဲ့သည်။
အိပ်ခန်းများမှာ နှစ်ထပ်ကုတင်များဖြစ်ပြီး ရိုးရှင်းစွာပြင်ဆင်ထားခဲ့သည်။ တိုက်ခန်းတစ်ခုလုံးတွင် ရေချိုးခန်းတစ်ခန်းသာ ရှိနေခဲ့ကာ သူတို့မျက်နှာများသစ်ရန်နှင့် အိမ်သာသွားရန် လူတန်းရှည်ကြီးရှိနေခဲ့သည်။
၎င်းမှာ ခက်ခဲသောအချိန်ဖြစ်သော်လည်း ပျော်စရာကောင်းသည့်အချိန်လည်း ဖြစ်နေခဲ့သည်။
ဆယ်ကျော်သက်အဖွဲ့မှာ အမျိုးသားမြို့တော်လိဂ်မှ ဘီအဆင့်လိဂ်သို့ တောက်လျှောက်တက်လာခဲ့သည်။ သူတို့သည်ဘီအဆင့်လိဂ်ချန်ပီယံရှစ်အား အနိုင်ယူခဲ့ပြီးနောက် ထိပ်တန်းအေအဆင့်ပရော်ဖက်ရှင်နယ်လိဂ်အား အနိုင်ရရှိခဲ့သည်။
ယွီမင်ကျန်းသည် ငွေကြေးကျောထောက်နောက်ခံပံ့ပိုးသူ၏ ပံ့ပိုးကူညီမှုရရှိရန် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် သူတို့ကိုယ်ပိုင်အခြေကို ရရှိသွားခဲ့သည်။
သူသည် သူတို့နေရာကျယ်၍တောက်ပသော လေ့ကျင့်ရေးအခန်းထဲသို့ ပြောင်းရွှေ့သည့်နေ့တွင် လူတိုင်း၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားကာတောက်ပနေသည့် အပြုံးများအား ယခုတိုင်မှတ်မိနေသေးသည်။
လောင်းလင်မှာ မျက်ရည်များပင်ဝဲလာခဲ့သည်။ “ငါတို့ကအဆင့်နိမ့်တဲ့အထွေထွေအဖွဲ့ မဟုတ်တော့ဘူးကွ။ ငါတို့မှာကိုယ်ပိုင်နေရာရှိတယ်။ နောက်ကျရင် ကုတင်နှစ်ဆင့်ပေါ်မှာ အိပ်စရာမလိုတော့ဘဲ လူတိုင်းသီးသန့်ကုတင်တွေ ရှိလာလိမ့်မယ်။ အခြေအနေတွေက တကယ်ကောင်းတာပဲ”
ယယ်ကျီသည် အပြုံးဖြင့်သာပြောလိုက်သည်။ “ဒါအခုမှအစပဲရှိသေးတယ်။ ငါတို့ရဲ့ပန်းတိုင်က ဒီနှစ်ချန်ပီယံဖြစ်ဖို့ပဲ။ ငါတို့ချန်ပီယံဖလားရတာနဲ့ ငါတို့ကချန်ပီယံရှစ်အသင်းတစ်ခုဖြစ်လာပြီး ငါတို့ရဲ့ဆက်ဆံရေးတွေကလည်း အနာဂတ်မှာ ပိုပိုပြီးကောင်းလာလိမ့်မယ်”
ရှောင်းချန်တွင် ရှက်တတ်သောသဘောထားရှိနေခဲ့သည်။ သူသည် နီရဲနေသောမျက်နှာနှင့် ကျန်းရှောင်ယွီ၏အနောက်တွင် ရပ်နေခဲ့ကာ တီးတိုးပြောခဲ့သည်။ “အစ်ကိုယွီ၊ ဘီအဆင့်လိဂ်ကအသင်းက ချန်ပီယံရှစ်ကို တိုက်ရိုက်အနိုင်ရခဲ့တယ်ဆိုတဲ့ အသင်းမျိုး သမိုင်းမှာရာဇဝင်မရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ဒါလုပ်လို့ရနိုင်မလား”
လူတိုင်းသည် ကျန်းရှောင်ယွီအား လှည့်ကြည့်လိုက်သည်။
ကျန်းရှောင်ယွီသည် အလွန်သေချာစွာ ကြွေးကြော်ခဲ့သည်ကို သတိရခဲ့သည်။ “သေချာပေါက် ရနိုင်တာပေါ့”
သူသည် ယုံကြည်ချက်ရှိနေခဲ့ကာ ကစားသမားများမှာ သူ့အားယုံကြည်ခဲ့ကြသည်။
ဘီအဆင့်လိဂ်မှလာခဲ့သော လူငါးယောက်မှာ အင်တာနက်သုံးစွဲသူများမှ ‘အထွေထွေအဖွဲ့’ဟု ခေါ်ခဲ့ကြသည်။ သူတို့အား ပုံမှန်ကလပ်များမှ ပရော်ဖက်ရှင်နယ်အသင်းများစွာမှ ဝန်းရံထားခဲ့သည်။ သူတို့သည် အေအဆင့်ပရော်ဖက်ရှင်နယ်လိဂ်ပား မည်ကဲ့သို့ အနိုင်ရနိုင်မည်နည်း။
သို့သော် သူတို့လုပ်နိုင်ခဲ့သည်။
ထိုနှစ်၏ ACE အဖွဲ့မှာ မှင်သက်စရာကောင်းခဲ့သည်။
လိဂ်ထဲမှ မရေမတွက်နိုင်လောက်အောင် သက်တမ်းရင့်ကာအားကောင်းသော အသင်းများရှေ့တွင် သူတို့သည်လုံးဝကြောက်ရွံ့မှုမရှိခဲ့ပေ။ သူတို့သည်ဆန်းသစ်၍ ပြောင်းလဲလွယ်သောနည်းစနစ်များ၊ ၎င်းတို့၏နည်းစနစ်ပူပေါင်းမှုများနှင့် အားကောင်းသည့်ရန်သူများ ဝန်းရံထားခဲ့သော ပရော်ဖက်ရှင်နယ်လိဂ်တွင် အကျိုးရှိသည့်လမ်းတစ်ခုဖန်တီးရန် သေဆုံးရမည်ကိုမကြောက်ရွံ့သော ကြိုးစားအားထုတ်မှုများကို အသုံးပြုခဲ့သည်။
ထိုအချိန်၌ သူတို့သည်ကျယ်လောင်သည့် သေနတ်သံများနှင့်ပေါက်ကွဲမှုများ၊ ကွင်းပြင်ပေါ်မှ စိတ်အားထက်သန်မှုနှင့်သွေးများအပြင် ကွင်းပြင်ပြင်ပမှ ရယ်သံနှင့်ချွေးများနှင့်အတူ အမြဲယှဉ်တွဲနေခဲ့သည်…
သူတို့ငါးယောက်မှာ ချန်ပီယံလိဂ်စင်မြင့်အား နောက်ဆုံးရောက်သွားခဲ့သောကြောင့် အချင်းချင်းဖက်၍ စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးနေခဲ့သော မြင်ကွင်းမှာ ကျန်းရှောင်ယွီ၏အိပ်မက်ထဲတွင် မကြာခဏပြန်ပေါ်လာခဲ့သည်။ ဤတိုတောင်းလှသည့်နှစ်မှာ သူ၏ငယ်ရွယ်စဉ်မှစ၍ အသက်ကြီးလာသည်အထိ တန်ဖိုးအထားရဆုံးအမှတ်တရတစ်ခုဖြစ်လာခဲ့သည်။
လူတိုင်း၏မျှော်လင့်ချက်များနှင့်မတူဘဲ ACE အဖွဲ့မှာ S3ချန်ပီယံရှစ်ဖလားကို အနိုင်ရယူခဲ့သည်။
ကျန်းရှောင်ယွီသည် တန်ဖိုးအထားရဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဆုဖြစ်သည့် နှစ်တစ်နှစ်၏ အကောင်းဆုံးကစားသမားဆုအား လက်ခံရရှိခဲ့ကာ အင်တာနက်သုံးစွဲသူများမှ ‘စနိုက်ပါနတ်ဘုရား’ ဟုခေါ်ခဲ့ကြသည်။
အံ့ဩဖွယ်အား ဖန်တီးခဲ့သော ဤလူမှာ ချန်ပီယံရှစ်ဖလားအနိုင်ရပြီးနောက် သူ၏အနားယူမှုအား နားမလည်နိုင်လောက်အောင် ကြေငြာခဲ့သည်မှာ နှမြောစရာပင်ဖြစ်သည်။
သူထွက်သွားပြီးနောက် ရင်းနှီးမြုပ်နှံသူများမှာ ပိုက်ဆံများစွာရရှိရန် ACEအားရောင်းချင်ခဲ့ကြသည်။ ယွီမင်ကျန်းသည် ထိုအရာအားကယ်တင်ရန် နည်းလမ်းများစွာစဉ်းစားရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်ကာ အဖွဲ့အစည်းနှင့်တိုက်ခိုက်ရန် ကျရှုံးခဲ့သည်။
နောက်ဆုံး၌ ACE သည်အဖွဲ့ပျက်သွားခဲ့ကာ ကစားသမားများမှာ သူတို့၏ကွဲပြားသည့်လမ်းကြောင်းများဆီသို့ လျှောက်သွားခဲ့သည်။
ထိုအသင်းမှာ လိဂ်၏သမိုင်းကြောင်းထဲတွင် သက်တမ်းတိုခဲ့ကာ ဒဏ္ဍာရီလာအဖြစ်သာ ကျန်ရစ်ခဲ့သည်။
နောက်ပိုင်းတွင် အင်တာနက်သုံးစွဲသူများစွာမှာ နောင်တရခဲ့ကြသည်။ ‘ACE’ ဟူသောအမည်မှာ ကံမကောင်းသောကြောင့် ၎င်းမှာ ကြေကွဲစရာကောင်းစွာ အဆုံးသတ်သွားခဲ့သည်လား။
နောက်ဆုံးတွင် e-sports လောကထဲမှ ACE မှာ ‘အဖွဲ့ပျက်စီးခြင်း’ဟု ဆိုလိုနေခဲ့သည်။
ထိုနှစ်မှအင်တာဗျူးထဲတွင် ကျန်းရှောင်ယွီသည် ACEအသင်း၏နာမည်မှာ ပြိုင်ဘက်အသင်းများအား အိမ်သို့ပြန်ခွင့်ပြုခြင်းဖြစ်သည်ဟု တစ်ခါကပြောခဲ့ဖူးသည်။ သူသည် ‘ACE’ဟူသော စနစ်၏အသံသက်ရောက်မှုအား ကြားရသည်ကို နှစ်သက်နေခဲ့သည်။
သို့သော်လည်းအဆုံးတွင် အဖွဲ့ပျက်စီးသွားကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။
အမှတ်တရများမှာ သူ၏စိတ်ထဲတွင် လျင်မြန်စွာပေါ်လာခဲ့သည်။ ကျန်းရှောင်ယွီသည် သူ၏ဖုန်းပေါ်မှ စာတစ်စောင်အား စိုက်ကြည့်နေခဲ့ကာ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။
ယွီမင်ကျန်းသည် အလွန်အင်အားကြီးလှသည်။ သူမသည်သူ၏နှလုံးသားထဲမှာ နက်ရှိုင်းစွာမြုပ်နှံထားခဲ့သော အပြစ်ရှိစိတ်အား နှိုးဆွရန် စာကြောင်းတစ်ချို့ကိုသာ သုံးခဲ့သည်။
သူသည်ဤလူများအား e-sports လောကထဲသို့ ခေါ်လာခဲ့ကာ သူတို့အတွက် အိမ်ကောင်းတစ်လုံးအား မရှာပေးနိုင်ခဲ့ပေ။ သူ၏အဖွဲ့သားများမှာ ထိုနှစ်ကငယ်ရွယ်လွန်းသေးသည်။ သူတို့၏ခေါင်းဆောင်မှာ ရုတ်တရက်ထွက်သွားကာ အရှုံးပေးခဲ့သည်။ အဖွဲ့ဝင်များမှာ လမ်းပျောက်သွားခဲ့ကာ ဘာလုပ်ရမည်ကို မသိခဲ့ပေ။ လောင်စာများမီးရှို့ရန် သူတို့အနောက်မှ အရင်းအနှီးများထည့်ကာ သူတို့သည်အသင်းမှားနှင့်လက်မှတ်ထိုးခဲ့ပြီး သူတို့၏အရည်အချင်းများ နစ်မြုပ်သွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် နှမြောစရာဖြစ်သည်။
ကျန်းရှောင်ယွီသည် အသက်ပြင်းပြင်းရှူလိုက်ကာ မေးခွန်းတစ်ခုအား စာရိုက်လိုက်သည်: [ညီမယွီ၊ နင်ရုတ်တရက်ကြီး ယယ်ကျီနဲ့ရှောင်းခန်အကြောင်းပြောတယ်။ အဲ့ဒါနင်စပွန်ဆာရပြီး ACEအဖွဲ့ကိုပြန်စီမံချင်တာကြောင့်လား။ နင့်ငါ့ကိုပြန်လာပြီး အဲ့ဒါအတွက်နည်းပြလုပ်ခိုင်းစေချင်တာလား]
ယွီမင်ကျန်း: [ACEကိုပြန်အမှတ်ရဖို့ မဟုတ်ပါဘူး]
ယွီမင်ကျန်း: [ညီမတို့ကအစ်ကို့ကို နိုင်ငံ့လက်ရွေးစင်အသင်းကို နည်းပြပေးဖို့ ကမ်းလှမ်းချင်တာပါ]
ကျန်းရှောင်ယွီ: [……]
နိုင်ငံ့လက်ရွေးစင်အသင်းလား။ သူနောက်နေတာလား
ကျန်းရှောင်ယွီသည် သူမှားဖတ်မိသည်ဟုထင်ခဲ့ကာ ထိုအရာအားထပ်မံငုံ့ကြည့်ခဲ့သည်။
ယွီမင်ကျန်း၏စာစောင်မှာ ‘နိုင်ငံ့လက်ရွေးစင်အသင်း’ ဟူသောစကားလုံးများအား ရည်ညွှန်းထားခဲ့သည်။
ယွီမင်ကျန်းသည် ကျန်းရှောင်ယွီမှ ပေးပို့မှုပြတ်တောက်သွားသည်ကိုမြင်ခဲ့ကာ ရိုးရှင်းစွာဖုန်းခေါ်ဆိုမှုပြုခဲ့သည်။
ကျန်းရှောင်ယွီသည် ဖုန်းအားကိုင်လိုက်ကာ ရင်းနှီးနေသည့် ညင်သာသော အမျိုးသမီးအသံအားကြားခဲ့သည်။ သူမ၏အသံမှာ မျက်ရည်ဝဲနေကြောင်း ထင်ရှားနေခဲ့သည်။ “အားယွီ၊ ညီမလိဂ်ရဲ့ဌာနချုပ်မှာ အခုပဲအစည်းအဝေးတက်လို့ပြီးသွားတာပါ။ အစ်ကို့ကိုအကူအညီတောင်းတာကလွဲပြီး တခြားနည်းလမ်းမရှိဘူး။ လက်ရွေးစင်အသင်းက ကမ္ဘာ့စီးရီးရဲ့ပထမအဆင့်မှာတင် ပြုတ်သွားပြီးတော့ ရလဒ်တွေကလည်း အရမ်းနည်းနေခဲ့တယ်။ နည်းပြကျန်းကလည်း ချက်ချင်းနှုတ်ထွက်သွားပြီး နောက်ရာသီအတွက် နည်းပြတာဝန်ထမ်းဆောင်ဖို့ တာဝန်ယူနိုင်မယ့်နည်းပြမျိုး တရုတ်မှာမရှိတော့ဘူး”
“ညီမတို့အစက နိုင်ငံခြားသားကိုခန့်ဖို့ စီစဉ်ထားပြီး မြောက်အမေရိကပိုင်းက နည်းပြဆဲလ်တစ်ကို ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူခိုင်းမလို့ပါပဲ။ အဲ့နောက်သူက ညီမတို့တတ်နိုင်တဲ့ပမာဏထက် ကျော်တဲ့ ယွမ်သန်းပေါင်း၈၀လောက်တောင်းတယ်။ အင်တာနက်သုံးတဲ့သူတွေကလည်း ညီမတို့နိုင်ငံခြားသားကို ခန့်ချင်တာကြားသွားခဲ့ပြီး သူတို့က ရေပန်းစားရှာဖွေမှုပေါ်မှာတောင် ဆူခဲ့ကြတယ်။ တရုတ်မှာ ဘယ်သူမှမရှိတော့ဘူး။ ညီမတို့က e-sports နည်းပြကိုတောင်မရှာနိုင်ဘဲ နိုင်ငံခြားက အကူအညီတောင်းဖို့ ဒူးထောက်ရမှာလားဆိုပြီးပေါ့”
“ရလဒ်တွေကောင်းရင် ပြည်ပမီဒီယာတွေက ဒါကပြည်ပကနည်းပြရဲ့ အားထုတ်မှုပဲလို့ သေချာပေါက်ပြောလိမ့်မယ်။ ရလဒ်တွေက မကောင်းရင်တော့ တရုတ်ပြည်က ကစားသမားတွေကို ဦးဆောင်ဖို့ အရမ်းညံ့လွန်းတယ်လို့ ပြောကြလိမ့်မယ်”
“လက်ရွေးစင်အသင်းက လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဆက်တိုက်ဆိုသလို နည်းပြငါးယောက်တောင်ပြောင်းခဲ့တာလေ။ အရင်နည်းပြတွေကိုလည်း ဆူခဲ့ကြပြီး အဖွဲ့ကိုထပ်ပြီးဦးမဆောင်ချင်ကြတော့ဘူး။ နည်းပြအသစ်တွေကလည်း ဒီလိုမျိုးအန္တရာယ်များတဲ့အခြေအနေကို မကိုင်တွယ်ရဲကြဘူး။ ညီမတို့ဒါကိုတွေးခဲ့ကြပြီး အစ်ကို့ကိုဖိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အစ်ကိုကနိုင်ငံ့လက်ရွေးစင်အသင်းကို နည်းပြဖူးတဲ့ အတွေ့အကြုံမရှိပေမယ့် အစ်ကိုက ACE အဖွဲ့နည်းပြဖြစ်ခဲ့ပြီး လိဂ်သမိုင်းကြောင်းမှာ အားအကောင်းဆုံးမြင်းနက်အသင်းတစ်သင်းကို ယူဆောင်လာခဲ့တယ်။ ညီမတို့က အသင်းကိုဦးဆောင်ဖို့ အစ်ကို့ရဲ့လုပ်နိုင်စွမ်းကို ယုံတယ်”
“အားယွီ၊ ကျေးဇူးပြုပြီး စဉ်းစားကြည့်ပေးပါ။ လူတော််တော်များများက အစ်ကိုပြန်လာမှာကို စောင့်နေကြတယ်လေ”
ကျန်းရှောင်ယွီသည် သူမ၏ငိုလုဆဲဆဲအသံအား နားထောင်ခဲ့ကာ မျက်မှောင်ကြုတ်ခဲ့သည်။ သူသည်တစ်ခဏတာ မည်ကဲ့သို့ပြန်ဖြေရမည်ကို မသိခဲ့ပေ။
လက်ရှိလက်ရွေးစင်အသင်းမှာ အမှန်တကယ်ပင် ခက်ခဲသည့်အခြေအနေ၌ ရှိနေခဲ့သည်။
ယွီမင်ကျန်းသည် အပြင်ပန်းတွင် ကောင်းမွန်စွာပြောဆိုနေခဲ့သော်လည်း ၎င်းသည်တကယ်တမ်းတွင် ‘အိုးတစ်လုံးမှာ အက်ကွဲနေသောကြောင့် အပိုင်းပိုင်းအစစဖြစ်အောင် ချေပစ်လိုက်ခြင်း’ နှင့်အတူတူပင်ဖြစ်နေခဲ့သည်။ (မျှော်လင့်ချက်မဲ့ကာ ရူးရူးမိုက်မိုက်ပြုမူနေခြင်းအဖြစ်ရေးသားထားခြင်းဖြစ်သည်။)
မည်သို့ပင်ဖြစ်စေ သူတို့သည်တရုတ်ပြည်တွင် ပိုကောင်းသောနည်းပြအား မရှာနိုင်ပေ။ ထို့ပြင် သူတို့သည် နိုင်ငံခြားအကူအညီအား ဖိတ်ခေါ်ခဲ့ပါကာ အဆူခံရလိမ့်မည်။ နိုင်ငံခြားအကူအညီ၏လစာမှာလည်း အလွန်မြင့်နေခဲ့ကာ ဘာသာစကားအဟန့်အတားမှာ ဆက်ဆံရခက်နိုင်သည်။ အနားယူထားသော ‘ဒဏ္ဍာရီလာသူရဲကောင်း’ အား တိုက်ခိုက်ရန် ပြန်လည်ဖိတ်ခေါ်သည်မှာ ပိုကောင်းနေခဲ့သည်။
အိမ်ပြန်ရမှာလား။
အဲ့ဒီအကြာကြီးပျောက်နေခဲ့တဲ့နေရာကို နည်းပြအနေနဲ့ ပြန်သွားရမှာလား။
ကျန်းရှောင်ယွီသည် ပြတင်းပေါက်အပြင်ဘက်မှ အသက်မဲ့နေသည့်မြင်ကွင်းအား သူ၏ရင်ထဲမှ ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေခဲ့သည်။
သူသည် ငါးနှစ်ကြာ ပျောက်ဆုံးနေခဲ့သည်။ သူ့အား ‘အစ်ကိုယွီ’ဟု တစ်ချိန်ကခေါ်ခဲ့သော ဆယ်ကျော်သက်များမှာ ယခုမူအဓိကအသင်းများ၏ ထောက်တိုင်များဖြစ်လာကာ ဖူံကွယ်ခံရရန် ကံဆိုးလွန်းကာ ကစားခြင်းမှဆိုင်းငံ့ထားခြင်း သို့မဟုတ် အနားယူရန်ပင် အဆင်သင့်ဖြစ်နေခဲ့သည်။
နိုင်ငံ့လက်ရွေးစင်အသင်းမှာ လူကောင်းများထဲတွင် ရောနေသော လူဆိုးများလည်းရှိနေခဲ့သည်။
သူသည်နည်းပြအဖြစ် တာဝန်ယူခဲ့ပါက သူသည် မထင်မှတ်ထားသောဖိအားများဖြစ်သည့် အင်တာနက်သုံးစွဲသူများ၊ ကစားသမားများ၊ အဓိကကလပ်များနှင့် e-sports နယ်ပယ်၏ ခေါင်းဆောင်များအောက် ရှိနေလိမ့်မည်။ ပြဿနာအမျိုးအစားအားလုံးအား သူကိုယ်တိုင် ကျော်လွှားရလိမ့်မည်။
သူသည် တရုတ်ပြည်ရှိ ပုံမှန်ကလပ်အသင်းများအား နည်းပြဖူးသည့် အတွေ့အကြုံမျိုးမရှိခဲ့ပေ။ သူသည် ငယ်ရွယ်၍ အတွေ့အကြုံကင်းမဲ့ကာ ပြည်သူများအားဖျောင်းဖျရန် ခက်ခဲနိုင်သည်။
ရလဒ်များမကောင်းပါက သူသည်ပို၍ဆိုးရွားစွာပင် အဆူခံရနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည်အဆူခံရသည်ကို မကြောက်ရွံ့ခဲ့ပေ။ သူအနားယူခဲ့သည့်အခါ အတိတ်တွင် ပြည်တွင်းမှကီးဘုတ်တိုက်ခိုက်သူများမှာ သုံးရက်ဆက်တိုက် သူ့အားထိပ်တန်းရှာဖွေမှုသို့ ပို့ခဲ့သည်။ သူတို့သည် သူ့အားပက်ပက်စက်စက် ဆူပူခဲ့ကြသော်လည်း သူသည်မထူးခြားခဲ့ပေ။
လက်ရွေးစင်အဖွဲ့မှာ ကမ္ဘာ့ချန်ပီယံရှစ်၏ ပထမအဆင့်တွင်ပြုတ်သွားခဲ့ကာ ကွာတားဖိုင်နယ်သို့ပင် မတက်ရောက်နိုင်ခဲ့ပေ။ ဤသည်မှာအလွန်ဆိုးရွားလွန်းပြီးဖြစ်ကာ ဒီထက်ပိုမဆိုးနိုင်တော့ပေ။ သူသည်နည်းပြဖြစ်၍ နည်းပညာပူးပေါင်းမှုအား ပြန်လည်လေ့ကျင့်ရန် အချိန်ယူခဲ့ပါက သူတို့သည်အနည်းဆုံး အုပ်စုအဆင့်အား ကျော်နိုင်မည်မဟုတ်ပါလား။
ထို့ပြင် ယွီမင်ကျန်းစကားနားထောင်ကြည့်ပြီးနောက် ယယ်ကျီမှာ ဆိုင်းငံ့ခံရကာ ရှောင်းကျန်မှာချန်လှပ်ခံရပြီး လောင်လင်းမှာအနားယူတော့မည်ဖြစ်ကာ ပိုင်ဖန်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက် အမှန်တကယ်ပင် မဖြစ်လာခဲ့သလား။
သူသည်အလျင်စလိုထားခဲ့ကာ ဤလူများအား တစ်ယောက်တည်း ကျန်ရစ်စေခဲ့သည်။ အဆုံး၌ သူသည်ရှင်းပြချက်တစ်ခုပေးရန် အကြွေးတင်နေခဲ့သည်။
သူသည်ထွက်ပြေးနေ၍မရတော့ပေ။
ကျန်းရှောင်ယွီသည် ဤအကြောင်းအား တွေးမိခဲ့ကာ သူ၏စိတ်အားဆုံးဖြတ်ချက်ချခဲ့သည်။ သူသည်ဆုံးဖြတ်ချက်ခိုင်မာစွာပြောခဲ့သည်။ “ငါနည်းပြဖြစ်နိုင်ပေမယ့် ငါ့မှာတောင်းဆိုချက်နှစ်ခုရှိတယ်။ ခေါင်းဆောင်တွေသဘောတူနိုင်မလားဆိုတာ သွားပြီးဆွေးနွေးကြည့်ခဲ့”
ယွီမင်ကျန်း၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေခဲ့သည်။ “ပြောပါ။ တောင်းဆိုချက်တွေကဘာတွေလဲ။ တတ်နိုင်သမျှအစွမ်းကုန် ပူးပေါင်းဖို့ကြိုးစားမှာပါ”
ကျန်းရှောင်ယွီသည် တည်ငြိမ်စွာရှင်းပြခဲ့သည်။ “ပထမတစ်ချက်က ငါကလက်ရွေးစင်အသင်းနည်းပြဖြစ်ရင် ငါကပဲရွေးချယ်မှုနည်းလမ်းအပေါ် နောက်ဆုံးပြောရေးဆိုခွင့်ရှိပြီး လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်အသစ်တွေရဲ့ နောက်ဆုံးစာရင်းကိုရရမယ်။ ဒုတိယအနေနဲ့ သာမန်လေ့ကျင့်မှု၊ ဂိမ်းပွဲအတွင်း အဖွဲ့ဝင်ဖွဲ့တာ၊ အစပိုင်းတန်းစီတာမှာ ကစားမယ့်လူတွေနဲ့ အရန်ခုံမှာထိုင်မယ့်သူတွေက ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ။ ခေါင်းဆောင်တွေအရမ်း ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်”
ယွီမင်ကျန်းသည် ကြောင်သွားခဲ့သည်။ အတိုချုံးပြောရလျှင် ကျန်းရှောင်ယွီတင်ပြခဲ့သော တောင်းဆိုချက်များမှာ ‘ပြင်ပလူများမှာ ကျွမ်းကျင်သူအား ညွှန်ကြားမှုမပေးရ’ အဖြစ် အကျဉ်းချုပ်နိုင်သည်။ ခေါင်းဆောင်များက သူ၏နည်းပြခြင်းပုံစံအား လက်ညှိုးထိုးပြောဆိုသည်နှင့် သူသည်သူ၏စွမ်းရည်များအား အားထုတ်နိုင်လိမ့်မည်မဟုတ်ပေ။
ဤသည်မှာ အရင်းအမြစ်မှ ပြင်ပနှောင့်ယှက်မှုများ ကာကွယ်ကာ စစ်မှန်သော ‘နည်းပြအဖြစ် စကားပြောနိုင်ခွင့်’ အားရယူရန် အလွန်အရေးကြီးနေခဲ့သည်။
ကျန်းရှောင်ယွီသည် အမှန်တကယ်ပင်အလေးအနက်ထားနေသည့်ပုံပေါ်သည်။
ယွီမင်ကျန်းသည် အမြန်ဖြေကြားခဲ့သည်။ “အစ်ကိုဘာကိုဆိုလိုလဲ ညီမနားလည်ပြီးတော့ လက်ဆင့်ကမ်းပြောပေးပါမယ်။ တကယ်တော့ e-sports လိဂ်ရဲ့ခေါင်းဆောင်တွေလည်း ပြောင်းသွားပါပြီ။ ဒုဥက္ကဌအသစ်က အစ်ကို့ကို အရမ်းချီးကျူးနေတော့ အစ်ကို့ရဲ့တောင်းဆိုမှုက ပြဿနာရှိမှာမဟုတ်ဘူး”
ကျန်းရှောင်ယွီသည် စိတ်ရှုပ်ထွေးသွားသည့် အမူအရာဖြင့်မေးခဲ့သည်။ “ညီမယွီ၊ အခုလက်ရွေးစင်အသင်းမှာ အလုပ်လုပ်နေတာလား”
ယွီမင်ကျန်းသည် ရယ်ခဲ့သည်။ “ဟုတ်တယ်။ ညီမက နောက်လက်ရွေးစင်အသင်းရဲ့ ပြည်တွင်းရေးရာ ကြီးကြပ်ရေးမှူးနဲ့ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ အထွေထွေမန်နေဂျာပါ။ အစ်ကိုလက်ရွေးစင်အသင်းနည်းပြဖြစ်တာနဲ့ ညီမတို့ထပ်ပြီးဘေးချင်းကပ်လျက် ရန်ဖြစ်လို့ရပြီ”
ကျန်းရှောင်ယွီသည် သူမ၏စိတ်လှုပ်ရှားနေသောအသံအား ကြားခဲ့ကာ သူနှင့်ယွီမင်ကျန်းတို့ အဖက်ဖက်မှတိုက်ခိုက်ရန် ACEအဖွဲ့အားဦးဆောင်ခဲ့သည့်အတိတ်ကို သတိရသွားခဲ့သည်။ သူ၏အသံမှာ ပို၍နူးညံ့သွားခဲ့သည်။ “ငါဒီမှာလုပ်စရာလေးတွေရှိသေးတယ်။ ငါရှင်းပြီးတာနဲ့ တတ်နိုင်သမျှမြန်မြန် တရုတ်ပြည်ကို ပြန်လာမယ်။ ငါတို့တွေ့ရင် စကားပိုပြောကြတာပေါ့”
“ဟုတ်ကဲ့။ ညီမလည်း အစ်ကိုပြန်လာမှာကို စောင့်နေမှာပါ”
ကျန်းရှောင်ယွီသည် ဖုန်းချပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည်တွေးတောနေသည့် အမူအရာနှင့် သူ၏လက်ကိုင်ဖုန်းအား
သူ၏လက်ချောင်းများနှင့် ပွတ်သပ်နေခဲ့သည်။
လက်ရွေးစင်အသင်းရဲ့နည်းပြတဲ့လား။
သေလောက်အောင် ခက်ခဲမှာပဲ။
နိုင်ငံထဲရှိ လူမည်မျှမှာ သူ၏နာမည်အား ယခုတိုင်မှတ်မိနေမည်နည်းကို သူမသိခဲ့ပေ။