ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၉ မင်းရဲ့ ရွေးချယ်မှု
ယခင်က မိတ်ဆက် နည်းစနစ်ကို ဖတ်ရန် ခြံဝန်းငယ်သို့ လီရှီရှူး ပြန်သွားသောအခါ သူသည် အလွန်လေးနက်ပြီး အာရုံစူးစိုက်ထားခဲ့သည်။ မကြာမီ သူ စာသားများအားလုံးကို မှတ်မိသွား၏။
ထိုအချိန်က နေမဝင်သေးသောကြောင့် စာအုပ်၏ တောင်းဆိုချက်အတိုင်း သူ့ခန္ဓာကိုယ်ကို သူ စတင်လေ့ကျင့်ခဲ့သည်။
ပထမတွင် သူသည် ပုံသဏ္ဍာန်မျိုးစုံကို လေ့ကျင့်ခဲ့ပြီး ထို့နောက် မြှားခြေလှမ်းများနှင့် ပြောင်းပြန်တံတား(ပက်လက်)ပုံစံတို့ကို လေ့ကျင့်နေခဲ့ကာ နောက်ဆုံးတွင် လက်သီးထိုးနည်းစနစ်များကို လေ့ကျင့်ခဲ့သည်။
လက်သီးထိုးနည်းစနစ်သည် မခက်ခဲသော်လည်း ၎င်းက ခွန်အား အဆက်မပြတ်စိုက်ထုတ်ရန် လိုအပ်၏။ သူအကြာကြီး ဆက်လေ့ကျင့်ခဲ့ပါက သူ့အသက်ရှူသံသည် အလွန်အမင်းခက်ခဲလာလိမ့်မည်ဖြစ်ပြီး သူ ဆက်လေ့ကျင့်နိုင်မည်မဟုတ်ပေ။
သူ လက်လျှော့တော့မည့်အချိန်တွင် သူ့ရင်ဘက်နှင့် ဝမ်းဗိုက်တို့က ရုတ်တရက် လှုပ်ရှားသွားပြီး သူ့အသက်ရှုခြင်းသည် သူ လက်သီးထိုးသည့်အခါ အားစိုက်ထုတ်ခြင်းနှင့် လုံးဝလိုက်ဖက်သည့် ထူးခြားသော စည်းချက်တစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအသက်ရှုသည့် စည်းချက်သည် အမှန်ပင် ထူးခြား၏။ တစ်ချိန်တွင် ၎င်းသည် ကြာရှည်ပြီး နောက်တခဏတွင် ၎င်းသည် မြန်ဆန်သည်။ ၎င်းတွင် ပုံစံရှိပုံ မရသော်လည်း လီရှီရှူး ၎င်းကို အလွန်ရင်းနှီးပေ၏။ ထိုသို့မဟုတ်ပါက သူ ၎င်းကို အသုံးပြုနိုင်ခဲ့မည်မဟုတ်ပေ။
ထိုသည်မှာ ရွာငယ်လေးတွင် ကျင်းကျူးက သူ့အား သင်ပေးခဲ့သည့် အသက်ရှူခြင်း နည်းလမ်းဖြစ်၏။
ခုချိန်အထိပင် ဤအသက်ရှူခြင်း နည်းစနစ်ကို ယုမန်အသက်ရှူခြင်းဟု ခေါ်ဆိုသည်ကို သူ မသိခဲ့ပေ။ သို့ပါသော်လည်း သူက တုံးအပုံရသော်လည်း သူသည် အမှန်တကယ်တွင် အလွန်ဉာဏ်ကောင်းပေသည်။ ၎င်းက ဆိုလိုသည့်အရာကို သူ ကောင်းကောင်းသိပေ၏။
ကျင်းကျူး ဘာမှမပြောခဲ့ဘဲ သူ့ကိုသာ ကြည့်လိုက်သည်။
လီရှီရှူး သူ ဆိုလိုချင်သည့်အရာကို သဘောပေါက်ပြီး လျင်မြန်စွာ မတ်တပ်ရပ်လိုက်၏။
ရွာဝင်ပေါက်တွင်တုန်းက ကျင်းကျူး သူ့ကို တစ်ချက်ကြည့်ခဲ့ပြီး သူက မွေးရာပါတာအိုအမျိုးအစားဖြင့် လူတစ်သန်းတွင် တစ်ယောက်ဖြစ်သည်ကို သိရှိခဲ့ပေသည်။ သို့မဟုတ်ပါက သူသည် ရွေးချယ်ခံခဲ့ရမည်မဟုတ်ပေ။
ဤနှစ်အတွင်း ကျင်းကျူး သူ့အား များစွာ မသင်ပေးခဲ့ပေ။ သူ သူ့အား အခြေခံအကျဆုံး ယုမန်အသက်ရှူခြင်းကိုသာ သင်ပေးခဲ့သည်။
၎င်းသည် အခြေခံဖြစ်သော်လည်း အလွန်အမင်းအရေးကြီးလှ၏။ လီရှီရှူး၏ တာအိုအမျိုးအစားကို ကောင်းစွာ ကာကွယ်ထားခဲ့သည်။ အာအိုးယာမာဂိုဏ်း၏ လူများက မကန်းကြသရွေ့ ၎င်းကို သူတို့ မြင်နိုင်ကြပေလိမ့်မည်။
သို့သော်လည်း ၎င်း၏ အလှတရားကို ရှာဖွေတွေ့ရှိရန် လီရှီရှူး နေ့တစ်ဝက်သာ အသုံးပြုခဲ့သည်။ ထိုသည်မှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည့် အရာဖြစ်၏။ ဤကလေး၏ နားလည်သဘောပေါက်နိုင်စွမ်းသည် သူ ထင်ထားသည်ထက် အမှန်တကယ် ကောင်းမွန်နေခဲ့သည်။
“မင်း ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး”
ကျင်းကျူး ပြောလိုက်၏။
“မင်း ငါ့ကို အရင်က သင်ပေးခဲ့တယ်။ ဒါက အလဲအလှယ်တစ်ခုပါပဲ”
လီရှီရှူး တွေးလိုက်မိ၏။
‘ထင်းခွဲတာနဲ့ ချက်ပြုတ်တာတွေက ကျင့်ကြံခြင်းကို ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ’
ကျင်းကျူး ထပ်ပြောလိုက်သည်။
“ကျင့်ကြံခြင်းက အာရုံစူးစိုက်ဖို့လိုအပ်တယ်။ ခြံဝန်းမှာရှိတဲ့ ဝေယျာဝစ္စတွေကို အစောင့်တွေက ဂရုစိုက်ကြလိမ့်မယ်။ မင်း ဒီလို မကြာခဏလာဖို့ မလိုအပ်ဘူး”
လီရှီရှူး စိုးရိမ်တကြီး ပြောလိုက်၏။
“သခင်လေး ခင်ဗျား ကျွန်တော့်ကို မလိုချင်တော့ဘူးလား”
ကျင်းကျူး ဆူညံသံများကို သဘောမကျသောကြောင့် သူ့အား စကားပြောခြင်းကို ရပ်တန့်ရန် လက်မြှောက်ပြလိုက်သည်။ သူ ပြတင်းအပြင်ဘက်ရှိ ခြံဝန်းကို ကြည့်လိုက်ပြီး တော်တော်လေး ကျယ်ဝန်းသည်ကို တွေ့လိုက်ရသည်။ ၎င်းကို သန့်ရှင်းရေးလုပ်ရန် ဒုက္ခများလိမ့်မည်ဖြစ်ပြီး သူ တစိမ်းများက သူ့ကိုယ်ရေးကိုယ်တာကိစ္စရပ်များအား ထိပါးသည်ကို မလိုချင်ပေ။
“ဒါဆိုလည်း မင်းသဘောပဲ”
***
သစ်ရွက်စိမ်းများ လေနှင့်အတူ ကျဆင်းလာပြီး စမ်းရေနှင့်အတူ မျောပါသွားကြသည်။
အချိန်သည် ရေကဲ့သို့ စီးဆင်းသွားပြီး မကြာမီ ဆယ်ရက်ကျော် ကုန်ဆုံးသွား၏။
တောင်ပိုင်းထင်းရှူးစံအိမ်၏ အပြင်စည်းတပည့်များသည် နေ့နေ့ညည စိတ်အားထက်သန်စွာ လေ့ကျင့်နေကြသည်။ မည်သူမျှ အနားမယူရဲခဲ့ကြပေ။
ကုန်းမြင့်ပေါ်တွင် လူငယ်တပည့်များကို နေရာတိုင်း မြင်တွေ့နိုင်ပေသည်။ တစ်ချို့သည် ဆောင့်ကြောင့်ထိုင်နေကြပြီး တစ်ချို့သည် ထင်းရှူးပင်ကို မှီနေကြသည်။ သူတို့အများစုက လက်သီးထိုး လေ့ကျင့်နေကြ၏။
မနက်မှ ညနေအထိ ထိုးကြိတ်သံများနှင့် အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာနေသည်။ နွေဦးအစောပိုင်းတွင် သစ်ရွက်များ လှုပ်ခတ်နေကြပြီး ကြွေကျနေကြကာ တောထဲရှိ ငှက်များက ပို၍ပင် လှုပ်လှုပ်ရှားရှားဖြစ်နေကြသေးသည်။
အဖြူရောင်မီးခိုးငွေ့ရေးရေးလေးကို လက်သီးထိုးလေ့ကျင့်နေသည့် အပြင်းထန်ဆုံးသောနေရာတွင် မြင်နိုင်ပေ၏။
ဆရာသခင်လု ရလဒ်ကို တော်တော်လေး ကျေနပ်နေလေသည်။ သုံးလကုန်ဆုံးပြီးနောက် တပည့်ထက်ဝက်ကျော်က စဦးပိုင်းအဆင့်ကို အောင်မြင်စွာ ဝင်ရောက်လိမ့်မည်ဟု သူ တွေးထားသည်။
ဤအချိန်၌ လီရှီရှူး လေ့ကျင့်ရေးခန်းမမှနေ၍ ထွက်လာ၏။
ဆရာသခင်လု သူ့ကို ပို၍ပင် ကျေနပ်အားရစွာ ကြည့်လိုက်သည်။ သူ ပြုံးလိုက်ပြီး သူက တကယ့်ကို မွေးရာပါတာအိုအမျိုးအစားကျေးဇူးဖြင့် မျှော်လင့်ထားသည့်အတိုင်း တိုးတက်ခဲ့သည်ဟု တွေးလိုက်၏။
သူ့ခန့်မှန်းချက်အရ အများဆုံး ရက်အနည်းငယ်အတွင်း လီရှီရှူး စိတ်ဝိဉာဥ်တည်ငြိမ်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ပေလိမ့်မည်။ ဤအမြန်နှုန်းဖြင့် နောက်တစ်နှစ်အတွင်း ဤကလေးသည် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းကို ရောက်နိုင်သည်။
‘တကယ်လို့ တောင်ပိုင်းထင်းရှူးစံအိမ်က တစ်နှစ်အတွင်း အတွင်းစည်းကို ဝင်ရောက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ရင်…’
ရှိုင်းတောင်ထွတ်ရှိ စီနီယာအစ်ကိုမန်း အကြောင်းတွေးတောကာ သူ့စိတ်ထဲရှိ ဆန္ဒက ပြင်းထန်လာခဲ့သည်။
သူသည် ကျောင်းလေးယုကို တွေ့သည်အထိ ကံမကောင်းခဲ့ပါက စီနီယာအစ်ကိုမန်းသည် ထိုမျှ ကံကောင်းမှုကို မည်သို့ရရှိခဲ့လိမ့်မည်နည်း။
ဆရာသခင်လု၏ အကြည့်က လီရှီရှူးနောက် လိုက်ပါသွား၏။ သူ လီရှီရှူးက ခြံဝန်းလေးထဲ ဝင်သွားသည်ကို လိုက်ကြည့်နေကာ သူ့အပြုံးသည် ကွယ်ပျောက်သွားပြီး သူ မျက်မှောင်ကျုံ့လိုက်မိသည်။
ထိုခြံဝင်းလေးက ကျင်းကျူး၏ ခြံဝင်းဖြစ်၏။
သူဖြစ်စေ၊ အပြင်စည်းတပည့်များဖြစ်စေ လွန်ခဲ့သည့် ဆယ်ရက်အတွင်း ကျင်းကျူး ဘာလုပ်နေသည်ကို သိကြပေသည်။
နေ့လည်ခင်းပြီးနောက် ကျင်းကျူးက ဝါးကုလာထိုင်အပေါ် လဲလျောင်းနေပြီး နေပူဆာလုံနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုဝါးကုလာထိုင်က ဘယ်က ရောက်လာခဲ့သည် ကို မည်သူမျှ မသိပေ။
ဆရာသခင်လု သူက သူ့အား အကဲခတ်မှားသွားသည်ဟု ခံစားနေရသည်။
သို့သော် သူ့ကို အမှန်တကယ် မပျော်မရွှင်ဖြစ်စေသည့်အရာမှာ ကျင်းကျူး၏ ညံ့ဖျင်းခြင်းမဟုတ်ဘဲ ယနေ့ထိတိုင် လီရှီရှူးက သူ့ကိုယ်သူ ကျင်းကျူး၏ အစေခံအဖြစ် သတ်မှတ်ထားသေးခြင်းဖြစ်၏။
လီရှီရှူးသည် ဂိုဏ်းနှင့် အင်မော်တယ်ဆရာသခင်တို့၏ အရေးကြီးသောလူဖြစ်ပြီး သူ့ရောင်းရင်းတပည့်များ၏ လေးစားရသောလူ ဖြစ်သည်မှာ ထင်ရှားသည်။ သူသည် တောင်ရွာငယ်လေးတွင် ရှိနေသေးသည့်အလား ကျင်းကျူး၏ နေ့စဉ်အရေးကိစ္စများကို ဆက်လက်ဂရုစိုက်နေလေသည်။
နေ့တိုင်း သူ၏ လေ့ကျင့်ခြင်းကလွဲ၍ အိမ်အလုပ်များစွာကို လုပ်ရန် သူသည် ထိုခြံငယ်လေးသို့ သွားပေလိမ့်မည်။
ဤမြင်ကွင်းကို သူတို့တွေ့သည့်အခါတိုင်း ဆရာသခင်လုနှင့် တပည့်တို့သည် ရယ်စရာကောင်းသည်ဟု ခံစားခဲ့ကြရပြီး သူတို့သည် ကျင်းကျူးကို အလွန်မကျေမနပ်ဖြစ်ခဲ့ကြသည်။
အာအိုးယာမာဂိုဏ်း၏ စည်းမျဉ်းများအရ သူတို့သည် အပြင်စည်းတပည့်များ၏ လေ့ကျင့်ခြင်းကို ရှားရှားပါးပါးသာ ဝင်စွက်ဖက်ခဲ့သည်။ သို့သော် ဆရာသခင်လု၏ နှလုံးသားထဲရှိ အတွေးက သန်မာသထက် သန်မာလာပြီး သူသည် ၎င်းကို မမြိုသိပ်နိုင်လုနီးပါးပင်။
သူသည် ထိုခန့်ညားသော လူငယ်လေးက အာအိုးယာမာဂိုဏ်း၏ အလားအလာအကောင်းဆုံး ပါရမီရှင်အတွက် အဟန့်အတားဖြစ်စေမည်ကို မလိုချင်ပေ။
သူသည် ထိုသခင်နှင့် အစေခံအတွဲကို ခွဲထုတ်ရန် သင့်လျော်သော အခွင့်အရေးတစ်ခုကို ရှာဖွေချင်ခဲ့ပြီး ကျင်းကျူးကို ဂိုဏ်းထဲမှ မောင်းထုတ်ရန် အကြောင်းပြချက်တစ်ခုကို ရှာဖွေသင့်သလား ဟုပင် စဉ်းစားခဲ့သည်။
***
တိတ်ဆိတ်သော ညတစ်ညတွင် လီရှီရှူး သူ့ကိုယ်ပိုင်ခြံဝန်းဆီ ပြန်လာပြီး တံခါးတွန်းဖွင်လိုက်ရာ ဆရာသခင်လုက အိမ်ထဲ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် ဉာဏ်အလွန်ကောင်းသော ကလေးဖြစ်ပြီး အင်မော်တယ်ဆရာသခင်လု လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ ခန့်မှန်းလိုက်မိကာ သူ့မျက်နှာက တော်တော်လေး ဖြူလျော်လာ၏။
သူ့မျက်နှာရှိ ပြောင်းလဲမှုကို ကြည့်ကာ ဆရာသခင်လု ပြောလိုက်သည်။
“ကြည့်ရတာ ငါ ဘာမှပြောစရာမလိုဘူးထင်တယ်”
လီရှီရှူး ပါးစပ်ပိတ်ထားပြီး စကားမပြောခဲ့ပေ။
ဆရာသခင်လု သူ့ကို အလွန်ခေါင်းမာမည်ဟု မမျှော်လင့်ထားပေ။ သူ တိုးတိုးလေးပြောလိုက်၏။
“ကျင့်ကြံသူတွေက ကံကြမ္မာကို ဥပက္ခာပြုပြီး သာမန်လူသားတွေကို အထင်သေးတယ်။ ငါတို့က ဘယ်လိုလုပ် တစ်စုံတစ်ယောက်ရဲ့ အစေခံဖြစ်နိုင်မှာလဲ”
လီရှီရှူး ခေါင်းငုံ့သွားပြီး ပြောလိုက်သည်။
“သခင်လေးက ကျွန်တော့်ကို ကူညီခဲ့တယ်။ ကျွန်တော် သူ့ကို ပြန်ပေးဆပ်ချင်တယ်”
ဆရာသခင်လု မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်၏။
“သေမျိုးလောကမှာရှိတဲ့ မင်းတို့နှစ်ယောက်ကြားက ရှုပ်ထွေးမှုတွေကို ငါဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းက ဒီလောကကို ရောက်လာခဲ့ပြီမို့ အရာရာတိုင်းကို ဓားတစ်လက်နဲ့ ဖြတ်ပစ်ရမယ်။ ငါတို့ရဲ့ အာအိုးယာမာဂိုဏ်းက ဓားလမ်းစဉ်ကို ကျင့်ကြံပြီး ငါတို့က ဓားနှလုံးသားကို လက်ခံယုံကြည်ကြတယ်။ ငါတို့မှာ ဒီလိုဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ဖို့ အရည်အချင်းတောင် မရှိဘူးလို့ ငါ့ကိုမပြောနဲ့”
လီရှီရှူး ခေါင်းငုံ့ထားဆဲဖြစ်ပြီး တုန်ရီနေသည့်အသံဖြင့် ပြောလိုက်သည်။
“အင်မော်တယ်ဆရာသခင်က သခင်လေးကို မောင်းထုတ်ချင်ရင် ကျွန်တော် နောက်ထပ်ကျင့်ကြံတော့မှာမဟုတ်ဘူး။”
ဆရာသခင်လု အနည်းငယ် ဒေါသထွက်သွား၏။ ‘ကျင့်ကြံခြင်းက လောကမှာရှိတဲ့ မရေမတွက်နိုင်တဲ့ သေမျိုးတွေရဲ့ အိပ်မက်ဖြစ်ပြီး သူက တစ်စုံတစ်ယောက်အတွက် အဲဒါကို အမှန်တကယ် စွန့်လွှတ်တော့မို့လား’
သို့သော် နောက်တခဏတွင် သူ့ရင်ထဲရှိ ဒေါသက အနည်းငယ်ချီးကျူးမှုအဖြစ် ပြောင်းလဲသွားသည်။ သူ့ကိုယ်သူအတွက် မစဉ်းစားဘဲ လီရှိရှူး၏ ပြတ်သားသော ရွေးချယ်မှုသည်လည်း အာအိုးယာမာဂိုဏ်း၏ ဓားလမ်းစဉ်နှင့် တစ်သားတည်းဖြစ်၏။
ဆရာသခင်လု လီရှီရှူး၏ မျက်လုံးထဲ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းရဲ့ဆန္ဒကို လေးစားပေးပြီး သူ့ကို အတင်းအကြပ် မောင်းထုတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းက တကယ့်ကျင့်ကြံခြင်းပါရှင်ဖြစ်ပြီး မင်းရဲ့ သခင်လေးထက် အများကြီး သာလွန်တယ်ဆိုတာ နားလည်ရမယ်။ မင်းက ဒီပြောင်းလဲမှုကို ကျင့်သားရနိုင်သည်ဖြစ်စေ ကျင့်သားမရနိုင်သည်ဖြစ်စေ ပြောင်းလဲမှုက ဖြစ်ပြီးသွားပြီ။ သူက မင်းရဲ့ခြေလှမ်းတွေကို လိုက်မမီနိုင်တဲ့တစ်နေ့က ရောက်လာမှာဖြစ်ပြီး မင်းတို့က ကောင်းကင်နဲ့မြေကြီးလို သီးခြားစီဖြစ်သွားလိမ့်မယ်။ အဲမတိုင်ခင် မင်းက သူ့ကြောင့် အများကြီး နှောင့်နှေးမသွားဖို့ပဲ ငါမျှော်လင့်တယ်။”
ဤအရာကို ပြောပြီးသည်နှင့် အိမ်ငယ်လေးမှ သူ ထွက်သွားခဲ့၏။
လီရှီရှူး ခေါင်းမော့လိုက်ပြီး သူ့၏မျက်နှာသေးသေးလေးပေါ်ရှိ အမူအရာက တော်တော်လေး မှိန်းမောနေခဲ့သည်။
********************************