ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၂ ကောင်းကင်ဘုံကို ခုတ်ဖြတ်သည့် ဓားတစ်လက်
“ခနနေ ထူးဆန်းတာတွေတွေ့တဲ့အခါ မကြောက်ကြနဲ့”
အာအိုးယာမာဂိုဏ်း၏ တပည့်များသည် မြို့ခံများကို အိမ်ပြန်ရန် ပြောလိုက်ကြသည်။ ခရီးသွားအနည်းငယ်တို့သည်လည်း တည်းခိုခန်းသို့ ပြန်သွားကြ၏။ လမ်းမသည် မကြာမီ လူသူပြတ်လပ်သွားခဲ့သည်။
တပည့်တစ်ယောက်က မြေပေါ်ရှိ အလောင်းကို ကြည့်လိုက်ပြီး တွေဝေစွာ မေးလိုက်သည်။
“မြေအောက်လောကရဲ့ ဒီတပည့်မှာ သာမန်ဝိဉာဉ်မီးတောက်နဲ့ အားနည်းတဲ့ ဓမ္မစွမ်းအားပဲရှိတယ်။ သူက ဘာလို့ ဒီမှာ နေနေရဲတာလဲ။”
တပည့်တစ်ယောက် ဖြေလိုက်၏။
“ဘယ်သူသိမှာလဲ။ သူက ဆရာသခင်ဦးလေး တက်ရောက်တာကို ကြည့်ချင်လို့နေမှာပေါ့။ ဘယ်သူက ဒီလိုခမ်းနားတဲ့မြင်ကွင်းကို မကြည့်ချင်လို့လဲ။”
ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး လမ်းဘေးရှိ သစ်ပင်များမှနေ၍ သစ်ရွက်စိမ်းများ ကျဆင်းလာခဲ့ကြသည်။
တပည့်များ ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး ရာချီသော ဓားအလင်းများက တောင်ထွတ်များဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ကြသည်။ ၎င်းတို့နောက်တွင် ကောင်းကင်ကို ဖုံးလွှမ်းနေသည့် ဆယ်ခုထက်ပိုသော တောက်ပသည့် ရတနာများ ရှိနေကြ၏။ နောက်ဆုံးတစ်ခုသည် ကောင်းကင်ကို ကန့်လန့်ဖြတ်နေသည့် ကြီးမားလှသော ကြာပွင့်ကြီးတစ်ခုဖြစ်သည်။
“အဲဒါက ခေါင်းလောင်းဂိုဏ်းရဲ့ အမျိုးသမီးကြီးမဟုတ်လား။”
“ဂရုဏာဆရာသခင်”
“ကြေးမုံဂိုဏ်းရဲ့ ခေါင်းဆောင်”
“မောက်မာလွန်းလှတဲ့ ကောင်းထက်ကို ထိုးတက်နေတဲ့ အဲဒီဓားချီက… အဲပုဂ္ဂိုလ်ဖြစ်နိုင်လား”
“လျန်းဝမ်တောင်ထွတ်ရဲ့ စီနီယာအစ်ကိုတွေက ပြန်လာကြတယ်။ ရှိုင်းတောင်ထွတ်ရဲ့ အကြီးအကဲစီ ရောပဲ။”
“ကန့်လန့်ကာနောက်မှာ ပုန်းကွယ်နေကြတဲ့ သူတွေရော ဒီကို ရောက်လာကြတယ်လား။”
ထိုတပည့်များ ထိတ်လန့်တုန်လှုပ်သွားကြ၏။ ယနေ့ဖြစ်ရပ်ကြောင့်မဟုတ်ပါက သူတို့သည် အရေးကြီးပုဂ္ဂိုလ်အများအပြားကို တစ်ချိန်တည်းတွင် မြင်တွေ့ကြရမည်မဟုတ်ပေ။
ကျောင်းလေးယု ဤအရာများကို အာရုံမစိုက်ခဲ့ပေ။ သူမ ယင်စန်း၏ အလောင်းကို သယ်ဆောင်ပြီး မြို့ထဲမှ လျှောက်ထွက်သွားခဲ့သည်။
***
ဆရာသခင်မန်းသည် မြို့မှ မထွက်ခွာခဲ့ပေ။ ထို့အစား သူသည် မြို့ပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်ပေါ်ရပ်နေပြီး ရှုပ်ထွေးသည့် ခံစားချက်များဖြင့် တောင်ထွတ်ကို ကြည့်နေသည်။
မဟာဆရာသခင် ကျင်းယန်သည် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး အင်မော်တယ်ထိုင်ပင်း၏ ညီငယ်ဖြစ်သည်။ ဂိုဏ်းသခင်သည်ပင် သူ့အား စီနီယာဆရာသခင်လေးဟု တလေးတစားခေါ်ရသည်။
မဟာဆရာသခင်ဦးလေး၏ ပါရမီသည် အံ့မခမ်းဖြစ်ပြီး ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော မယုံနိုင်စရာကောင်းသည့် မှတ်တမ်းများကို ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ သို့သော်လည်း သူသည် သူ့အချိန်အများစုကို ကိုးခုမြောက်တောင်ထွတ်တွင် လေ့ကျင့်ခြင်းဖြင့် ကုန်ဆုံးခဲ့ပြီး အပြင်လူများကို တွေ့ဆုံခဲခဲ့သည်။ တောင်ထွတ်များရှိ စီနီယာတပည့်အနည်းငယ်သာ မဟာဆရာသခင်ဦးလေး၏ မျက်နှာအစစ်ကို မြင်တွေ့ခဲ့ဖူးသည်။
ယနေ့ အဓိကဂိုဏ်းများ၏ ဂိုဏ်းသခင်များသည် ဤနေရာသို့ ရောက်လာကြသည်သာမက အားကောင်းသော ဆရာသခင်များသည်လည်း ရောက်လာခဲ့ကြသည်။
ဗုဒ္ဓဂိုဏ်း၏ ဒဏ္ဍာရီလာ ဈာန်ဆရာသခင်သည်လည်း ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
တိမ်တိုက်အနက်ပိုင်းတွင် ပုန်းကွယ်နေသည့် အခြားကုန်းမြေတိုက်များမှ အားကောင်းသော ပုဂ္ဂိုလ်များရှိနိုင်သည် ဟု ဆိုကြသည်။
ထိုသည်မှာ နှစ်တစ်ထောင်အတွင်း မမြင်တွေ့ခဲ့ဖူးသည့် ကြီးမြတ်သော ဖြစ်ရပ်တစ်ခုဖြစ်ပေ၏။
ထိုဓားအလင်းသည် ဓားနတ်ဘုရား သို့မဟုတ် ဆေဘာသူတော်စင်မှ လာခဲ့ပါက မည်သို့ဖြစ်မည်နည်း။
ဆရာသခင်မန်း ဆွံ့အသွားခဲ့သည်။
ထိုနာမည်များသည် သူနှင့် ဝေးကွာလွန်းလှ၏။
ထိုတောင်သည် သူနှင့် ပို၍ပင် ဝေးကွာသေးသည်။
ထိုမဟာဆရာသခင်ဦးလေးအတွက်မူ သူသည် ကောလဟာလအချို့ကိုသာ ကြားခဲ့ဖူးသည်။
ဂိုဏ်းခေါင်းဆောင် ဂိုဏ်းခေါင်းဆောင်ရာထူးကို ဆက်ခံပြီးနောက် ထိုတောင်ထွတ်တွင် သီးသန့်ကျင့်ကြံနေသည့် ဤအကြီးအကဲကို သူ ခေါ်ဆိုသောအခါ သူသည် ‘ဆရာသခင်ဦးလေးငယ်'(Young Master-Uncle) ဟူသော စကားသုံးခွန်းကိုသာ ပြောဆိုခဲ့ပြီး တခြားဘာမှမပြောခဲ့ ဟု ဆိုကြသည်။ သူ မပြောချင်ခဲ့သည့် အရာများစွာရှိခဲ့၏။
ဤမဟာဆရာသခင်ဦးလေးငယ်ကို ခေါ်ဆိုသောအခါ ရှိုင်းတောင်ထွတ်၏ တရားမျှတမှုဓားက ဘာကြောင့် လေးစားသမှုမပြသခဲ့သည်ကို အာအိုးယာမာဂိုဏ်းတစ်ခုလုံး နားလည်သကဲ့သို့ သူလည်း နားလည်ပေသည်။ သူသည် အေးစက်စွာသာ နှာခေါင်းရှုံ့ပေလိမ့်မည်။
မဟာဆရာသခင်လေးသည် အာအိုးယာမာဂိုဏ်း သို့မဟုတ် ကုန်းမြေတိုက်တစ်ခုလုံး၌ပင် အသန်မာဆုံး ကျင့်ကြံသူဖြစ်ပေသည်။
သို့သော်လည်း အာအိုးယာမာဂိုဏ်းထဲသို့ သူ ခြေချလိုက်သည့်နေ့မှစ၍ သူသည် တောင်တန်းထဲတွင် ကျင့်ကြံနေခဲ့ပြီး တိုက်ခိုက်ရန်မဆိုထားနှင့် အခြားသူများရှေ့၌ပင် ရှားရှားပါးပါးသာ ပေါ်လာခဲ့သည်။
သူသည် အစည်းအဝေးများတွင် ပါဝင်ရန် အာအိုးယာမာဂိုဏ်းကို ကိုယ်စားမပြုခဲ့ပေ။ ကျောင်းဂီ တော်ဝင်ရုံးတော်၏ ဓားသမားများနှင့် မယှဉ်ပြိုင်ခဲ့ပေ။ ထို့အတူ အခြားဂိုဏ်းများ၏ ပုန်းကွယ်နေသော ဓားသမားများနှင့်လည်း မယှဉ်ပြိုင်ခဲ့ပေ။ ထို့အပြင် မြေအောက်လောက၏ အကြီးအကဲများနှင့် ကျင့်ကြံခြင်းဂိုဏ်းများအကြား တိတ်တဆိတ်သွေးစွန်းတိုက်ပွဲများတွင် မပါဝင်ခဲ့ပေ။ နှင်းတိုင်းပြည်၏ ကျင့်ကြံခြင်းဓားသမားများကို ရင်ဆိုင်သည့် တိုက်ပွဲသုံးခု၌ပင် သူ့အား မတွေ့ခဲ့ရပေ။
ရှည်လျားလှသော ကျင့်ကြံခြင်းလမ်းကြောင်းတွင် သူသည် ကျင့်ကြံခြင်းကလွဲ၍ တခြား ဘာမှမလုပ်ခဲ့ပေ။
လိုချင်တပ်မက်မှုနှင့် ခံစားချက်ကင်းမဲ့သော ဤကဲ့သို့သော ကျင့်ကြံသူများသာ ကျင့်ကြံခြင်းလမ်းဆုံးသို့ရောက်နိုင်ပြီး မယုံနိုင်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်နိုင်သည်မှာ အမှန်ဖြစ်ပေ၏။
သို့သော်လည်း ထိုသို့သော ကျင့်ကြံခြင်းဘဝမျိုးက… မဟာဆရာသခင်၏ ကျင့်ကြံခြင်းအဆင့်သည် မည်မျှမြင့်မားပါစေ လူငယ်မျိုးဆက် တပည့်များအတွက် ၎င်းက အဓိပ္ပာယ်မရှိပေ။ အာအိုးယာမာဂိုဏ်းအတွက် မည်သို့ အရေးပါမည်နည်း။ လောကရှိလူသားများအတွက် မည်သို့ အရေးပါမည်နည်း။
၎င်းက မည်မျှ အံ့ဩဖွယ်ရာဖြစ်ပါစေ ဒဏ္ဍာရီသည် ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီး တကယ့်လောကတွင် မတည်ရှိနိုင်ပေ။ ထို့ကြောင့် သူ့ကို သွားခွင့်ပြုလိုက်ခြင်းက အကောင်းဆုံးဖြစ်၏။
မြူခိုးထဲရှိ ရေးရေးလေးမြင်နိုင်သော တောင်ထွတ်ကိုကြည့်ကာ သူ့နှုတ်ခမ်းစွန်းများက ခါးသီးသည့် အပြုံးတစ်ခုအဖြစ်သို့ ကော့တက်သွားကြ၏။
သူ ကျောင်းလေးယုက မြေအောက်လောက ထိုနတ်ဆိုး၏ အလောင်းကို သယ်ဆောင်ပြီး မြို့ထဲမှ ထွက်လာသည်ကို မြင်လိုက်သောအခါ သူ့ခါးသီးသည့် အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ သူ အနည်းငယ်အံ့ဩသွားပြီး စိတ်သက်သာလည်း ရသွား၏။
‘ကမ္ဘာတစ်ခုလုံးက အဲတောင်ထွတ်ကို ကြည့်နေကြတယ်။ ဒါပေမယ့် သူမ ကြည့်မနေဘူး။’
‘သူမရဲ့ တာအိုနှလုံးသားက အဲလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဘယ်လိုလုပ်ပြီး အရမ်းငြိမ်းချမ်းနေရတာလဲ။’
‘သူမက အာအိုးယာမာဂိုဏ်းတစ်ခုလုံးက တိတ်တဆိတ်စောင့်ကြည့်နေတဲ့ ပါရမီရှိတဲ့ မိန်းမငယ်လေး ပီသပါပေတယ်။’
ရုတ်တရက် သူ့အပြုံးက ပျောက်ကွယ်သွားပြီး ထိုတောင်ထွတ်ကို ထပ်ကြည့်လိုက်သည်။
သူပြောခဲ့သကဲ့သို့ပင်။ ထိုတောင်တွတ်ကို ကြည့်ရန် အရည်အချင်းပြည့်မီသည့် လူအားလုံးတို့သည် ဤအခိုက်တွင် ထိုတောင်ထွတ်ကို ကြည့်နေကြလေသည်။
တောင်ထွတ်များကြားရှိ တိမ်တိုက်နှင့် မြူခိုးများသည် မမြင်ရသော လက်ကြီးတစ်ဖက်ဖြင့် မွှေနှောက်ခံလိုက်ရသည့်အလား အရပ်မျက်နှာပေါင်းစုံသို့ လိမ့်ထွက်သွားပြီး ကြည်လင်သည့် အပြာရောင်ကောင်းကင်ကို တဖြည်းဖြည်း လှပ်ပြလိုက်သည်။
ထိုတိမ်တိုက်အနက်ပိုင်းရှိ ဝေဝါးသော ပုဂ္ဂိုလ်အနည်းငယ်တို့သည် သူတို့ကိုယ်သူတို့ ဖော်ပြရန် ဖိအားပေးခံလိုက်ရပြီး အာအိုးယာမာဂိုဏ်းတည်ရှိရာ ထျန်းကွမ်တောင်ထွတ်ဆီသို့ ဦးညွှတ်နေကြသည်။ သူတို့သည် တည်ငြိမ်ပုံရသော်လည်း အမှန်တွင် တော်တော်လေး ကိုးရိုကားယားနိုင်လှ၏။
ပိုဝေးသည့် နေရာတစ်ခုတွင် အေးစက်သည့် မီးတောက်များဖြင့် အရိပ်နှစ်ခုတို့သည် မြန်ဆန်စွာ နောက်ဆုတ်နေကြသည်။ သူတို့သည် သနားစရာကောင်းသည့် အခြေအနေတွင် ရှိနေကြပုံပေါ်၏။
ဆရာသခင်မန်းသည် သူတို့ထဲမှ တစ်ယောက်က မြေအောက်လောက၏ အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်သည်ကို ခန့်မှန်းနိုင်သော်လည်း အခြားတစ်ယောက်က မည်သူနည်း။
အာအိုးယာမာဝင်္ကဘာသည် တိုက်ခိုက်မှုတစ်ခုကို မပြုလုပ်ခဲ့ပေ။ ရယ်မောသံတစ်သံက ထျန်းကွမ်တောင်ထွတ်မှ ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် အလွန်အမင်းခြောက်ခြားဖွယ်ကောင်းသည့် ဓားဆန္ဒတစ်ခုက မြင့်တက်လာခဲ့သည်။
ထိုဓားဆန္ဒသည် လှိုင်းလုံးတစ်ခုအလား အရပ်မျက်နှာပေါင်းစုံကို ဖြတ်သန်းသွားခဲ့သည်။
တုံ့ပြန်ရန် ဖိအားပေးခံလိုက်ရသည့်အလား ကမ်းပါးများမှနေ၍ ဓားအလင်းတန်းတစ်ခုသည် မြင့်တက်လာပြီး အဝေးသို့ လွင့်ပျံသွားသည်။
ထိုဓားအလင်းတန်းသည် မိုင်သုံးထောင်အထိ ဆုတ်ခွာသွားပြီး ထျန်းကွမ်တောင်ထွတ်မှ ထိုဓားဆန္ဒတဖြည်းဖြည်း ထိုးကျသွားသည့် အနောက်ပင်လယ်သို့ ရောက်ရှိသွားခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်က သူ့ဓားကို ဆွဲထုတ်လိုက်တယ်”
ဆရာသခင်မန်း အနည်းငယ်အံ့အားသင့်သွား၏။
အာအိုးယာမာဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အား ကောင်းကင်ဘုံဆက်ခံခြင်းဓားကို အသုံးပြုအောင် ပြုလုပ်နိုင်သည့်လူ ကုန်းမြေတိုက်တစ်ခုလုံးတွင် အနည်းငယ်သာ ရှိပေသည်။
‘အနောက်ပင်လယ်အပေါ်က အဲဒီအေးစက်တဲ့ အလင်းတန်းက ဓားနတ်ဘုရားရဲ့ဓားလား’
****
မည်သို့ ဖြစ်ပျက်သွားခဲ့ပါစေ ဤကျော်ကြားသော ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည့်တိုင် ကိုးခုမြောက်တောင်ထွတ်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။
ထိုတစ်ခုတည်းသော တောင်ထွတ်သည် မည်သည့်သက်ရှိမျှ မရှိသည့်အလား ယခင်ကကဲ့သို့ တိတ်ဆိတ်နေဆဲဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်နှင့် ကမ္ဘာမြေ အရောင်ပြောင်းသွား၏။ ဆယ်ခုထက်ပိုသော လျှပ်စီးကြောင်းများသည် အပြာရောင်ကောင်းကင်ကို ထိုးခွဲသွားပြီး ဒါဇင်ချီသော ကောင်းကင်ဘုံ မိုးကြိုးများသည် ထိုတစ်ခုတည်းသော တောင်ထွတ်ကို ပစ်ချလိုက်ကြသည်။
ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ ခွန်အားပါဝင်နေသော ထိုမိုးကြိုးများသည် တောင်ထွတ်ကို မထိနိုင်မီ အပိုင်းပိုင်းအစစ ခုတ်ဖျက်ခံလိုက်ရပြီး အစိမ်းရောင်မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားကြသည်။
အကြောင်းမှာ ထိုတစ်ခုတည်းသော တောင်ထွတ်မှနေ၍ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်ပေ၏။
ဤဓားက ပိုအားကောင်းသလော သို့မဟုတ် ကောင်းကင်ဘုံဆက်ခံခြင်းဓားက ပိုအားကောင်းသလော မည်သူမျှ မသိပေ။
ဆရာသခင်မန်း မဆိုထားနှင့် မိုင်သုံးထောင်အဝေးရှိ ထိုပုဂ္ဂိုလ်များသည်ပင် မပြောနိုင်ပေ။
တစ်ခုတည်းသော တောင်ထွတ်အပေါ်တွင် ပေါ်ထွက်လာခဲ့သည့် ထိုဓားအလင်းတန်းသည် မည်သည့်စွမ်းအားမျှ ရှိပုံမပေါ်ပေ။
၎င်းသည် ကောင်းကင်သို့ သာမန်ကာလျှံကာ ခုတ်လိုက်သည့် ရိုးရှင်းသော ဓားတစ်လက်ဖြစ်၏။
သို့တိုင် ကောင်းကင်ဘုံမိုးကြိုးများသည် ထိမိလိုက်သည်နှင့် ပျောက်ကွယ်သွားကြပေသည်။
ထိုဓားအလင်း အပေါ်သို့ ဆက်တက်သွားခဲ့၏။
ညင်သာသည့် ဓားမြည်သံ ထွက်ပေါ်လာသည်။
အလွန်အမင်း ပါးလျသော အက်ကြောင်းလေးတစ်ခု မိုးပြာရောင် ကောင်းကင်တွင် ပေါ်ထွက်လာသည်။
ရွှေ၊ ကျောက်စိမ်းတို့နှင့် ဆင်တူသော မရေမတွက်နိုင်သည့် အလင်းတန်းများသည် ထိုအက်ကြောင်းမှ စီးကျလာပြီး လေနှင့် ထိမိလိုက်သည်နှင့် ပျောက်ကွယ်သွားကြကာ မရေမတွက်နိုင်သည့် အလင်းစက်များအဖြစ် ပြောင်းလဲသွားကြပြီး ကုန်းမြေတိုက်တစ်ခုလုံးကို လင်းထိန်နေစေလေသည်။
‘ဓားတစ်လက်နဲ့ ကောင်းကင်ဘုံကို ခုတ်ဖြတ်လိုက်တယ်လား’
မှတ်တမ်းများအရ ကြီးမြတ်သော ကျင့်ကြံသူများ တက်ရောက်သည့်အခါ သူတို့အားလုံးတို့သည် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည်အထိ ကောင်းကင်ဘုံမိုးကြိုးများကို ခါးသီးစွာ ခုခံရန် ၎င်းတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအပေါ် မှီခိုခဲ့ကြပေသည်။ ကောင်းကင်ဘုံမိုးကြိုးများ ရပ်တန့်သွားပြီးနောက် ကောင်းကင်နတ်မိမယ်တစ်ပါးက ဖြန့်ကျဲလိုက်သည့် ပန်းများကဲ့သို့ အလင်းတန်းများ ကျဆင်းလာခဲ့ပေမည်။ ထို့နောက်မှသာ ကောင်းကင်ဘုံသို့ သွားသော လမ်းကြောင်းကို မြင်နိုင်ပေမည်။
သို့သော် ယနေ့တွင်မူ မဟာဆရာသခင်ဦးလေး ကျင်းယန်သည် ကောင်းကင်ဘုံမိုးကြိုး၏ ဒုတိယအချီကို မစောင့်တော့ဘဲ စတင်တိုက်ခိုက်ခဲ့ပေသည်။
‘သူက ကောင်းကင်ဘုံကို သွားတဲ့ လမ်းကြောင်းတစ်ခုကို အတင်းအကြပ်ဖွင့်ဖို့ သူ့ကိုယ်ပိုင်ဓားကို အသုံးပြုချင်ခဲ့တာ ဖြစ်နိုင်လား’
‘ဒါက ဘယ်လိုအတင့်ရဲမှုမျိုးလဲ။ အဲဒါက ဘယ်လို ယုံကြည်ချက်မျိုးလဲ။’
ဆရာသခင်မန်း အလွန်အမင်း တုန်လှုပ်သွား၏။ သူ့မျက်နှာဖြူလျော်ပြီး သူ့နှုတ်ခမ်းများ တုန်ရီသွားခဲ့သည်။
အနောက်ပင်လယ်အထက်ဘက်ရှိ ထိုဓားအလင်းတန်း၏ ပိုင်ရှင်နှင့် အာအိုးယာမာဂိုဏ်းတွင် အခမ်းအနားကို ကြည့်ရှုနေကြသည့် ကျွမ်းကျင်သူများသည်လည်း ဤမြင်ကွင်းကို မြင်ချိန်တွင် အံ့အားသင့်ထိတ်လန့်သွားခဲ့ကြသည်။
ထိုတစ်ခုတည်းသော တောင်ထွတ်ပေါ်တွင် ထိုဓားအလင်းတန်းသည် ကောင်းကင်ဆီသို့ ပျံသန်းနေဆဲဖြစ်သည်။
အားကောင်းသောလေများ တိုက်ခတ်နေပြီး ကောင်းကင်မိုးကြိုးများက အဆက်မပြတ်ထစ်ချုန်းနေကြသည်။
ထိုဓားအလင်းသည် ၎င်းကို ဂရုမစိုက်ဘဲ အထက်သို့ ဆက်တက်နေသည်။
အကယ်၍ ဤသည်မှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးတို့က တက်ရောက်တော့မည့် ကျင့်ကြံသူများကို ပေးသည့် နောက်ဆုံးစမ်းသပ်မှုဆိုပါက ဤဓားအလင်းတန်း၏ တုံ့ပြန်မှုသည် လုံးဝရိုင်းစိုင်းသည်ဟု ပြော၍ရသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အင်အားနှင့် ထိုဓားဆန္ဒတို့အကြား တိုက်ပွဲသည် တောင်တန်းများကြားရှိ တိမ်တိုက်နှင့် မြူခိုးများကို ပျောက်ကွယ်သွားစေခဲ့သည်မှာ ကြာသွားခဲ့ပြီဖြစ်သည်။ ပထမဆုံးအကြိမ်အနေနှင့် အာအိုးယာမာဂိုဏ်း၏ တောင်ထွတ်ကိုးခုတို့သည် လူအများရှေ့ တစ်ချိန်တည်းတွင် ပေါ်ထွက်လာခဲ့သည်။ သို့သော် မည်သူမျှ ၎င်းကို ဂရုစိုက်မနေခဲ့ပေ။ အကြောင်းမှာ အကြည့်အားလုံးတို့က ထိုဓားအလင်းတန်းအပေါ် ရောက်နေကြသောကြောင့် ဖြစ်၏။
ထိုဓားအလင်းတန်းသည် ကောင်းကင်ကြီးနှင့် တဖြည်းဖြည်းနီးကပ်လာနေသည်။
ကောင်းကင်ရှိ ထိုအက်ကြောင်းသည် ကြီးလာနေပြီး စီးနေသည့် အလင်းတန်းများသည် ထူထည်းလာနေကာ လောကကြီးကို တောက်ပသထက် တောက်ပလာနေစေလေသည်။
******************