ကောင်းကင်ဘုံသို့ လျှောက်သောလမ်း
အပိုင်း ၁
တားမြစ်ထားသော မိုင်သုံးထောင်
ပရမ်းပတာ ကုန်းမြေတိုက်၏ တောင်ဘက်တွင် အစိမ်းရောင်တောင်တန်းကြီး(အာအိုးယာမာ)သည် တစ်နှစ်ပတ်လုံး တိမ်တိုက်နှင့် မြူခိုးများကြား ပုန်းကွယ်နေသည့် တောင်ထွတ်များနှင့်အတူ မိုင်ထောင်ချီအထိ ဆန့်ထွက်နေလေသည်။
လောကရှိ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် အာအိုးယာမာဂိုဏ်းသည် ဤနေရာတွင် တည်ရှိနေသော်လည်း သာမန်လူသားများက ၎င်းကို မြင်တွေ့ရန် ခက်ခဲ၏။
သာမန်ရွာလေးအချို့နှင့် မြို့အချို့တို့က အာအိုးယာမာ၏ အပြင်ဘက်တွင် ပြန့်ကျဲတည်ရှိနေကြပေသည်။ ၎င်းတို့ထဲမှ မြို့လေးတစ်မြို့သည် အနောက်တောင်ဘက်ရှိ တောင်ကုန်းထူထပ်သော နေရာတွင် တည်ရှိနေလေ၏။ တောင်တန်းများမှရောက်လာသော မြူခိုးများကြောင့် ၎င်းမြို့လေးကို တိမ်တိုက်မြို့ဟု ခေါ်ကြသည်။
တိမ်တိုက်မြို့လေးတွင် လှပသော ရှူခင်းရှိ၏။ မျက်နှာပြင်ကို လာရောက်ရိုက်ခတ်နေသော လေပြေ၊ လေထဲတွင် ယိမ်းကနေသော မိုးမခပင်များနှင့် မျက်စိဖြင့်မြင်နိုင်သော မြူခိုးများနှင့်အတူ နွေဦးအစက နတ်ဘုံအလား ထင်ရ၏။
မြို့သူမြို့သားများက ဤရှူ့ခင်းကို အသားကျနေကြပြီဖြစ်ပြီး စားသောက်ဆိုင်များထဲရှိ ခရီးသွားများက ဤရှူ့ခင်းကို ချီးမွမ်းခန်းဖွင့်နေကြလေသည်။
ပြူတင်းပေါက်ဘေးတွင် ထိုင်လျက် ယင်စန်းသည် ဟော့ပေါ့ကို မစားရဘဲမနေနိုင်တော့ပေ။
“ဟောပေါ့စားပြီး ဖြေရှင်းလို့မရတဲ့ပြဿနာ လောကမှာမရှိဘူး။ တကယ်လို့ ပြဿနာရှိရင် ဟော့ပေါ့နှစ်ပွဲကို အသုံးပြုပါ… ဒီစကားပုံက မြေအောက်လောကမြို့တော်မှာ တော်တော်လေး ကျော်ကြားတယ်။ အဲဒါက ကျောင်းဂီကနေ ပျံ့နှံ့လာခဲ့တာလို့ ငါ ကြားခဲ့ရပေမယ့် ရီကျိုးကနေ ဖြစ်မယ် လို့ ငါ ထင်တယ်။ မင်းသိတဲ့အတိုင်းပဲ ငါတို့က တစ်နှစ်ပတ်လုံး နေရောင်ခြည်ကို မြင်တွေ့ရတာမဟုတ်ဘူး။ အဲမှာက အေးမြပြီး စိုထိုင်းတယ်လေ။ ဘယ်သူက ဟော့ပေါ့ကို မကြိုက်မှာလဲ။ မှိုအထွက်ကောင်းဖို့ လိုချင်နေကြတာလား။ မင်းတို့ မြေပေါ်ကလူတွေက အဲဒါကို ကြိုက်ကြပေမယ့် ငါတို့က အဲဒါကို နှစ်ပေါင်းထောင်ချီစားလာခဲ့ရပြီး ငြီးငွေ့နေကြပြီ။ ငါ အခု ဟော့ပေါ့စစ်စစ်ကို စားချင်တယ်၊ ငါ ပြန်သွားတဲ့အခါ အဲအကြောင်းကို ကြွားဝါချင်တယ်။ ဘာများမှားလို့လဲလေ။”
နီရဲနေသည့် ဟင်းရည်အပေါ် ပေါလောမျောနေသည့် ဘဲကလီစာများနှင့် စီရွှမ်းငရုတ်ဖတ်များကို ကြည့်ကာ သူသည် သွားရည်အချို့ကို မျိုချလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မိန်းမငယ်လေးကို မော့ကြည့်လိုက်သည်။
ထိုမိန်းမငယ်လေးတွင် မည်းနက်နေသော ဆံသားများရှိကြပြီး သူမ၏ မျက်လုံးများနှင့် မျက်ခုံးများက အလွန်လှပကြသော်လည်း သူမသည် ကလေးကဲ့သို့ထင်ရဆဲဖြစ်သည်။ သူမ ပြုံးလိုက်ပါက သူမသည် အလွန်ချစ်စဖွယ်ကောင်းပေလိမ့်မည်။ သို့သော် သူမမပြုံးနေပေ။ သူမသည် မျက်စိအနည်းငယ်မှေးထားပြီး သူမ၏ ရှည်လျားသော မျက်တောင်များက ခတ်ပင် မခတ်နေပေ။ သူမသည် လူသားစစ်စစ်မဟုတ်ဘဲ ပန်ချီးကားတစ်ချပ်အလား ထင်ရ၏။
အခန်းသည် ယခင်ကကဲ့သို့ တိတ်ဆိတ်နေပြီး ပြူတင်းအပြင်ဘက်ရှိ လမ်းသွားလမ်းလာများ၏ ခြေသံများက ရှင်းလင်းနေသည်။
ယင်စန်းပြောလိုက်၏။
“ကောင်းပြီ၊ ငါ အဲဒါကို ကြည့်ချင်လို့ နေနေတာကို ဝန်ခံပါတယ်။ ဒါပေမယ့် ကျင့်ကြံခြင်းလောကမှာ အဲဒါကို ဘယ်သူက မကြည့်ချင်မှာလဲ။ ဒီ့အတွက် မင်း ငါ့ကို အပြစ်ပေးတော့မို့လား။ ဂျူနီယာညီမလေး၊ ကျေးဇူးပြုပြီး မင်း ငါ့ကို လွှတ်ပေးလို့မရဘူးလား။ မင်း ငါ့ကို မလွှတ်ပေးဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ငါ့ကို တစ်ဇွန်း နှစ်ဇွန်းလောက် အရင်ပေးစားပါ။ အိုးထဲမှာရှိတဲ့ ကလီစာနဲ့ အဝါရောင် သွေးကြောတွေကို ငါ ဆွဲမထုတ်ဘူးဆိုရင် သူတို့ကို စားလို့ရနိုင်တော့မှာမဟုတ်ဘူး။”
ဘဲကလီစာများသည် ဟင်းရည်အောက်ခြေသို့ နှစ်မြုပ်သွားခဲ့ကြပြီး ငရုပ်ဖတ်များက ပေါလောမျောနေကြသေးသည်။ ကလီစာများနှင့် အဝါရောင် သွေးကြောများကို ရေးရေးလေး မြင်နိုင်သေး၏။
ယင်စန်း သူတို့ကို စား၍မရခဲ့ပေ။ အကြောင်းမှာ ငွေရောင်သတ္တုချိန်းကြိုးတစ်ခုက သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ချုပ်နှောင်ထားသောကြောင့် တူများကို ကောက်ကိုင်ရန်မဆိုထားနှင့် သူ ရွေ့ပင် ရွေ့၍မရပေ။
ထိုမိန်းကလေးသည် စားပွဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။
“မင်းရဲ့ဓားကော”
ယင်စန်း ရုတ်တရက်ပြောလိုက်၏။
“အစောပိုင်းက ငါ့ကို ခြောင်းမြောင်းတိုက်ခိုက်ဖို့ ဓားပျံတစ်လက်ကို မင်း အသုံးပြုခဲ့ရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်ခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် အခု မင်းက ငါ့ရှေ့မှာထိုင်နေတယ်။ ငါ တန်ပြန်တိုက်ခိုက်မှာ မင်း မစိုးရိမ်ဘူးလား။ ဒီကြိုးဓားက ငါ့ကို ချုပ်နှောင်ထားနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား။”
ထိုမိန်းကလေး သူ့ကို ဥပက္ခာပြုထားဆဲဖြစ်၏။
ယင်စန်း နောက်ဆုံးတွင် လေးနက်သွားကာ ပြောလိုက်ပြန်သည်။
“အာအိုးယာမာဂိုဏ်းက အဓိက ဓားဂိုဏ်းဖြစ်ပြီး သမာရိုးကျကျင့်ကြံခြင်းဂိုဏ်းတွေရဲ့ ခေါင်းဆောင်ဖြစ်တယ်။ မေးခွန်းတွေမမေးဘဲ မင်း ငါ့ကို သတ်မို့လား။”
ထိုမိန်းကလေးသည် နောက်ဆုံးတွင် ခေါင်းမော့လာခဲ့ပြီး သူမ၏ မျက်လုံးများက အညစ်အကြေးကင်းစင်ပြီး ကြည်လင်ကာ တောက်ပလှသည်။
ထိုမျက်လုံးများကို ကြည့်လိုက်ကာ ယင်စန်း အလွန် စိတ်သက်သာရာရသွား၏။ ထို့နောက် သူသည် မိုးရေစက်တစ်စက် ကျဆင်းလာသကဲ့သို့ သူ့နှဖူးကြားတွင် အနည်းငယ် အေးမြမှုတစ်ခုကို ခံစားလိုက်ရသည်။
ဓားသေးသေးလေးတစ်ချောင်း တိတ်တဆိတ် သူ့ရှေ့တွင် ရစ်ဝဲနေခဲ့၏။
သူ့မျက်ခုံးများအကြား သွေးရောင် အပေါက်တစ်ခုပေါ်လာသည်ကို သူ မသိခဲ့ပေ။ ထိုအပေါက်သည် အလွန်သေးငယ်ပြီး လုံးဝန်းကာ လက်ရာမြောက်လှသည်ဟုပင် ဖော်ပြ၍ရနိုင်၏။
သူ့နဖူးကြားမှ သွေးများ ပန်းထွက်လာခဲ့ပြီး ဟော့ပေါ့ထဲသို့ ကျဆင်းသွားခဲ့ကြသည်။
မြေအောက်လောက တပည့်များ၏ သွေးများသည် ပူကြသော်လည်း ဟော့ပေါ့ထဲရှိ ဟင်းရည်၏ အပူကို မမီပေ။ ဆူပွက်နေသည့် ခေါက်ဆွဲများက တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။
သူ့မျက်လုံးထဲရှိ အသက်ဓာတ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရှုပ်ထွေးသည့် ခံစားချက်အချို့သာ ကျန်ရစ်နေခဲ့ကြသည်။
စိတ်ပျက်အားငယ်ဖွယ်ကောင်းပြီး အေးစက်သော ရာချီသည့် မီးတောက်များက ခမ်းနားသော ဓားဆန္ဒနှင့်အတူ စားသောက်ဆိုင်၏ ပတ်ပတ်လည်သို့ လွင့်မျောသွားကြသည်။ သို့သော် တစ်စုံတစ်ခုနှင့် ထိတွေ့မိလိုက်သည်နှင့် ၎င်းတို့က ပျောက်ကွယ်သွားကြ၏။ ထိုအရာများက မြေအောက်လောက တပည့်များ၏ ဝိဉာဉ်မီးတောက် အကြွင်းအကျန်များဖြစ်ကြသည်။
ထိုမိန်းကလေး၏ အမူအရာသည် အနည်းငယ်အေးစက်သွား၏။ သူမ၏ မျက်ခုံးများက မြင့်တက်သွားကြပြီး သူမ မျက်လုံးထောင့်သည်လည်း မြင့်တက်သွားကြသည်။ ၎င်းတို့သည် ပါးလျသည့် မိုးမခသစ်ရွက်များကဲ့သို့ဖြစ်ကြပြီး ထက်ရှလှ၏။
အလွန်လျင်မြန်စွာဖြင့် သူမ၏ မျက်ခုံးများ ထိစပ်သွားခဲ့ကြပြီး သူမ အတွေးထဲနှစ်မြောသွားပုံရသည်။
ထိုဓားသေးသေးလေးသည် ပြူတင်းပေါက်မှ ပျံထွက်သွားခဲ့ပြီး လမ်းထဲသို့ ပျောက်ကွယ်သွားသည်။
သူမ၏ လက်ချောင်းများ အနည်းငယ်လှုပ်ရှားသွားခဲ့ကြပြီး ယင်စန်းကို ချုပ်နှောင်ထားခဲ့သည့် ထိုပါးလျသည့် ချိန်းကြိုးက အလင်းတန်းအဖြစ်သို့ ပြောင်းသွားကာ သူမ၏ လက်ကောက်ဝတ်သို့ ကျရောက်သွားပြီး ငွေရောင်လက်ကောက်တစ်ခုဖြစ်သွားခဲ့သည်။
“ငါက အပြင်စည်းတပည့်တစ်ယောက်ပဲ၊ ငါ့မှာ ဓားမရှိဘူး။”
သူမ မတ်တပ်ထရပ်လိုက်ပြီး သေသွားပြီဖြစ်သည့် ယင်စန်းကို ပြောလိုက်သည်။
ယင်စန်း၏အလောင်းက မြေပေါ်သို့ ကျဆင်းသွား၏။
သူမ တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်ထွက်လိုက်သည်။
ထိုစားသောက်ဆိုင်ထဲတွင် အံ့အားတကြီးရေရွက်သံများ ထွက်ပေါ်လာ၏။ ခရီးသွားများနှင့် စားသုံးသူများ ခြောက်ခြားတုန်လှုပ်စွာ စားသောက်ဆိုင်ထဲမှ ပြေးထွက်လာကြသည်။
သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပါးလျသည့် မြူခိုးများမပျောက်ကွယ်သေးသည့် လမ်းမပေါ် ပေါ်လာခဲ့သည်။ သူ့အမူအရာသည် တည်ငြိမ်နေပြီး သူမျက်နှာက သေးသွယ်၏။ သူ့မျက်လုံးများသည် မှုံမှိုင်းပြီး အေးစက်ကာ သူသည် အင်မော်တယ်တစ်ယောက်ကဲ့သို့ ထင်ရသည်။
“မြေအောက်လောကရဲ့ နတ်ဆိုးတွေက ငါတို့ရဲ့ အာအိုးယာမာဂိုဏ်းကို ရောက်လာခဲ့ကြတယ်။ သေခြင်းတရားကတောင် သူတို့ရဲ့ ပြစ်မှုတွေကို မဆေးကြောနိုင်ဘူး။”
ဤစကားကို ကြားလိုက်သည်နှင့် လူများသည် ဤလူ၏ ဇစ်မြစ်ကို အလွယ်တကူခန့်မှန်းလိုက်နိုင်ကြသည်။
အခြားတိုင်းပြည်များမှ ခရီးသွားများသည် အံ့ဩသွားခဲ့ကြပြီး မြေပေါ် လျင်မြန်စွာ ဒူးထောက်လိုက်ကြကာ ခေါင်းပင် မမော့ဝံ့ကြတော့ပေ။
မြို့ခံများသည်လည်း ကောင်းကင်ဘုံဆရာသခင်ကို စတင်ဩဘာပေးလိုက်ကြပြီး မြေကြီးပေါ် ဝပ်တွားလိုက်ကြသည်။ သို့သော်လည်း တိမ်တိုက်မြို့တွင် အကြာကြီး နေထိုင်ခဲ့ကြသောကြောင့် သူတို့သည် အာအိုးယာမာဂိုဏ်း၏ အင်မော်တယ်များအကြောင်း အများအပြားကြားသိခဲ့ကြရသည်။ တစ်ခါတစ်ရံ သူတို့သည် ကောင်းကင်ဘုံဆရာသခင်များကိုပင် မြင်တွေ့နိုင်သောကြောင့် သူတို့ လျင်မြန်စွာ အသိစိတ်ဝင်လာခဲ့ကြသည်။ သူတို့သည် ယနေ့ဖြစ်ပျက်ခဲ့သည်က အလွန်ထူးခြားသည်ဟု ခံစားလိုက်ကြရ၏။
မြေအောက်လောကနှင့် လူသားများသည် နှစ်ပေါင်းထောင်သောင်းချီ အချင်းချင်းရန်လိုခဲ့ကြပြီး သူတို့ကြားရှိ အမုန်းတရားက ဖြေရှင်း၍မရပေ။ သို့သော်လည်း နှစ်ဖက်စလုံးတို့သည် လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်က အာအိုးယာမာဂိုဏ်း၏ အင်မော်တယ်ချူးယောင်နှင့် ဧကရာဇ်တို့ လက်တွဲလိုက်ကြပြီး အိုဇဝရှိ မြေအောက်လောကသခင် ဦးဆောင်သည့် စစ်တပ်ကို အနိုင်ယူခဲ့ပြီးကတည်းက အချင်းချင်း မတိုက်ခိုက်ကြတော့ပေ။ ထို့အပြင် သူတို့သည် လျှို့ဝှက်စွာပင် အချင်းချင်း ရင်ဆိုင်ခဲ့ကြသည်။ ကျောင်းဂီ၏ မြို့တော် သို့မဟုတ် ဓားရွက်ပြားစီရင်စုကဲ့သို့သော နေရာများ၌ပင် အကယ်၍ မြေအောက်လောက၏ နတ်ဆိုးများကို ဖမ်းဆီးရမိခဲ့ပါက သူတို့သည် သူလျိုမဟုတ်ပါက မိစ္ဆာအကျဉ်းထောင်သို့ ပို့ပေလိမ့်မည်။ ထို့နောက် သူတို့သည် မြေအောက်လောကနှင့် သူတို့၏ အဖွဲ့ဝင်များကို လဲလှယ်ရန် သို့မဟုတ် ပိုက်ဆံကို တောင်းဆိုရန် အခွင့်အရေးတစ်ခုကို ရှာဖွေကြပေလိမ့်မည်။ ထို့အပြင် အာအိုးယာမာဂိုဏ်းသည် ဆန်းကြယ်သော အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့သည် အမြဲ တည်ငြိမ်အေးဆေးစွာ ပြုမူခဲ့ကြသည်။ သူတို့သည် ယနေ့ ဘာကြောင့် ထိုမျှ ရက်စက်ကြမ်းကြုတ်ကြသနည်း။
လေပြေလေး တိုက်ခတ်လာပြီး လမ်းပေါ်ရှိ မြူများကို ပျောက်ကွယ်သွားစေသည်။ လူငယ်ဆယ်ယောက်ကျော်က ထိုစားသောက်ဆိုင်ရှေ့တွင် စုဝေးနေကြ၏။ သူတို့၏ ပုံစံနှင့် ပင်ကိုယ်စရိုက်များက ထူးခြားပေါ်လွင်နေကြသည်။ သူတို့သည် အာအိုးယာမာဂိုဏ်း၏ အပြင်စည်းတပည့်များဖြစ်ကြ၏။
“မန်းရှီကို အရိုအသေပေးပါတယ်။”
ထိုလူငယ်တပည့်များ ထိုသက်လတ်ပိုင်းလူကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
မန်းရှီဟု အမည်ရသည့် ထိုသက်လတ်ပိုင်းလူက လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ကြီးကြီးမားမားအရာတစ်ခု ဖြစ်ပျက်တော့မယ်။ ဂရုစိုက်ကြပါ။”
တပည့်များအားလုံး ညီညွှတ်စွာ တုံ့ပြန်လိုက်ကြ၏။
မန်းရှီ ထပ်ပြောလိုက်သည်။
“ရှင်းလင်းပြီးရင် ထွက်သွားကြတော့။ လောကကို အကြာကြီး မနှောက်ယှက်နဲ့။”
ထိုမိန်းမငယ်လေး စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။
မန်းရှီ သူမကို ကြည့်လိုက်ပြီး သူ့အမူအရာက နူးညံ့လာ၏။
“မဆိုးဘူး လေးယု”
ဤစကားကို ပြောပြီးနောက် ဓားအလင်းတစ်ခု လေထဲ ထိုးဖောက်သွားပြီး သူ့ပုံသဏ္ဍာန်က ပျောက်ကွယ်သွားခဲ့သည်။
…
“စီနီယာအစ်မ”
“စီနီယာအစ်မ ကျောင်း”
အာအိုးယာမာဂိုဏ်း၏ တပည့်များက ထိုမိန်းမငယ်လေးကို ဝန်းရံလိုက်ကြပြီး သူတို့၏ မျက်နှာက ချီးကျူးမှုနှင့် လေးစားသမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
ကျောင်းလေးယုဟု အမည်ရသည့် ထိုမိန်းမငယ်လေးသည် အသက်ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သာ ရှိသေးပြီး သူ့သူငယ်ချင်းများထက် ငယ်ရွယ်သည်မှာ ထင်ရှားသည်။ သို့သော် အကြောင်းပြချက်အချို့ကြောင့် သူမသည် စီနီယာအစ်မဟု အခေါ်ခံနေရ၏။ သူမက ထိုလူများကို စားသောက်ဆိုင်နှင့် မြေအောက်လောက ထိုနတ်ဆိုး၏ ဝိဉာဉ်မီးတောက် အစအနများ မပြောင်းလဲသည်ကို သေချာစေရန် သဲလွန်စများကို ရှင်းလင်းရန် အမိန့်ပေးသောအခါ မည်သူမျှ သူမကို မေးခွန်းမထုတ်ခဲ့ပေ။ သူမ၏ ဩဇာက မြင့်မား၏။
“အင်မော်တယ်ဆရာသခင် မှန်တယ်။ လွန်ခဲ့တဲ့ ခုနှစ်ရက်က ထျန်းကွမ်တောင်ထွတ်ဟာ မိုင်သုံးထောင် တားမြစ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်၊ ဒါပေမယ့် ဒီနတ်ဆိုးလူသားက နေရဲသေးတယ်။ သူက သေချင်နေတာပဲ။”
တပည့်တစ်ယောက်က သယ်ထုတ်ခံနေရသည့် အလောင်းကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“သူ ဘာတွေးနေသလဲ ငါ မသိဘူး။”
“ရပါတယ်။ လျန်းဝမ်တောင်ထွတ်ရဲ့ စီနီယာအစ်ကိုတွေကတောင် နတ်ဆိုးတွေကို ဖိနှိပ်ဖို့ ရေနီမြစ်ကို သွားခဲ့ကြတယ်လို့ ငါ ကြားခဲ့တယ်၊ ပြီးတော့ ဓားအလင်းတွေက နန်ဟီကျိုးကို ထွန်းလင်းသွားခဲ့တယ် တဲ့။”
“အဲဒါက ဘာမှမဟုတ်သေးဘူး။ တမြန်နေ့ညက အစောင့်အရှောက်လေးပါးဟာ တစ်ချိန်တည်းမှာ ရုတ်တရက် နိုးထလာခဲ့ကြပြီး ကောင်းကင်မှာရှိတဲ့ ကြယ်အလင်းရောင် တစ်ဝက်လောက်ကို သူတို့က စားပစ်ခဲ့တယ် တဲ့။”
ထိုတပည့်များ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ကျောင်းလေးယု ဘာမှ မပြောခဲ့ပေ။ တိတ်တဆိတ် သူမသည် မီးခိုးရောင် ကောင်းကင်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုအကြောင်း တွေးတောနေသည်။
အာအိုးယာမာတွင် တိမ်တိုက်များထဲ ပုန်းကွယ်နေသည့် တောင်ထွတ် ကိုးခုရှိသည်။
ထျန်းကွမ်တောင်ထွတ်သည် ဘိုးဘပိုင်တောင်ထွတ်ဖြစ်ပြီး ဂိုဏ်းသခင်၏ နေထိုင်ရာနေရာဖြစ်သည်။
လျန်းဝမ်တောင်ထွတ်သည် ဒုတိယမြောက်တောင်ထွတ်ဖြစ်ပြီး အာအိုးယာမာဂိုဏ်း၏ အသန်မာဆုံး လူငယ်တပည့်များအားလုံး ထိုနေရာတွင် ဓားပညာလေ့ကျင့်ကြသည်။
အာအိုးယာမာဂိုဏ်း လေးနက်သည့်အရာတစ်ခုခု ကြုံတွေ့ပါက ၎င်းသည် ဝင်္ကဘာကို အသက်သွင်းပြီး ကုန်းမြေတိုက်တစ်ခုလုံးဆီသို့ တားမြစ်ချက်တစ်ခု ထုတ်ပြန်ပေလိမ့်မည်။
ကြီးမားသည့် အာအိုးယာမာ၏ မိုင်အနည်းငယ်အတွင်း မည်သူ့ကိုမျှ ဝင်ရောက်ခွင့် သို့မဟုတ် ထွက်ခွာခွင့်မပြုပေ။ ခွင့်ပြုချက်မရှိသည့် မည်သူမဆို အသတ်ခံရပေလိမ့်မည်။
ထိုတားမြစ်ချက် ကြာမြင့်လေလေ အခြေအနေ ပိုပြင်းထန်လေလေဖြစ်သည်။
ထိုင်ပင်းကျန်းရန် တံခါးပိတ်မကျင့်ကြံမီ အာအိုးယာမာဂိုဏ်းသည် မိုင်လေးရာ တားမြစ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ဖူးပြီး လောကကြီးကို ထုတ်လှုပ်သွားစေခဲ့သည်။
ထိုတားမြစ်ချက်အမိန့်သည် မဟာအစိမ်းရောင် တောင်တန်း(အာအိုးယာမာ)မှ မိုင်လေးရာအထိ ကျယ်ပြန့်ပြီး ပရမ်းပတာကုန်းမြေတိုက်၏ ငါးပုံပုံ တစ်ပုံကို ဖုံးလွှမ်းထားခဲ့သည်။
အာအိုးယာမာဂိုဏ်းမှ ထုတ်ပြန်လိုက်သည့် တားမြစ်ချက်ကို လိုက်နာရန် ဧကရာဇ်သည် နှင်းတိုင်းပြည်နှင့် မြေအောက်လောကကို ခြိမ်းခြောက်ရန် ညတွင်းချင်း ထောင်သောင်းချီသော စစ်တပ်တစ်ခုကိုပင် မြောက်ဘက်သို့ စေလွှတ်ခဲ့သည်။
သို့တိုင် အာအိုးယာမာဂိုဏ်းသည် မိုင်သုံးထောင်တားမြစ်ချက်တစ်ခုကို ထုတ်ပြန်လိုက်သည်လော။
မည်သို့သော ဖြစ်ရပ်မျိုး ဖြစ်ပျက်တော့မည်နည်း။
ကျောင်းလေးယု ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။
အကြောင်းမှာ သူမ ကြည့်နေသည့် မီးခိုးရောင် ကောင်းကင်က ရုတ်တရက် တောက်ပလာခဲ့သောကြောင့်ဖြစ်၏။
နေမင်းသည် ကောင်းကင်၏ အလယ်တည့်တည့်တွင် ရှိနေပြီး တိမ်တိုက်များနှင့် မြူခိုးများက တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။ အဝေးရှိ ကောင်းကင်ကို ညွှန်ပြသည့် မရေမတွက်နိုင်သော ဓားကြီးများအလား တောင်ထွတ်များကို မဆုံးနိုင်အောင်မြင်နိုင်၏။
တပည့်များ၏ အကြည့်များက ကျောင်းလေးယု၏ အကြည့်နောက် လိုက်ပါသွားပြီး ထိုတောင်ထွတ်များကို ကြည့်လိုက်ကြသည်။
လေးစားကြည်ညိုမှုနှင့် ပြည့်နှက်နေသည့် ဤငယ်ရွယ်ပြီး နူးညံ့သော မျက်နှာများအပေါ် နေရောင်ခြည်က ဖြာကျနေ၏။
ထိုသည်မှာ အစိမ်းရောင်တောင်တန်းဂိုဏ်း(အာအိုးယာမာ)သည် ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း အရေးအကြီးဆုံးသော ဖြစ်ရပ်ကို ကြိုဆိုတော့မည်ကဲ့သို့ပင်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ဖြစ်၏။
****************************