အခန်း၄၁ စိတ်ဓာတ်ကျလာပြီ
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျွန်တော် ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီး ကျွန်တော့်လက်ထဲရှိ သေဆုံးမှုဖိုင်ကို ကြည့်နေသည်။ ခဏကြာသောအခါ ကျွန်တော် ကျောက်ဖန်းယွီကို ပြောလိုက်သည်။
“မင်းဘာသာ လာကြည့်လှည့်။”
ကျောက်ဖန်းယွီက သေဆုံးမှုဖိုင်ကိုကြည့်လိုက်သည့်အချိန်တွင် သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ အဘယ့်ကြောင့်ဆိုသော် ဒီသေဆုံးမှုဖိုင်က အတန်းထဲရှိသူများ အားလုံး၏ သေဆုံးမှုကို အတိအကျရေးထားသောကြောင့်ဖြစ်သည်။ လီကောင်မင်းမှစ၍ နောက်ဆုံးသေသွားခဲ့သည့်သူအထိ သူတို့၏ သေဆုံးမှုများကို မှတ်တမ်းတင်ထားသည်။
ကျွန်တော့်အား အံ့အားသင့်သွားစေသည်က ဒီသေဆုံးမှုဖိုင်က မသေသေးသည့်သူများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
“ကျောက်ဖန်းယွီ- သေဆုံးရသည့်အကြောင်းအရင်းက အမည်မသိ။ ကျန်းဖန်- သေဆုံးရသည့် အကြောင်းအရင်းက အမည်မသိ။ ဘာတွေလဲ။”
ကျောက်ဖန်းယွီက သေဆုံးမှုဖိုင်ကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီသေဆုံးမှုဖိုင်က တကယ်တော့ ငါတို့ သေတာတွေကို မှတ်တမ်းတင်ထားတာပဲ။ ဒီတော့ ငါတို့ မကြာခင်သေတော့မှာပဲ။”
ကျွန်တော် သေဆုံးမှုဖိုင်ကို ကြည့်လိုက်ပြီးပြောလိုက်သည်။
“ဘာဖြစ်နေတာလဲ။ ငါတို့ ဘာလုပ်သင့်လဲ။”
ကျောက်ဖန်းယွီက ကြောက်လန့်တကြားဖြင့်ပြောသည်။
“အခု ငါတို့ရဲ့ ပထမဦးစားပေးတာဝန်က အမြန်ထွက်သွားဖို့ပဲ။”
ကျွန်တော် ပြောပြီးသည်နှင့် ကျောက်ဖန်းယွီကို ချက်ချင်းဆွဲကာ ထွက်လာခဲ့သည်။
ကျွန်တော်တို့ ဖိုင်တွဲများထားသည့် အခန်းထဲမှ ထွက်လာသည့်အချိန်တွင် ဝမ်ချန်းက မျက်နှာဖြူဖက်ဖြူရော်ဖြင့် ပြေးလာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
“မင်း ဘာဖြစ်တာလဲ။”
ကျွန်တော် ဝမ်ချန်းကို မေးလိုက်သည်။ ဝမ်ချန်းက ကျွန်တော့်အား ကြည့်ပြီးနောက် တုန်ရင်စွာဖြင့်ပြောသည်။
“ဒီရဲတွေ အကုန်လုံးက ရူးနေပြီ။ သူတို့ ခုနကလေးတင် ငါ့ကို သတ်မိတော့မလိုပဲ။”
“ဘာဖြစ်လို့လဲ။”
ကျွန်တော် သူ့အား အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းတို့ ခဏနေရင် သိလိမ့်မယ်။ အခု ငါနဲ့ လိုက်ပြေး။”
ဝမ်ချန်းက ပြောပြီးသည်နှင့် စိုးရိမ်စွာဖြင့် ပြေးသွားတော့သည်။ သူ့အားကြည့်ရင်း ကျွန်တော် အံ့အားသင့်သွားသော်ငြား ကျွန်တော် သူ့နောက်သို့ လိုက်လာခဲ့သည်။
မကြာမှီတွင် ကျွန်တော်တို့ အခန်းတစ်ခန်းရှေ့သို့ ရောက်လာခဲ့သည်။ ဝမ်ချန်းက တံခါးကို အမြန်ပိတ်လိုက်ပြီးနောက် စိုးရိမ်စွာဖြင့် ပြောသည်။
“ဘာသံမှမထွက်နဲ့။ မဟုတ်ရင် အဲ့ရဲတွေက ငါတို့ကို သတ်လိမ့်မယ်။”
“ငါတို့ကို သတ်မှာဟုတ်လား။ အဲဒါ ဘာကိုဆိုလိုတာလဲ။”
ကျောက်ဖန်းယွီက အံ့အားသင့်စွာဖြင့် မေးလိုက်ပြီး ကျွန်တော် ဝမ်ချန်းကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။
ဒီအချိန်တွင် ဝမ်ချန်းက အော်ပြောလိုက်သည်။
“အခုလေးတင် ငါ့ကို သူတို့က ဝိုင်းထားပြီးတော့ ငါ့ကို ဖျောင်းဖျနေကြတာ။ အဲ့တုန်းက ငါ စိတ်ငြိမ်နေသလို ဟန်ဆောင်နေပေမဲ့ ရဲတစ်ယောက်က စာတစ်စောင်ရလာတဲ့အချိန်မှာ အခြေအနေက ပြောင်းသွားတယ်။”
“အခု
“ပြီးတော့ သူငါ့ကို ဖမ်းမိသွားပြီးတော့ စစ်ဆေးရေးအခန်းထဲမှာ ထည့်ထားတာ။ တခြားရဲတွေက သဘောမတူဘူး။ ဒီတော့ သူတို့ အငြင်းပွားကြတယ်။ ပြီးတော့ ငါ ရဲတစ်ယောက်ရဲ့ ဖုန်းထဲကို စာတစ်စောင် ဝင်လာတာကို တွေ့လိုက်တယ်။ အဲဒါကို ငါဖတ်ပြီးတော့ တခြားသူတွေက လာဖတ်ကြတယ်။ ပြီးတော့ အဲဒါ လူတိုင်းကို လန့်သွားစေခဲ့တယ်။”
ဝမ်ချန်း၏မျက်နှာထက်တွင် မမျှော်လင့်နိုင်သည့် အကြောက်တရားရှိနေပြီး သူက တုန်ရင်စွာဖြင့် ပြောလာသည်။
“ရဲတစ်ယောက်ရဲ့ ဖုန်းထဲက စာကို ငါ မြင်လိုက်ရတယ်။ အဲ့စာကို တံခါးစောင့်က ပို့လိုက်တာ။ သူကရဲတွေကို ငါတို့ကို သတ်ဖို့ အမိန့်ပေးနေတာ။”
“ဘာ။”
ကျွန်တော် သူ့အား အလန့်တကြား ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ရှုပ်လာသည်။ ခဏကြာသည့်အချိန်တွင် ကျွန်တော် တုန်ရင်စွာဖြင့် ပြောလိုက်သည်။
“ဒီတော့ ဒီရဲတွေကလည်း ငါတို့လိုပဲ တံခါးစောင့် ထိန်းချုပ်တာ ခံထားရတာပေါ့ ဟုတ်လား။”
“ဒါပဲ။ ငါတို့ ဒီအမှုကို တိုင်ကြားပေမဲ့ ဘယ်သူမှ ဂရုမစိုက်တာလဲဆိုတာကို ငါနောက်ဆုံးတော့ နားလည်သွားပြီ။ ရဲစခန်းက တံခါးစောင့် ထိန်းချုပ်တာ ခံထားရလို့ပဲ။”
ဝမ်ချန်းက ကြောက်လန့်တကြား ပြောလိုက်သည်။
“ဒီတော့ ဘယ်လိုလုပ်မလဲ။”
ကျွန်တော့် မျက်နှာထက်တွင် ကြောက်ရွံ့သည့် အမူအရာ ရှိနေသည်။
တံခါးစောင့်က ရဲစခန်းကို ထိန်းချုပ်နိုင်သည့် စွမ်းအား ရှိလိမ့်မည်ဟု ကျွန်တော် ထင်မထားပေ။
သူက ရဲစခန်းကို ထိန်းချုပ်ထားသောကြောင့် ကျွန်တော်တို့ ဒီကိစ္စကို တိုင်ကြားလျှင်တောင် အချဉ်းနှီးပင် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ရဲများက တံခါးစောင့် ထိန်းချုပ်ခြင်း ခံထားရသောကြောင့် ဖြစ်သည်။
“ဘုရား၊ ဘုရား။ တံခါးစောင့်က ဘယ်သူပါလိမ့်။ သူက ရဲတွေကိုတောင် ထိန်းချုပ်နိုင်တယ်။”
ကျောက်ဖန်းယွီက ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
ကျွန်တော်တို့ စိုးရိမ်နေစဉ် ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရသည်။ အပြင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းတို့ အဆင်ပြေရဲ့လား။ ငါက ရဲပါ။ တံခါးကို အမြန်ဖွင့်ပေးလို့ရမလား။”
“ကျွန်တော်တို့ တံခါးဖွင့်မှာမဟုတ်ဘူး။”
ဝမ်ချန်းက အော်ပြောလိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ။ ရဲကိုတောင် မယုံဘူးလား။”
အပြင်ရှိလူက ပြောသည်။
“ကျွန်တော် ခင်ဗျားကို မယုံဘူး။ ခင်ဗျားကလည်း ကျွန်တော်တို့လို တံခါးစောင့် ထိန်းချုပ်တာ ခံထားရတာ။”
ဝမ်ချန်းက အော်ပြောလိုက်သည်။
သူ ဒါကိုပြောသည့်အချိန်တွင် အပြင်ရှိလူက ခဏတာ တိတ်ဆိတ်သွားပြီး မကြာခင်တွင် ခက်ထန်စွာ တုံ့ပြန်လာသည်။
“ဒီတော့ မင်းတို့က လိုလိုလားလား တံခါးဖွင့် မပေးချင်ကြဘူးပေါ့။”
“ကျွန်တော် တံခါးဖွင့်မှာမဟုတ်ဘူး။ ခင်ဗျားက ကျွန်တော်တို့ကို သတ်မှာ။”
ဝမ်ချန်းက အော်ပြောလိုက်ပြီး သူ့မျက်နှာထက်တွင် ကြောက်ရွံ့မှုများထွက်ပေါ်နေသည်။
“ငါ မင်းတို့ကို မသတ်ပါဘူး။ စိတ်မပူပါနဲ့။ တံခါးစောင့်က ငါတို့ရဲ့ ရန်သူပဲ။ သူနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ငါတို့ ဆွေးနွေးသင့်တယ်။”
အပြင်ရှိလူက ပြောသည်။
“ခင်ဗျား ကျွန်တော်တို့ကို အရင်ပြောပြ။ ခင်ဗျားတို့ ရဲစခန်းမှာ ဘာဖြစ်နေတာလဲ။ ဘယ်လိုလုပ် တံခါးစောင့်က ရောက်လာတာလဲ။”
ကျွန်တော် မေးလိုက်သည်။
ကျွန်တော် ပြောလိုက်သည့်အချိန်တွင် အပြင်ရှိလူက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာသည်။
“ဒီလိုဆိုမှတော့ ငါ မင်းတို့ကို ပြောပြမယ်။”
သူပြောသည်ကို နားထောင်ပြီးနောက် ကျွန်တော် ကြက်သေသေသွားပြီး အချိန်အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ပေ။
သူက ကျွန်တော်တို့အား ရဲစခန်းက ပုံမှန်လည်ပတ်နေသော်ငြား လွန်ခဲ့သည့် လအနည်းငယ်က အသစ်ရောက်လာသည့် ရဲမေက ဝီချက်ဂရုတစ်ခုထဲသို့ အကုန်လုံးကို သွင်းခဲ့ပြီး ရဲမှူးပင် ထိုထဲရောက်ခဲ့သည်။
ပြီးနောက် တံခါးစောင့်ထွက်ပေါ်လာပြီး သူ၏အသွင်အပြင်က လူများကို အာရုံမစိုက်စေနိုင်ခဲ့ပေ။ ပြီးနောက် လူတိုင်းက သူ့အား လေးလေးနက်နက် မဆက်ဆံကြပေ။
သို့သော် မည်သူကမှ တံခါးစောင့်၏ ပထမဆုံးအမိန့်က ရဲမှူးအား ကိုယ့်ကိုယ်ကိုယ် သတ်သေရန် တာဝန်ပေးခဲ့မည်ဟု ထင်မထားပေ။
နောက်တစ်ရက်တွင် ရဲမှူးက သူ့ရုံးခန်းထဲတွင် သေသွားခဲ့ပြီး ထိုနေ့မှစပြီး ရဲစခန်းထဲတွင် အကြောက်တရားက ပြန့်သွားခဲ့သည်။ နေ့တိုင်း ရဲတစ်ယောက်သေပြီး ရဲစခန်းထဲတွင် လူတော်တော်များများ သေခဲ့ပြီဖြစ်သည်။
ဒါကိုကြားသည့်အချိန်တွင် ကျွန်တော် မမေးဘဲ မနေနိုင်ခဲ့ပေ။
“ခင်ဗျားတို့က ရဲတွေပဲ။ တံခါးစောင့်က ဘယ်သူလဲဆိုတာကို မစုံစမ်းကြဘူးလား။”
အပြင်ရှိလူက ခါးသီးစွာ ပြုံးလိုက်ပြီး
“ဘယ်လို စုံစမ်းရမှာလဲ။ တံခါးစောင့်က ထွက်လာတာတောင် မဟုတ်ဘူး။ သူက သရဲလား လူလားဆိုတာ ဘယ်သူမှ မသိဘူး။ ငါတို့ သူ့ဝီချက်အကောင့်ကို စုံစမ်းပေမဲ့လည်း ကုမ္ပဏီက ဘာမှပြန်မတုံ့ပြန်ဘူး။ ဒီတော့ အဲဒါ အလကားပဲ။”
“တံခါးစောင့်ရဲ့ နံပတ်က မရှိလို့ ငါတို့ ကုမ္ပဏီကို မေးလို့မရဘူး။ ဒါ့အပြင် ငါတို့မှာလည်း ဘာနည်းလမ်းမှ မရှိဘူး။”
“ဒီလိုကိုး။”
သူ့ စကားများကို နားထောင်ပြီးနောက် ကျွန်တော် ဝမ်းနည်းသွားသည်။ ရဲများကပင် တံခါးစောင့်ကို ရှာနိုင်မှာမဟုတ်ဟု ကျွန်တော် တွေးမထားပေ။ ကြည့်ရတာ ကျွန်တော် ရဲများကို အတော်လေး မျှော်မှန်းခဲ့မိသည့်ပုံပင်။
ရဲများက အလွန်ခွန်အားရှိပြီး မည်ကဲ့သို့ စုံစမ်းရမည်ကို သိသော်ငြား ဝီချက်ဂရုထဲတွင် ပုန်းနေသည့် တံခါးစောင့်ရှေ့တွင် သူတို့ ဘာဖြေရှင်းချက်မှ မရှိပေ။
“ဒီတော့ ခင်ဗျားတို့အခြေအနေကလည်း ကျွန်တော်တို့နဲ့ အတူတူပဲပေါ့။”
ကျောက်ဖန်းယွီက မေးလိုက်သည်။
“ဟုတ်တယ်။ ငါတို့ အခြေအနေကလည်း မင်းတို့နဲ့ အတူတူပဲ။”
အပြင်ရှိလူက ပြောသည်။
“ဒါဆိုလည်း ကျွန်တော်တို့ကို ပြောပြ။”
ကျောက်ဖန်းယွီကပြောသည်။
“ဟုတ်တယ်။ ငါတို့ မင်းတို့ အခြေအနေကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ငါတို့မှာ ဘာနည်းလမ်းမှမရှိဘူး။ ဒီတော့ မင်းတို့အတန်း ဆက်ပြီးသေနေတာကိုပဲ ငါတို့ ကြည့်နေနိုင်ခဲ့တယ်။”
အပြင်ရှိလူကပြောသည်။
“ဒါပေမဲ့ ငါတို့နဲ့ မတူတာက မင်းတို့က တံခါးစောင့်ကို သတ်လိုက်နိုင်ပြီးတော့ ကောင်းကောင်းမွန်မွန်နေလို့ ရနေတုန်း ရုတ်တရက် တံခါးစောင့်ထပ်ထွက်လာတာပဲ။”
“ငါတို့ အကုန်လုံးက သနားစရာ ဖြစ်နေပါ့လား။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
အပြင်ရှိလူက သက်ပြင်းချလိုက်ပြီးနောက် ပြောသည်။
“တံခါးဖွင့်ပါ။ ငါတို့ တံခါးစောင့်နဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဆွေးနွေးကြမယ်လေ။”
“ဒါပေမဲ့ ခင်ဗျား ကျွန်တော်တို့ကို သတ်ချင်နေမလားဆိုတာ ကျွန်တော်တို့မှ မသိနိုင်တာ။”
ကျောက်ဖန်းယွီက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“မင်းတို့ နားလည်မှုလွဲနေပြီလို့ ငါထင်တယ်။ ငါက မင်းတို့အခြေအနေနဲ့ အတူတူပဲ ဆိုပေမဲ့ ငါက ပြည်သူ့ရဲပဲလေ။”
အပြင်ရှိလူက ပြောသည်။
“ဒီလိုဆိုရင် တံခါးဖွင့်လိုက်ရအောင်။”
ကျောက်ဖန်းယွီက ဝမ်ချန်းကိုကြည့်လိုက်သည့်အချိန်တွင် ဝမ်ချန်းက ခေါင်းခါလိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ကျွန်တော် တံခါးဖွင့်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ထဲက တချို့က ကျွန်တော်တို့ကို သတ်ချင်နေတာ။ ကျွန်တော် အဲဒါကို ကောင်းကောင်းသိတယ်။”
အပြင်ရှိလူက အေးအေးဆေးဆေး ရှင်းပြနေသည်။
“မင်းတို့ စိတ်ပူစရာ မလိုပါဘူး။ ငါတို့ မင်းတို့ကို ဘာမှမလုပ်ပါဘူး။ ငါတို့က ပြည်သူ့ရဲတွေပါ။”
ဒါကိုကြားသည့်အချိန်တွင် ကျွန်တော်တို့ အချင်းချင်းကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းနေကြသည်။ ဝမ်ချန်းပင်လျှင် အလျင်စလို ဆုံးဖြတ်ချက်မချရဲပေ။
ကျွန်တော်တို့ တုံ့ဆိုင်းနေရသည့် အကြောင်းအရင်းက တခြားရဲများကြောင့်ဖြစ်သည်။
မည်သည့်ကိစ္စဖြစ်စေ မည်သည့်နေရာဖြစ်စေ ရဲများကို ပြည်သူများက ယုံကြည်ကြသည်။ ထို့ကြောင့် တစ်ခုခု ဒုက္ခရောက်လျှင် လူတိုင်းက ရဲစခန်းသို့ အရင်ရောက်လာကြတာဖြစ်သည်။
“တံခါးဖွင့်လိုက်ရအောင်။”
ဝမ်ချန်းကပြောသည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ဂရုစိုက်ဦး။”
ကျွန်တော် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
ဝမ်ချန်းက ခေါင်းညိတ်လိုက်ပြီးနောက် တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အပြင်တွင် မတ်တပ်ရပ်နေသောလူက အသက်ငယ်ပြီး ရဲယူနီဖောင်း ဝတ်ဆင်ထားပြီး ကျွန်တော်တို့အား ကြည့်နေသည်။
“မင်း နောက်ဆုံးတော့ အမြင်မှန်ပေါက်သွားပြီပဲ။ မင်းတို့ တစ်ခုခု မဟုတ်တာလုပ်နေတယ်လို့ ငါထင်နေတာ။ အဲဒါ ငါ့ကို တကယ်လန့်သွားစေတာပဲ။”
လူငယ်က ပြုံးလိုက်သည်။
“ရဲစခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပါ့လား။”
ဝမ်ချန်းက သူ့အား ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ရဲများ၏ အကူအညီရခြင်းက ကျွန်တော်တို့အတွက် ကောင်းသည့်အရာဖြစ်လောက်သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ မင်းတို့တွေ အရင်သေမှရမယ်။”
လူငယ်က ပြုံးလိုက်ပြီး ပစ္စတိုကို အမြန်ထုတ်လိုက်ပြီးနောက် ဝမ်ချန်းကို ချိန်လိုက်သည်။
ဝမ်ချန်း ရှောင်ချိန်ပင် မရလိုက်ဘဲ သူ့ရင်ဘတ်အား ကျည်ဆံက ဖောက်သွားပြီး တစ်ခဏအတွင်း သူ လဲကျသွားသည်။
ဝမ်ချန်းလဲကျသွားသည်ကို ကြည့်ပြီးနောက် ကျွန်တော် ထိုရဲကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။ ကျွန်တော့်ဘေးရှိ ကျောက်ဖန်းယွီသည်လည်း ကြောက်နေခဲ့သည်။
ကျွန်တော်တို့က အထက်တန်းကျောင်းသားများသာဖြစ်ကာ ဤကဲ့သို့ အခြေအနေမျိုးဖြင့် မကြုံတွေ့ဖူးပေ။ လူတစ်ယောက် ပစ်သတ်ခံရသည်ကို ကြည့်ပြီးနောက် ကျွန်တော်တို့မျက်နှာထက်တွင် ကြောက်ရွံ့မှုက ထွက်ပေါ်လာသည်။
“နှစ်ယောက်ကျန်သေးတယ်။ မင်းတို့ အကုန်သေရမယ်။”
ရဲက ကျွန်တော်တို့နှစ်ယောက်အားကြည့်ပြီးနောက် သူ့လက်ထဲရှိ ပစ္စတိုဖြင့် တုံ့ဆိုင်းခြင်း မရှိဘဲ ပစ်လိုက်တော့သည်။
ဒီအချိန်တွင် ကျွန်တော် စိတ်ဓာတ်ကျသွားသည်။ ဤကဲ့သို့အခြေအနေမျိုး၌ ကျွန်တော့်တွင် ရွေးချယ်စရာမရှိပေ။
ပစ္စတိုကဲ့သို့ လက်နက်မျိုးများက ကျွန်တော်တို့ ရှောင်နိုင်သည့် အရာမျိုး သေချာပေါက် မဟုတ်ပေ။ ကျွန်တော်တို့အား စောင့်ကြိုနေသည့် တစ်ခုတည်းသောအရာက သေခြင်းတရားဖြစ်သည်။