အခန်း၃၉ မမျှော်လင့်ထားသည့် တာဝန်
ဆူညံနေသည့် နေ့လည်ခင်းကို ဖြတ်သန်းပြီးနောက် ညနေခင်းတွင် ကျွန်တော်နှင့် ကျောက်ဖန်းယွီတို့ ကန်တင်းတွင် ညစာစားနေကြသည်။ ကန်တင်းတွင် လူများစည်ကားလျက် ရှိနေသည်။ စားနေစဉ် ဘေးရှိလူများကို ကြည့်လိုက်ပြီး ကျွန်တော် ပြောလိုက်သည်။
“ငါ သူတို့ကို အားကျတယ်ကွာ။ အနည်းဆုံးတော့ ဘယ်အချိန်ပူရမလဲဆိုတာကို စိတ်ပူစရာမလိုဘူး။”
“ဟုတ်တယ်။ ဒါက ငါတို့ အတန်းတစ်တန်းထဲပဲ ဖြစ်နေတာလား မသိဘူး။ တခြားအတန်းတွေကျတော့ ဘာလို့ ဘာမှမဖြစ်ရတာလဲ။”
ကျောက်ဖန်းယွီက ပြောသည်။
“ဟုတ်တယ်။ အဲဒါ ထူးဆန်းတယ်။ တံခါးစောင့်က ဟန်ကျိယု မဟုတ်ဘူးဆိုတော့ ဘာလို့ ငါတို့ အတန်းတစ်တန်းထဲကိုပဲ အဲ့လိုဖြစ်ရတာလဲ မသိဘူး။ အခု သဲလွန်စတွေ အကုန်လုံးကလည်း ယုတ္တိမရှိတော့ဘူး။ ပြီးတော့ ငါ သဲလွန်စ ဆက်ပြီးတော့ ရှာလို့လည်း မရတော့ဘူး။”
ကျွန်တော် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
“ထားလိုက်တော့ နောက်ဘာဂိမ်းလာမယ်လို့ မင်းထင်လဲ။ တံခါးစောင့်ရဲ့တာဝန်တွေက ပိုပိုပြီး ခက်လာပြီးတော့ အာရုံမစိုက်ရင် သေနိုင်တယ်။”
ကျွန်တော် ပြောလိုက်သည်။
“ဟုတ်တယ်။ တံခါးစောင့်က စိတ္တဇဝေဒနာသည်လားလို့တောင် ငါထင်လာတယ်။ ပြီးတော့ သူကအမြဲ ငါတို့ကို နှိပ်စက်ဖို့ နည်းလမ်းရှာနေတာ။”
ကျောက်ဖန်းယွီက ပြောသည်။
“အင်း။”
ကျွန်တော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အစကနေ တံခါးစောင့်ရဲ့ တာဝန်တွေက အရမ်းရိုးရှင်းတယ်။ တာဝန်ပြီးသွားရင် အဆင်ပြေပြီ။ ဒါပေမဲ့ အခုတော့ အဲဒါတွေက ပိုပြီးတော့ ကြောက်စရာကောင်းလာတယ်။ ငါတို့ကို အချင်းချင်းတောင် ပြန်သတ်ခိုင်းတေနယ်။ ဒီလိုဆိုရင် ငါတို့ အကုန်လုံး သေကုန်တော့မှာပဲ။”
“ဒါပေမဲ့ အဲဒါကို ဘယ်လိုရှောင်ရမှာလဲ။”
ကျောက်ဖန်းယွီက ပြောသည်။
“အဲဒါကိုရှောင်ဖို့ နည်းလမ်းမရှိဘူး။ တာဝန်တစ်ခုမှာ အနည်းဆုံး လူတစ်ယောက် သေမှာပဲ။ ဒါကိုပဲ အနည်းဆုံး ဆုံးရှုံးတာလို့ သတ်မှတ်ရမှာပဲ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ မင်း အဲ့အကြောင်းကို စဉ်းစားဖူးလား။ ဒီတိုင်းဆိုရင် သေတဲ့သူတွေက ပိုပြီးတော့ပဲ များလာမှာ။”
ကျောက်ဖန်းယွီက ပြောသည်။
ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးနေစဉ် လျိုရင်းက ထမင်းဘူးဖြင့် ကျွန်တော့်နားလာကာ ပြုံးပြီးပြောသည်။
“နင့်ကို အနှောက်အယှက်ပေးသလို ဖြစ်သွားလား။”
“ရပါတယ်။”
ကျွန်တော် သူမကိုကြည့်လိုက်ပြီး သတိကြီးကြီးဖြင့် နေနေသည်။ အဘယ့်ကြောင့်ဆိုသော် လျိုရင်းက သာမာန်လူတစ်ယောက် မဟုတ်ပေ။ သိပ်မကြာသေးခင်က သူမက ဟဲဝမ်နှင့် ချောင်ရွှေ့တို့အား သတ်ခဲ့သည့်သူဖြစ်သည်။
ပြိုင်ဘက်အား မည်သည့်အခွင့်အရေးမှ မပေးဘဲ တစ်ချက်တည်းဖြင့် သတ်တာဖြစ်ပြီး ဒီနည်းလမ်းက အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။
ဒီလိုမိန်းကလေးမျိုးနှင့် ရင်ဆိုင်လျှင် သူမက လှပနေလျှင်ပင် သူမကို သာမာန်လူတစ်ဦးကဲ့သို့ ဆက်ဆံ၍ မဖြစ်ပေ။ မဟုတ်လျှင် ထိုအကြောင်းကို နောင်တရနေရမှာဖြစ်သည်။
ထိုအရာက ကျွန်တော် တွေးနေသည့်အရာဖြစ်သည်။
ကျွန်တော့်၏အမူအရာကို ကြည့်ပြီးနောက် လျိူရင်းက ပြုံးပြီး တိုးတိုးပြောသည်။
“ငါ့ကို အဲ့လောက်ကြီး ကြောက်နေစရာမလိုပါဘူးဟာ။ ငါက နင့်ရန်သူ မဟုတ်ပါဘူး။”
“နင်က ရန်သူထက်တောင် ပိုပြီး အန္တရာယ်များတယ်။”
ကျွန်တော် သူမကို ကြည့်ကာပြောလိုက်သည်။
ကျောက်ဖန်းယွီက ကျွန်တော် ပြောသည့်စကားကို နားမလည်ကေ။ သူ့ရှေ့ရှိလျိုရင်းက လူနှစ်ယောက်ကို သတ်ခဲ့သည်ကိုပင်လျှင် သူ မသိပေ။ ကျောက်ဖန်းယွီက မေးသည်။
“ဘာတွေဖြစ်နေတာလဲ ကျန်းဖန်။”
“ဘာမှမဖြစ်ပါဘူး။”
ကျွန်တော် ထမင်းဆက်စားရင်း ပြောလိုက်သည်။
“နင် ဒီတလော တော်တော် သတ္တိရှိလာတာပဲ။ ဒီနေ့တင် လီဒဲကို အေးအေးဆေးဆေး သတ်လိုက်တာ။”
လျိုရင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“အင်း။”
ကျွန်တော် ဂရုမစိုက်စွာဖြင့် ပြောလိုက်ပြီး သူမကို ကြည့်လိုက်ကာ မေးလိုက်သည်။
“နင် ဘာလို့ ဒီကိုလာတာလဲ။”
“ဘာမှမဟုတ်ပါဘူး။ ငါ နင့်ကို စိတ်ဝင်စားလို့ပါ။”
လျိုရင်းက ပြောသည်။
“ဒါပေမဲ့ ငါ နင့်ကို စိတ်မဝင်စားဘူး။”
ကျွန်တော် အမှန်အတိုင်း ပြောလိုက်သည်။
လျိုရင်းက ကျွန်တော့်အား ကြည့်လိုက်ကာ နှုတ်ခမ်းဆူကာ ပြောသည်။
“အဲ့လိုကြီး မပြောပါနဲ့။ ငါကလည်း ခပ်ချောချောကောင်မလေးပါနော်။”
“ဒီတော့ ဘာဖြစ်လဲ။ နင် ဘာမှပြောစရာ မရှိတော့ရင် ထွက်သွားလိုက်တာ ပိုကောင်းမယ်။”
ကျွန်တော် စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ။ ငါပြောပါ့မယ်။ ငါ နင့်ကို သဘောကျတယ်။”
လျိုရင်းက ပြောသည်။
သူမ၏ စကားများက ကျောက်ဖန်းယွီကို နင်သွားစေပြီး သူ့ကို အကြိမ်ရေအနည်းငယ် ချောင်းဆိုးသွားစေသည်။
“ဘာ။ နင်က သူ့ကို စိတ်ဝင်စားတယ်ဟုတ်လား။”
ကျောက်ဖန်းယွီက အော်ပြောလိုက်သည်။
“ဟုတ်တယ်။ ငါ သူ့ကို စိတ်ဝင်စားပေမဲ့ အဲဒါ အချစ်မဟုတ်ဘူး။ အဲဒါ သူငါ့ရဲ့ မဟာမိတ်ဖြစ်နိုင်မယ်လို့ ငါထင်လို့ပဲ။”
လျိုရင်းကပြောသည်။
“မဟာမိတ် ဟုတ်လား။”
ကျောက်ဖန်းယွီက ခဏတာ ကြက်သေသေသွားပြီးနောက် ပြောသည်။
“ဒီလိုကိုး။ ကျန်းဖန် ငါတို့ကရော မဟာမိတ်တွေလား။”
“ငါတို့က ညီအစ်ကိုတွေ။”
ကျွန်တော် ပြောလိုက်ပြီးနောက် ထမင်းဆက်စားနေသည်။ ကျွန်တော် လျိုရင်း၏ မဟာမိတ်ဖြစ်ရန် တောင်းဆိုချက်ကို မတုံ့ပြန်ခဲ့ပေ။
လျိုရင်းက ကျွန်တော့်အား ခါးသီးစွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောသည်။
“နင်က ဒီလိုလုပ်ချင်ရင်လည်း ပြီးတာပဲ။ ရတယ်လေ။”
ကန်တင်းထဲမှ ထွက်လာပြီးနောက် ကျွန်တော် အတန်းသို့ ပြန်လာခဲ့သည်။ ကျွန်တော် ပြန်ရောက်လာသည့်အချိန်တွင် ကျောက်ဝူကျီဘေး လူတစ်အုပ်ရှိနေသည်။ ကျောက်ဝူကျီက အလယ်တွင်ရှိပြီး ဂုဏ်ယူစွာဖြင့် ကြွားဝါနေသည်။
“မင်းတို့ ငါ့နောက်လိုက်သ၍ မင်းတို့ ကျောင်းပြီးတာနဲ့ ငါ့ ကုမ္ပဏီကို လာအလုပ်လုပ်ဖို့အတွက် ငါ ကတိပေးတယ်။ ပညာရေးကို ထည့်မတွက်ဘူး။”
“ဘာ မင်း ပိုက်ဆံလိုချင်တာလား။ မင်းတို့ ငါ့ စကားကို နားထောင်သ၍ ငါ မင်းတို့ကို ပိုက်ဆံပေးမယ်။”
ကျောက်ဝူကျီ ကြွားဝါနေသည်ကို ကြည့်ရင်း သူ့ဘေးရှိလူများက သူ့အား အိပ်မက်မက်နေသကဲ့သို့ ကြည့်နေကြသည်။ ကျောက်ဝူကျီက အတန်းထဲတွင် ကျော်ကြားတာ မဆန်းပေ။ မည်သည့်အချိန်မဆို ပိုက်ဆံနှင့် စသည်က အကောင်းဆုံးဖြစ်သည်။ အတန်းထဲရှိ လူတော်တော်များများက ပတ်ဝန်းကျင်နှင့် အရမ်းမထိမတွေ့ဖူးသည့် အထက်တန်းကျောင်းသားများ ဖြစ်သောကြောင့် ပို၍ပင် ဆိုးနေသည်။
သူ့အပြုအမူကို ကျွန်တော် သဘောမကျပေ။ သူ လူတော်တော်များများ၏အာရုံကို ဆွဲဆောင်နိုင်သော်ငြား တံခါးစောင့်ကို မဖြေရှင်းနိုင်သေးပေ။ တံခါးစောင့်၏ အမြင်တွင် ကျွန်တော်တို့က ပုရွက်ဆိတ်သာသာပင် ကျွန်တော်တို့ စည်းလုံးလျှင်တောင် သူ့အား အနိုင်ယူဖို့ မဖြစ်နိုင်ပေ။
တံခါးစောင့် ပြန်ရောက်လာပြီဖြစ်သောကြောင့် ကျွန်တော် အနာဂတ်ကို ကောင်းကောင်းသိနေပြီဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်က အိပ်မက်ဆိုးကြီးတစ်ခုဖြစ်လာတော့မှာဖြစ်သည်။
နောက်တစ်ရက်တွင် ကျွန်တော် အတန်းထဲသို့ ဝင်လာစဉ် အကုန်လုံးက ဖုန်းများကိုကြည့်နေကြသည်။ ကျောက်ဝူကျီပင်လျှင်ဖုန်းကို ကြည့်နေသည်။
ကျွန်တော့်နေရာသို့ လာလိုက်ပြီးနောက် ဖုန်းကို ကြည့်လိုက်ကာ ပြောလိုက်သည်။
“တာဝန်သစ်မလာသေးဘူးလား။”
“လာတော့မှာပါ။”
ကျောက်ဖန်းယွီက ပြောသည်။
သူပြောနေစဉ်မှာပင် တံခါးစောင့်က ပေါ်လာသည်။
“ကျောက်ဖန်းယွီ၊ မော့ကျင်းယွီ၊ ဝမ်ချန်း၊ ကျန်းဖန်နဲ့ မစ်ကီ နောက်ထပ်၂၄နာရီအတွင်း ရဲစခန်းကနေ သေဆုံးမှုဖိုင်လိုမျိုး အရာကို ခိုးရမယ်။ ခိုးပြီး ရဲစခန်းကနေ အသက်ရှင်လျက်ထွက်လာနိုင်ရင် တာဝန်ပြီးမြောက်တယ်။ တကယ်လို့ သတ်မှတ်ချိန်အတွင်း မရှာနိုင်ရင် အကုန်လုံး အသတ်ခံရမယ်။”
“ဘာ။ ရဲစခန်းကနေ တစ်ခုခုခိုးရမယ်ဟုတ်လား။”
ကျောက်ဖန်းယွီက ဖုန်းကိုကြည့်လိုက်ပြီးနောက် ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
“အင်း။”
ကျွန်တော် မျက်စိမှတ်ကာ ပြောလိုက်သည်။
“ဒါက တကယ့်ပြဿနာပဲ။ ရဲစခန်းကိုသွားပြီးတော့ ပစ္စည်းခိုးခိုင်းတာက ကိုယ့်ကိုယ့်ကိုယ် သတ်သေတာပဲ မဟုတ်ဘူးလား။”
ကျောက်ဖန်းယွီက ပြောသည်။
“မဟုတ်သေးဘူး။ ဒါက ကောင်းတဲ့အရာဖြစ်နိုင်တယ်။”
ကျွန်တော် သူ့အားကြည့်ကာ ပြောလိုက်သည်။
“ကောင်းတဲ့အရာ ဟုတ်လား။”
ကျောက်ဖန်းယွီက ကျွန်တော့်အား ထူးဆန်းစွာဖြင့် ကြည့်နေသည်။
“ဒီတာဝန်ပြီးတာနဲ့ ဘယ်သူမှသေမှာမဟုတ်ဘူး။”
ကျွန်တော် လက်ညှိုးထောင်လိုက်ကာ ပြောလိုက်သည်။
“ပြီးတာပဲ အဲဒါဆိုလည်း အတူတူ သွားကြတာပေါ့။”
ကျောက်ဖန်းယွီက ပြောသည်။
ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးနေစဉ် မစ်ကီက ကျွန်တော့်အား လာရှာသည်။
“ကျန်းဖန် ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့..”
မစ်ကီက ကျွန်တော့်အား လာပြီး တောင်းဆိုသည်။
“နင်ဘာကို ဆိုလိုတာလဲ။”
ကျွန်တော် သူမကို မေးလိုက်သည်။
“နင်က ငါတို့ထဲမှာ အတော်ဆုံးဆိုတော့ နင် သေချာပေါက် လူသတ်မှုဖိုင်ကို ရမှာပါ။”
မစ်ကီက ပြောသည်။
“ဒီတော့ ဘာဖြစ်လဲ။”
ကျွန်တော် အေးစက်စွာဖြင့်ပြောလိုက်သည်။
“ဒီတော့ ငါ သွားလို့မရဘူး။ ငါ သွားရင်လည်း နင်တို့ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမှာပဲ။”
သူမ ပြောလိုက်သည်။
ကျွန်တော် ခေါင်းခါလိုက်ပြီးနောက် သူမ၏ စကားများကို ငြင်းလိုက်သည်။ ပြီးနောက် ကျွန်တော် မတ်တပ်ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ တာဝန်က လူငါးယောက်နဲ့ဆိုင်တယ်။ ဒီတော့ အကုန်လုံး အတူတူသွားရမယ်။ ဘယ်သူမှ မလိုက်လို့မရဘူး။”