အခန်း၃၂ ပြင်းထန်တဲ့တိုက်ပွဲက စတင်တော့မယ်
ဟန်ကျိယု နေ့လည်ခင်းတုန်းက ပျောက်သွားသည့်အချိန်မှစ၍ မည်သူမှ သူမကို ရှာမတွေ့ပေ။ လီယုထျန်းကလည်း စိတ်ဓာတ်ကျနေပြီဖြစ်ပြီး အကုန်လုံးကလည်း အတန်းထဲသို့ စိတ်ဓာတ်ကျစွာဖြင့် ဝင်လာကြသည်။ ဒီအချိန်တွင် အတန်းပိုင်ဆရာမက အတန်းထဲသို့ ဝင်လာသည်။
လီယုထျန်းနှင့် ဝမ်ချန်းတို့ စော်ကားတာခံခဲ့ရပြီးသည့် အချိန်မှစ၍ အတန်းပိုင်ဆရာမက အတန်းထဲသို့ လာတာအလွန်ရှားသည်။ သူမက ကျွန်တော်တို့အား မျက်နှာပင် မပြရဲတော့သည့်ပုံပင်။ သို့သော် ဒီအချိန်တွင် သူမ၏ မျက်နှာထက်တွင် နည်းနည်းပျော်ရွှင်နေသည့်ပုံပေါ်သည်။
“ဆရာမ မင်းတို့ကို သတင်းကောင်းပြောစရာရှိတယ်။ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ မင်းတို့ရဲ့ အတန်းခေါင်းဆောင်က အပြစ်မရှိဘူးဆိုတာကို ရှာတွေ့သွားပြီးတော့ အခု သူ လွတ်လာခဲ့ပြီ။”
သူမ၏စကားများက ကျွန်တော်တို့အား အလွန်အံ့အားသင့်သွားစေသည်။ အတန်းခေါင်းဆောင်၏ပြစ်မှုက အလွန်သိသာပြီး သူက အပြစ်မကင်းပေ။ သို့သော် သူလွတ်လာခဲ့သည်။ ထိုအရာက အတန်းခေါင်းဆောင်၏ မိဘများက မည်မျှကြိုးစားခဲ့ကြသည်ကို ပြသနေခြင်းဖြစ်သည်။
ဒီအချိန်တွင် အခန်းတံခါးက ပွင့်လာပြီးနောက် အတန်းခေါင်းဆောင်က တက်ကြွစွာဖြင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး ကျွန်တော်တို့အား နှုတ်ဆက်ကာ သူ့နေရာတွင်သူထိုင်လိုက်သည်။
သို့သော် အတန်းခေါင်းဆောင်ပြန်လာသည့်အချိန်တွက် လူတိုင်းက ကြိုဆိုခဲ့ကြသည်။ အတန်းခေါင်းဆောင်ဆိုသည့် နေရာက လူတိုင်း၏ စိတ်ထဲတွင် မြင့်မြင့်တွေးထားကြသည့် နေရာဖြစ်သည်။
အတန်းခေါင်းဆောင်ပြန်လာသည့်အချိန်တွင် လီယုထျန်းက အရမ်းမပျော်သည့်ပုံပင်။ ဒါက မထူးဆန်းပေ။ အတန်းခေါင်းဆောင်ထွက်သွားသည့်အချိန်တွင် သူက အတန်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခုအတန်းခေါင်းဆောင် ပြန်လာသည့်အချိန်တွင် သူက အတန်းခေါင်းဆောင် မဟုတ်တော့သောကြောင့်ဖြစ်သည်။
အတန်းပြီးသွားသည့်အချိန်တွင် လူတော်တော်များများက အတန်းခေါင်းဆောင်နားတွင် အုံနေကြသည်။ သူ ထိုအရာကို မည်သို့ ဖြေရှင်းခဲ့ကြောင်း သူတို့ သိချင်နေပုံရသည်။ အတန်းခေါင်းဆောင်၏အဖြေကလည်း ဆွံအသွားချင်စရာကောင်းသည်။ သူ စော်ကားခဲ့သည့် ကောင်မလေးက သူ့ကောင်မလေးဖြစ်လာသည်ဟု သူဖြေခဲ့သည်။ ဒါကလည်း သူ့မိဘများ၏ လက်ချက်ဖြစ်ရမည်။
ဒါကိုကြားသည့်အချိန်တွင် မော့ကျင်းယွီကပြောလိုက်သည်။
“ဒီအတန်းခေါင်းဆောင်က တော်တော်လေး အရှက်မရှိတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက မိန်းကလေးတစ်ယောက်ရဲ့ အပြစ်ကင်းမှုကို ထိခိုက်စေခဲ့တာကို။”
“ဟုတ်တယ်။ ဒါပေမဲ့ သူ့မိဘတွေက ချမ်းသာလို့ သူ ထွက်လာနိုင်တာလေ။”
အတန်းခေါင်းဆောင်၏မိသားစုက လီယုထျန်းလောက် မချမ်းသာသော်ငြား အလွန်ချမ်းသာသည်ဟု ဆို၍ရနိုင်ပေသည်။
ကျွန်တော် မော့ကျင်းယွီနှင့်ပြောနေစဉ် သူမက ရုတ်တရက် ပြောတာရပ်သွားသည်။ ကျွန်တော် လှည့်ကြည့်လိုက်သည့်အချိန်တွင် အတန်းခေါင်းဆောင်က ကျွန်တော့်ဆီလာနေတာကို ကျွန်တော် တွေ့လိုက်ရသည်။
“ကျန်းဖန် ငါမင်းနဲ့ စကားပြောစရာရှိတယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
“ဘာကိစ်စလဲ။”
ကျွန်တော် သူ့ဘက်သို့ လှည့်ကာမေးလိုက်သည်။
“မင်း ငါနဲ့ လိုက်ခဲ့ပါ့လား။”
အတန်းခေါင်းဆောင်က ကျွန်တော့်အား အခန်းထောင့်သို့ ခေါ်လာခဲ့ပြီးပြောသည်။
“ငါ စစ်ဆေးရေးဌာနတုန်းက ငါ သေသေချာချာစုံစမ်းခဲ့တယ်။ အဲ့နှစ်တုန်းက ငါတို့ကျောင်းမှာ အထူးဆန်းဆုံးအရာဖြစ်ခဲ့တယ်။”
“ဘာထူးဆန်းတဲ့အရာလဲ။”
ကျွန်တော် မမေးဘဲ မနေနိုင်ခဲ့ပေ။
“လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဟန်ကျိယုက အတန်းထဲမှာ ကြိုးဆွဲချသတ်သေခဲ့တယ်။”
အတန်းခေါင်းဆောင်ကပြောသည်။
“ငါ ဒါကိုသိတယ်။ အရင်တုန်းက မင်းငါ့ကို ပြောခဲ့ဖူးတယ်။”
ကျွန်တော် စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။
“ဒါပေမဲ့ မင်း သိလား။ သူတို့တွေ စာမေးပွဲအောင်လို့ ဓာတ်ပုံရိုက်ကျတဲ့အချိန်မျာ သူမက ဓာတ်ပုံထဲမှာပါနေတယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
ကျွန်တော် မယုံကြည်နိုင်စွာဖြင့်ပြောလိုက်သည်။
“အဲ့တုန်းက ဓာတ်ပုံရိုက်တုန်းက အတန်းထဲမှာ လူ၆၅ယောက်ပဲရှိတာ။ ဒါပေမဲ့ ဓာတ်ပုံထဲမှာ နောက်ထပ်မိန်းကလေးတစ်ယောက် အပိုပါနေတာကို သူတို့ သတိပြုမိသွားကြတယ်။ ပြီးတော့ အဲ့မိန်းကလေးက အဲ့မတိုင်ခင်တုန်းက သေခဲ့တဲ့ ဟန်ကျိယုပဲ။ အဲဒါ ဘယ်လိုလဲဆိုတာတော့ ငါမသိဘူး။”
အတန်းခေါင်းဆောင်ကပြောသည်။
ကျွန်တော် ခေါင်းညိတ်လိုက်ပြီးနောက် အဲ့တုန်းက ကျောင်းသားများ မည်မျှကြောက်လန့်သွားမည်ကို စိတ်ကူးကြည့်မိခဲ့သည်။
သေပြီးသည့်အတန်းဖော်က စာမေးပွဲအောင်၍ရိုက်သည့်ဓာတ်ပုံထဲတွင် ပါလာသည်။ ဒါက သေပြီးသည့်သူက အတန်းထဲတွင် မကျွတ်မလွတ်ရှိနေသေးသည်ကို ပြသနေခြင်းဖြစ်သည်။
“အဲ့တုန်းက ကျောင်းက ဒီကိစ္စကို ပိတ်ဖို့အတွက် အာဏာတော်တော်များများသုံးခဲ့ပြီးတော့ ဒီအတန်းကိုလည်း အဲ့နှစ်တုန်းက ပိတ်ခဲ့တယ်။ ဒီအတန်းကို သိုလှောင်ခန်းအဖြစ် သုံးပြီးတော့ စာသင်ခန်းအနေနဲ့ မသုံးခဲ့ဘူး။”
အတန်းခေါင်းဆောင်က သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောသည်။
“ဒါပေမဲ့ ကျောင်းထဲမှာ စာသင်ခန်းမလောက်လို့ ဒီအတန်းကို စာသင်ဖို့အတွက် အသုံးပြုဖို့ ပြန်ဖွင့်ခဲ့တယ်။ ပြီးတော့ ငါတို့က ဒီအတန်းထဲကို ပြောင်းလာတဲ့ ဒုတိယအတန်းပဲ။”
“ငါတို့က ဒုတိယအတန်းဆိုတော့ ငါတို့ရှေ့မှာ တစ်ခန်းရှိသေးတယ်ဆိုတဲ့ သဘောပေါ့။”
ကျွန်တော် မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့အတန်းက လက်ရှိမှာ ငါတို့ထက် သုံးတန်း လေးတန်းကြီးတယ်။”
အတန်းခေါင်းဆောင်က ပြောလိုက်သည်။
“ကြည့်ရတာ ဟန်ကျိယုက သူသေပြီးကတည်းက ဒီအတန်းထဲမှာပဲ ရှိနေခဲ့တဲ့ပုဲပဲ။ သူမက ကလဲ့စားချေဖို့အတွက် ကြံနေတာနေမှာ။”
ကျွန်တော် ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ ငါ့ရဲ့ စုံစမ်းမှုအရ ဟန်ကျိယုက တံခါးစောင့်ဖြစ်နိုင်တယ်။ အကြောင်းပြချက်က အရမ်းရိုးရှင်းပါတယ်။ ဒါက တခြားအခန်းတွေထဲမှာ မဖြစ်ပဲနဲ့ ငါတို့အခန်းထဲမှာပဲ ဖြစ်နေတာ။”
အတန်းခေါင်းဆောင်က ပြောသည်။
“ဒီလိုကိုး။”
ကျွန်တော် ရုတ်တရက် အံကြိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဟန်ကျိယုက တကယ်ပဲ ငါ့ကို လိမ်နေတာပဲ။”
“ငါ လက်ရှိအခြေအနေကို သိပြီးသားဆိုတော့ ငါ အကုန်လုံးနဲ့ ဟန်ကျိယုကို လိုက်ရှာပြီးတော့ သူ့ကို သတ်မယ်။”
အတန်းခေါင်းဆောင်ကပြောသည်။
“ကောင်းပြီလေ။ ငါတို့ အတူတူကြိုးစားကြရင် သေချာပေါက် အလုပ်ဖြစ်မှာပါ။”
ကျွန်တော် ခေါင်းညိတ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ ကျွန်တော့်နှလုံးသားက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ကျွန်တော် အတန်းခေါင်းဆောင်နှင့် ပြောပြီးသည့်အချိန်တွင် ကျွန်တော့်နေရာတွင် ကျွန်တော် ပြန်ထိုင်လိုက်သည်။ ဒီအချိန်တွင် အတန်းက ငြိမ်နေပြီး အကုန်လုံးက ဟန်ကျိယုကို လိုက်ရှာနေကြသည်။ သို့သော် ဟန်ကျိယုက အငွေ့ပြန်သွားသည့်ပုံပင် လုံးဝပေါ်မလာပေ။
“သူမက ကျောင်းထဲမှာပဲရှိရမယ်။ သူမ အဝေးကြီး မသွားလောက်သေးဘူး။ ငါတို့ သူမကို ရှာရမယ်။”
လီယုထျန်းက အံကြိတ်လိုက်ပြီးနောက်အော်ပြောလိုက်သည်။ အခု သူက ကဲ့စားချေရန် ဟန်ကျိယု၏ ပထမဆုံးပစ်မှတ်ဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ ဟန်ကျိယုကို အမြန်မရှာလျှင် သူက တခြားသူများထက် ပို၍ဆိုးသည့် သေဆုံးခြင်းဖြင့် သေရမှာဖြစ်သည်။
“အကုန်လုံး သူ့ကို မျှားခေါ်နိုင်မယ့်နည်းလမ်းကို စဉ်းစားစမ်းပါ။”
တစ်ယောက်ယောက်က ပြောလိုက်သည်။
“ဟန်ကျိယုက စောက်ရူးမဟုတ်ဘူး။ သူက ထပ်ပြီး ထွက်လာမှာ မဟုတ်တော့ဘူး။”
“ဟုတ်တယ် သူ ထွက်လာမှာ မဟုတ်ဘူး။”
အကုန်လုံး၏စကားများကို နားထောင်ပြီးနောက် ကျွန်တော်ပြောလိုက်သည်။
“ငါ့မှာ နည်းလမ်းတစ်ခုရှိလောက်တယ်။”
“ဘာနည်းလမ်းလဲ။”
လီယုထျန်းက အမြန်မေးလိုက်သည်။
ကျွန်တော့် မျက်နှာထားက အလွန်ဝမ်းနည်းနေသည့်ပုံပေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒီနည်းလမ်းက အလွန်ရက်စက်သောကြောင့်ဖြစ်ပြီး ကျွန်တော် အဲဒါကို မပြောချင်ပေ။
ကျွန်တော် မျက်နှာကို မြင့်သည့်အချိန်တွင် လီယုထျန်းက အော်ပြောခဲ့သည်။
“အမြန်ပြောစမ်းပါ။ ငါ မင်းကို တောင်းပန်ပါတယ်ကွာ။”
“ဟန်ကျိယုက သရဲဖြစ်ရင်တောင်မှာ သူမက သူမ မိသားစုကို သံယောစဉ်ရှိဦးမှာပဲ။ သူမရဲ့ မိသားစုနဲ့ သူမကို မျှားခေါ်ရမယ်။”
ကျွန်တော် ခေါင်းငုံ့လိုက်ပြီးနောက် အံကြိတ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ကျွန်တော် ထိုအရာကိုပြောပြီးနောက် အနည်းငယ် နောင်တရမိသည်။ ဒီနည်းလမ်းက အလွန်ရက်စက်သည်။
လီယုထျန်း၏ မျက်ဝန်းများက အရောင်တောက်သွားပြီး သူက ကျယ်လောင်စွာရယ်လိုက်သည်။
“ဟားဟား ငါဒီနည်းလမ်းကို ဘာလို့များ မစဉ်းစားမိတာပါလိမ့်။ အရင်တစ်ခေါက် ဟန်ကျိယုရဲ့အိမ်ကို သွားကတည်းက ငါအဲ့နည်းလမ်းကို စဉ်းစားမိရမှာ။”
ပြောပြီးနောက် သူက အပြင်ကို ပြေးထွက်သွားသည်။ သူ ဟန်ကျိယု၏မိသားစုဆီသို့သွားတာ ကျိန်းသေသည်။
သူ၏နောက်ကျောကို ကြည့်ရင်း ကျွန်တော် မျက်စိမှိတ်ကာ ကျွန်တော် ထိုအရာကို အတန်းထဲရှိ လူတိုင်းအတွက်လုပ်ခဲ့တာဖြစ်သည်ဟူ၍ ကိုယ့်ဘာသာဖြေသိမ့်လိုက်သည်။
အဲ့ထဲတွင် မော့ကျင်းယွီလည်းပါသည်။
ဒါကိုတွေးရင်း ကျွန်တော် မော့ကျင်းယွီကို ကြည့်လိုက်ပြီးနောက် ကျွန်တော့်ရင်ထဲတွင် ဆုံးဖြတ်ချက်ချထားသည့် တစ်စွန်းတစ်စက ပေါ်လာသည်။ မော့ကျင်းယွီအတွက်၊ ကျွန်တော်တို့၏ ပျော်ရွှင်သည့် အနာဂတ်အတွက် ကျွန်တော် မည်သူ့ကိုမှ အပြစ်မတင်နိုင်ပေ။ ဟန်ကျိယု အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရုံသာ တတ်နိုင်သည်။
ဒီအချိန်တွင် တံခါးစောင့်၏အသံက ဖုန်းထဲတွင် ထွက်ပေါ်လာသည်။ သို့သေ် ဒီအချိန်တွင် တံခါးစောင့်၏အသံက ဒေါသထွက်နေပုံပေါ်သည်။
“မင်းတို့က တကယ်ပဲ ငါချစ်တဲ့သူတွေကို အသုံးပြုချင်တာပေါ့ဟုတ်လား။ မင်းတို့ မင်းတို့ အုတ်ဂူကို မင်းတို့ တူးနေတာပဲ။”
ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော် ဂရုထဲတွင် ရေးလိုက်သည်။
“နင် ငါတို့ကို သတ်တုန်းက ငါတို့မှာလည်း ငါတို့ ချစ်ရတဲ့သူတွေ ရှိတယ်ဆိုတာကို ဘယ်တုန်းက တွေးခဲ့ဖူးလို့လဲ။”
ဒီအချိန်တွင် တံခါးစောင့်က ဘာမှမပြောပေ။ ခဏကြာပြီးနောက် တံခါးစောင့်က စာတစ်စောင်ပို့ခဲ့သည်။
stun“မင်းတို့ အဲဒါကို နောင်တရလိမ့်မယ်။”
ခဏကြာပြီးနောက်သူ ဝီချက်ဂရုထဲမှ ထွက်သွားသည်။ သူ ဝီချက်ဂရုထဲမှ ထွက်သွားသည့်အချိန်တွင် အကုန်လုံးက ကြက်သေသေသွားကြသည်။ ခဏကြာပြီးနောက် အကုန်လုံးက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
“အရမ်းကောင်းတယ်။ တံခါးစောင့်က နောက်ဆုံးတော့ နားသွားပြီ။”
“ကောင်းတယ်။ ငါတို့နိုင်သွားပြီ။”
ခဏအတွင်း အတန်းထဲတွင် ချီးမွှမ်းမှုများနှင့် ပြည့်သွားပြီး အကုန်လုံးက အော်ခဲ့ကြသည်။ ပြီးနောက် ကျွန်တော့် ဘေးတွင် မော့ကျင်းယွီက ကျွန်တော့်အားဖက်ကာ နမ်းလိုက်ပြီးနောက် အော်ပြောလိုက်သည်။
“ကျန်းဖန် နင်က အရမ်းတော်တာပဲ။”
“အရမ်းကြီးပျော်မနေနဲ့ဦး။ ဒီဂိမ်းက မပြီးသေးဘူး။ ငါတို့ ဟန်ကျိယုကို ရှာရဦးမယ်။ အဲ့တော့မှာ တကယ်ပြီးမှာ။ မဟုတ်ရင် သူမက ထပ်ဝင်လာဦးမှာ။”
ကျွန်တော် မော့ကျင်းယွီကိုကြည့်ကာပြောလိုက်သည်။
ညတွင်ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲရန်အတွက် ကျွန်တော်တို့ ဝမ်ရင်းယန်ကို ထပ်မံဖိတ်ခေါ်ထားသည်။ တစ်ချိန်တည်းမှာပင် ဟန်ကျိယု၏မိခင်နှင့် အဘွားကို ကျွန်တော်တို့ ကြိုးချည်ထားသည်။ သူတို့ကို ဟန်ကျိယုအား မျှားခေါ်ရန် ခေါ်ထားတာဖြစ်ပြီး လီယုထျန်းက သူတို့အား ပိုက်ဆံအမြောက်အများလည်း ပေးခဲ့သေးသည်။
ကျွန်တော် သူတို့အတွက် စိတ်မကောင်းဖြစ်သော်ငြား ဟန်ကျိယုကို မျှားခေါ်ရန်အတွက် ကျွန်တော်တို့ တုံ့ဆိုင်းမနေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ အချိန်အတော်ကြာ ရုန်းကန်ခဲ့ပြီး နေ့ရက်တိုင်း မျှော်လင့်ချက်မဲ့စွာဖြင့် လူများ သေခဲ့ကြတာကို ကြည့်ခဲ့ရသည်။ ထို့ကြောင့် ခပ်ဖျော့ဖျော့ အလင်းရောင်ကပင် ကျွန်တော်တို့အား မျှောလင့်ချက်များစွာပေးနိုင်ခဲ့သည်။
မကြာခင်တွင် ညအချိန်သို့ ရောက်ခဲ့သော်ငြား ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြပေ။ အခန်းထဲတွင် ဟန်ကျိယု၏မိခင်နှင့် အဘွားကို ကြိုးတုပ်ထားပြီး သူတို့၏မျက်နှာထက်တွင် စိုးရိမ်မှုလုံးဝမရှိပေ။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ သူတို့အား ရှင်းပြခဲ့သောကြောင့်ဖြစ်သည်။ သူမ၏သမီးက သရဲဖြစ်လာသည်ကို ကြားရသည့်အချိန်တွင် ဟန်ကျိယု၏မိခင်က မယုံကြည့်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမက ကျွန်တော်တို့နှင့် နေပြီး ကျွန်တော်တို့အားကူညီရန် ဆုံးဖြတ်ခဲ့သည်။
ဒီနည်းဖြင့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုများလုပ်ခဲ့ပြီး မီးများမှိတ်သွားသည့်အချိန်တွင် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ ထိုင်ခုံပေါ်တွင် မည်သူမှ ထိုင်မနေပေ။ အကုန်လုံးက ပြင်းထန်သည့် တိုက်ပွဲစတော့မည်ကို နားလည်ကြသည်။