အခန်း ၂၇
စိတ်ကူးယဉ်ခြင်း
မျက်စိ တစ်မှိတ်အတွင်း ဇွန်လ နှောင်းပိုင်း ရောက်လာကာ လုံကျန်း ပြည်နယ်၏ အထက်တန်းကျောင်း ဝင်ခွင့် စာမေးပွဲများ ကျင်းပချိန် ရောက်ခဲ့၏။
ထိုခေတ်အခါက စာမေးပွဲများသည် ယခုခေတ် စာမေးပွဲများလောက် ရူးချင်စရာ မကောင်းပေ။ ထိုစာမေးပွဲများတွင် မိဘများသည် စာမေးပွဲခန်း အပြင်တွင် စောင့်ကာ သူတို့၏ ကလေးများကို တာဝါနှင့် ရေများ ကမ်းပေးနိုင်၏။ အထူးသဖြင့် လယ်သမားများက စာမေးပွဲကို အာရုံ သိပ်မထားကြပေ။
သို့သော်လည်း ခြံ ပိုင်ရှင်များနှင့် ကျောင်းများသည် ထိုစာမေးပွဲ၏ အရေးပါမှုကို သိသည်။ အထက်တန်းကျောင်းများနှင့် သက်မွေးပညာကျောင်းများကို ဝင်ခွင့်ရသူ များလေ ခေါင်းဆောင်များနှင့် ဆရာများက ချီးကျူးမှု ပိုရလေ ဖြစ်သည်။
ပထမဆုံး အနေဖြင့် ကျောင်းကန်တင်းရှိ အစားအသောက်များဖြစ်သည်။ အမျိုးအစား များစွာ ရှိကာ ဈေးချိုသည်။ ထိုအချိန်ကား ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများ၏ အားလပ်ရက် ဖြစ်ကြသည်။ ထို့ကြောင့် ကျောင်းတွင် ကျောင်းသား အနည်းငယ် ရှိကာ အစားအသောက်များ၏ အရသာမှာလည်း ပိုကောင်းနေသည်။
ထိုအစားအသောက်များက ဖုန်းယွီကို စာမေးပွဲတွက် အကြီးမားဆုံး စွဲဆောင်မှု ဖြစ်ခဲ့သည်။
စာမေးပွဲ ဖြစ်စေကာမူ အနာဂတ်နှင့် နှိုင်းယှဉ်စရာ မလိုပေ။ သူ၏ အရင်ဘဝက ဖုန်းယွီသည် အထက်တန်း အောင်ပြီးနောက် တက္ကသိုဘ် တက်ခဲ့သည်။ သူသည် ပွဲစားလုပ်ငန်း လုပ်ကိုင်ရန်အတွက် စားမေးပွဲ ဖြေခဲ့သည်။ ထိုစာမေးပွဲများသည် ကြမ်းတမ်းခက်ခဲသည့် စာမေးပွဲများ ဖြစ်သည်။ ထို့အတွက် သူသည် ယခုစာမေးပွဲအတွက် တုန်လှုပ်ချောက်ခြားမှု တစ်စက်တောင် မရှိပေ။
စာမေးပွဲသည် သုံးရက်ကြာခဲ့သည်။ ဖုန်းယွီသည် စာမေးပွဲတွင် ကောင်းကောင်း လုပ်နိုင်ခဲ့သည်ဟု ခံစားမိသည်။ ကျောင်းဆရာများက ကျောင်းသားများကို သူတို့ တက်ချင်သည့် ကျောင်းသုံးကျောင်းကို ထည့်ခိုင်းပြီးသောအခါ ဖုန်းယွီသည် မြို့တော်ရှိ အထက်တန်းကျောင်း သုံးခုကို ထည့်လိုက်သည်။ သူ၏ ပထမဆုံး ရွေးချယ်မှုကား မြို့တော်ရှိ အကောင်းဆုံး အထက်တန်းကျောင်း ဖြစ်သည်။
ဖုန်းယွီ၏ အရှိန်အဝါကြောင့် ယခုနှစ်တွင် သူတို့ အခန်း တစ်ခန်းလုံး စာမေးပွဲအတွက် ကြိုးစားခဲ့ကြသည်။ ဖုန်းယွီ၏ အရင်ဘဝက အသက်မွေးဝမ်းကျောင်း တက်မည်ဟု စာရင်းသွင်းထားသည့် သူငယ်ချင်းများသည် ယခုဘဝတွင် အထက်တန်းကျောင်း ဝင်ခွင့် တင်ထားသည်ဟု ဖုန်းယွီ သိထားသည်။ သူတို့အနေဖြင့် မြို့တော်ရှိ အထက်တန်းကျောင်းကို ဝင်ခွင့် မရခဲ့လျှင်တောင် သူတို့သည် ခရိုင်အတွင်းရှိ အထက်တန်းကျောင်းများတွင် ဝင်ခွင့်ရနိုင်ပေ၏။
“ဖုန်းယွီ။ စာမေးပွဲ ကောင်းကောင် ဖြေနိုင်ခဲ့လား။”
လီနသည် သူ့ဆီလာကာ မေးလိုက်၏။ သူမသည် ဖုန်းယွီ ဝယ်ခဲ့သည့် ဆံညှပ်လေးကို ပန်ဆင်ထားသည်။
“ငါကောင်းကောင်း လုပ်ခဲ့တာပေါ့။ မြို့တော်မှာ ရှိတဲ့ အထက်တန်းကျောင်းကို မဝင်နိုင်စရာ ဘာအကြောင်းကြောင်းမှ မရှိတာ။ နင်ကော”
ဖုန်းယွီသည် လီန၏ လက်ထဲမှ ပန်းသီးကို လုယူကာ ပြောလိုက်သည်။ ဖုန်းယွီသည် လီန ကိုက်ပြီးသား ပန်းသီးကို စိတ်ထဲမထားဘဲ သူလည်း ပန်းသီးတစ်ကိုက် ကိုက်လိုက်၏။ လီနသည် ဘာမှ မပြောပေ။ ထိုအပြုအမူမျိုးကို သူမ အသားကျနေပြီး ဖြစ်သောကြောင့်ပင်။
“ငါလည်း စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့ပါတယ်။ နင်ရဲ့ အထက်တန်းကျောင်း လျှောက်ထားတာကို ပြပါလား။ ငါကြည့်ချင်လို့”
လီနက တီးတိုးပြောလိုက်၏။ သူမသည် ဖုန်းယွီနှင့် အထက်တန်းကျောင်းအတူ တက်ချင်သည် တက္ကသိုလ် အတူတူ တက်ချင်သည် ပြီးတော့……..
လီနသည်လည်း ဖုန်းယွီ ဖြည့်ထားသည့် ကျောင်းသုံးကျောင်း အတူတူ ဖြည့်လိုက်သည်။ ဖုန်းယွီသည် လီန၏ ဖောင်ကို ဆွဲလိုက်သည့် အခါ သူမသည် ဖောင်ကို မြန်မြန် ပြန်သိမ်းလိုက်သည်.
ဝမ်တုန့်ကျွမ်းက ရုတ်တရက် ရောက်လာကာ
“လီန နင်နဲ့ ဖုန်းယွီ ရွေးထားတဲ့ ကျောင်းက အတူတူပဲလား။”
“နင်ဘယ်လို သိတာလဲ”
လီနက ထိတ်လန့်သွားကာ ‘ငါ မိသွားပြီလား’
“ငါခန့်မှန်း ကြည့်တာ။ ဒါပေမဲ့ အခုတော့ ငါသေချာသွားပြီ။’
ဝမ်တုန့်ကျွမ်းက လီန၏ ရှက်သွေးဖြာမှုကို ကြည့်ရင်း
“ငါ့ရဲ့ နတ်ဆိုး အကြံက အောင်မြင်သွားပြီ’
ဖုန်းယွီသည် ဝမ်တုန့်ကျွမ်းကို တွန်းပြီး လီနကို ပြောလိုက်သည်။
“သူ့ကို လျစ်လျူရှုလိုက်။ ငါ နောက်ထပ် နှစ်ရက်နေရင် တုန့်ကျွမ်းနဲ့ မြို့တော်ကို သွားမှာ နင်ကော ငါတို့နဲ့အတူ လိုက်ခဲ့မလား။”
“မြို့ကိုသွားလည်မလို့လား”
လီန၏ မျက်လုံးများက တောက်ပသွားသည်။ သို့သော် သူမ၏ မိဘများက ခွင့်မပြုမှန်း သိသည်။
“ငါ မလိုက်တော့ပါဘူး။ နင်တို့ နှစ်ယောက်ပဲ သွားလိုက်ပါ။ ငါ လုပ်စရာ အလုပ်လေးတွေ ရှိသေးတယ်။”
လီနက ပြောလိုက်၏။
ဖုန်းယွီ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှု တစ်စုံ တစ်ရာကို တွေ့လိုက်ရသည်။ သူတို့ နှစ်ယောက်စလုံးသည် စာသင်နှစ် တစ်ခုလုံးတွင် စာလုပ်အတူ ကစားအတူ နေခဲ့သည်။ လီန၏ သူ့အပေါ် ထားရှိသည့် စိတ်သဘောထားသည် သူတို့ နှစ်ယောက် တွေ့စဉ်ကထက် အများကြီး ပြောင်းလဲသွားမှန်း ဖုန်းယွီလည်း ခံစားမိသည်။ ဖုန်းယွီသည် သူမအတွက် ဘယ်လိုလုပ် ခံစားချက် မရှိဘဲ နေမည်နည်း။
ထို့အပြင် လီနသည် အလွန်လှပြီး ကျောင်း၏ အချောအလှလည်း ဖြစ်သည်။ သူမသာ အနည်းငယ် ပြင်ဆင်လိုက်ပါက သူမ ပိုပြီး လှပသွားမည်မှာ အသေအချာပင်။
ဖုန်းယွီနှင့် လီန တွဲနေသည်ဟူသော ကောလဟာလသည် အတန်းတွင် ပျံ့နေသည်။ သို့သော် နှစ်ယောက်စလုံးက ဝန်မခံသလို ငြင်းဆိုခြင်းလည်း မရှိပေ။ သူတို့၏ အသက်အရွယ်အရ ရည်းစားထားခြင်းသည် ကျောင်းသားများအတွက် ပုံမှန်သာ ဖြစ်ပြီး သူတို့ အထက်တန်းကျောင်း ဝင်ခွင့်ရသည့်အခါ သူတို့ ကွဲသွားကြတော့သည်။
လီန ထွက်သွားပြီးနောက် ဖုန်းယွီနှင့် ဝမ်တုန့်ကျွမ်းတို့သည် သူတို့၏ ဖောင်များကို တင်လိုက်ပြီးနောက် သူတို့၏ ကျောင်းအိပ်ဆောင်ကို သူတို့ ပစ္စည်းများ သိမ်းရန် ပြန်သွားကြသည်။
“အင်း… မင်းနဲ့ လီန အထက်တန်းကျောင်း အတူတူ ဝင်ခွင့် မရရင် ဘယ်လိုလုပ်မလဲ။ မင်းနဲ့ လီန တွဲနေတာကို ဦးလေးဖုန်း သိသွားမှာကို မကြောက်ဘူးလား။”
ဝမ်တုန့်ကျွမ်းက စနောက်နောက်ဖြင့် ပြောလိုက်သည်။
ဖုန်းယွီက
“အို…”
ဝမ်တုန့်ကျွမ်းက စိတ်တိုတိုဖြင့်
“အို…. မင်းက ဘာပြောချင်တာလဲ”
“လီနနဲ့ ငါ နှစ်ယောက်လုံးက အကောင်းဆုံး အထက်တန်းကျောင်းမှာ တက်ရမယ်ဆိုတာ အသေအချာပဲလေ။ မင်းကောပဲလေ”
ဖုန်းယွီက ပြောလိုက်သည်။
“ငါကောလား။ မြို့တော်မှာ ရှိတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်မှာလား။ ဟာသတွေ ပြောမနေနဲ့။ ငါအလွန်ဆုံးမှာ ခရိုင်တွေမှာ ရှိတဲ့ အထက်တန်းကျောင်းကိုပဲ ဝင်နိုင်မှာ”
ဝမ်တုန့်ကျွမ်းက သူ့ အကြောင်းသူ သိသည်။ သူသည် စာကြိုးစားသော်လည်း ဖုန်းယွီနှင့် ယှဉ်ပါက ကွာဟချက်က ကြီးလွန်းသည်။
“စိတ်မပူနဲ့။ ငါ့မှာ ငါ့နည်းလမ်းအတိုင်း ရှိတယ်။ မင်းက အထုတ်အပိုးတွေ သယ်ခဲ့ရုံပဲ။ ငါခဏလောက် ပြေးလိုက်ဦးမယ်”
ဖုန်းယွီက ပြောလိုက်သည်။
လီနသည် ကျောင်း၏ ဘောလုံးကွင်းတွင် စောင့်နေပြီး ဖြစ်သည်။ ဖုန်းယွီသည် အားကစားကွင်းကို နေ့တိုင်း ပြေးပြီး လီနသည်လည်း အတင်းဆွဲခေါ် ခံရသည်။
သို့သော် ယနေ့တွင် ဖုန်းယွီသည် သူ၏ နေ့စဉ် အပြေးလေ့ကျင့်ခန်းကို ပျက်ခဲ့သည်။ သူသည် လီန လက်ကို ဆွဲပြီး မြက်ခင်းပြင်တွင် ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ မှန်သေးသေးလေးကို ထုတ်လိုက်ပြီး လီနကို ကမ်းလိုက်ကာ
“နင့်အတွက် ငါ့ရဲ့ လက်ဆောင်ပါ”
မှန်သည် သာမန်သာ ဖြစ်သည်။ သို့သော် လီနသည် မှန်ကို အလွန် နှစ်ခြိုက်သည်။ သူမသည် မှန်ထဲမှ ခေါင်းထက်ရှိ အနီရောင် ဆံညှပ်လေးကို ကြည့်နေသည်။
“ဘင်းမြို့တော်က ဘာတွေ နင်လိုချင်သေးလဲ။ ငါ တုန့်ကျွမ်းကို ပြောပြီး နင့်ကို ပေးခိုင်းလိုက်မယ်။”
ဖုန်းယွီက မေးလိုက်သည်။
“သူ့ကိုပဲ ပြန်လွှတ်မှာလား။ နင်ကော ပြန်မလာတော့ဘူးလား။”
လီနက မေးလိုက်သည်။
“ငါက နောက်လလောက်နေမှ ပြန်လာမှာ။ ငါ ဘင်း မြို့တော်မှာ လုပ်စရာ ရှိသေးတယ်။ အထက်တန်းကျောင်းအတွက် စိတ်မပူနဲ့။ ငါတို့ အတူတူ ရှိနေဦးမှာ”
ဖုန်းယွီက ပြောလိုက်သည်။
“ငါနောက်ထပ် စာမေးပွဲကျ ကောင်းကောင်း မဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ”
လီနက မေးလိုက်သည်။
“မဖြေနိုင်ရင် ဆိုတဲ့ စကားလုံး မရှိဘူး။ ငါ အရာရာလုံးကို စီစဉ်ပြီးသား”
ဖုန်းယွီက ပြောလိုက်သည်။
“နင် အကုန်လုံး စီစဉ်ပြီးပြီလား။ နင်ဘယ်လို စီစဉ်လိုက်တာလဲ”
ဖုန်းယွီ၏ စကားလုံးများကို မယုံကြည်သဖြင့် မေးလိုက်သည်။
“လက်ဆောင် ပို့လိုက်တာပေါ့။ လက်ထောက် ကျောင်းအုပ်က ငါ့ရဲ့ ယောက်ဖ အဖေရဲ့ ရဲဘော်လေ။ ပြီးတော့ ငါ့ရဲ့ ယောက်ဖက သူ့ကို နိုင်ငံခြားငွေ လဲလှယ်တာနဲ့ ငွေတိုက်စာချုပ် လဲလှယ်ရာမှာ ကူပေးခဲ့တာ။ ငါ့ယောက်ဖက သူ့ဆီကို စီကရက်ဘူးတွေနဲ့ အရက်ပုလင်းတွေလည်း ပို့သေးတယ်။ ဘာပဲ ဖြစ်ဖြစ် နင်နဲ့ ငါက မြို့တော်မှာ ရှိတဲ့ အကောင်းဆုံး အထက်တန်းကျောင်းမှာ တက်ရမှာ။”
ဖုန်းယွီက အကျိုးသင့် အကြောင်းသင့် ပြောပြလိုက်သည်။
“နင်က ကျောင်းအုပ်ကို လက်ဆောင် ပေးလိုက်တာလား။ နင်ဘယ်လို လုပ်လိုက်တာလဲ”
လီနက စိတ်တိုတိုဖြင့် ပြောလိုက်သည်။ အထက်တန်းကျောင်း ဝင်ခွင့်သည် တစ်ဦး တစ်ယောက်ချင်းဆီ၏ ရလဒ်အပေါ် မူတည်သင့်သည်။ လက်ဆောင်ကြောင့် ဖြစ်ပါက မျှတတော့မည် မဟုတ်။
ဖုန်းယွီသည် လီနကို ကြည့်နေသည်။ ယနေ့တွင် သူမသည် ရိုးရှင်းသည့် အဝါ ဖျော့ဖျော့ နှင့် အစွန်းတွင် ကြာဖြူပန်း ထိုးထားသည်။ လေညှင်း တိုက်သည့် အခါ ပန်းလေးများက ယိမ်းထိုးနေကြသည်။
ဖုန်းယွီသည် လီနကို ဂရုတစိုက်ဖြင့် ကြည့်သဖြင့် လီနက ရှက်ကိုးရှက်ကန်းဖြင့် အောက်ငုံ့တော့သည်။ သူမ၏ အတွင်းစိတ်တွင် ရှုပ်ထွေးသည့် ခံစားချက်များကို ခံစားနေရသည်။ သူမသည် စိတ်လှုပ်ရှား၊ ရှက်ရွံ့ပြီး ပျော်ရွှင်နေသည့် ခံစားချက်မျိုး ခံစားနေရသည်။ အတူတကွ ပေါင်းပြီး ခံစားနေရတာ ဖြစ်သည်။
လီနသည် ဖုန်းယွီကို သူမကို မကြည့်ရင် တောင်းဆိုလိုက်သည့် အခါ ဖုန်းယွီက ပြောလိုက်သည်။
“ငါ နင့်ကို စနေတာ။ ငါ့အစ်မက လက်တောင် မထပ်ရသေးဘူး။ ဘယ်လိုလုပ် ယောက်ဖ ရှိမှာလဲ။ အဲ့ဒါအပြင် ငါတို့ရဲ့ ရလဒ်တွေအရဆို မြို့တော်မှာ ရှိတဲ့ အကောင်းဆုံး အထက်တန်းကျောင်းကို တက်ခွင့် ရနိုင်ပါတယ်။”
လီနသည် ဖုန်းယွီကို ခက်ထန်ထန်ဖြင့် ကြည့်လိုက်ပြီး သူ့ကို လက်သီး တစ်ချက် ထိုးလိုက်သည်။ လီနက ပြုံးကာ ပြောလိုက်သည်။
“ဆေးရုံနဲ့ ကပ်လျက် ရေကန်ထဲမှာ ကြာပန်းတွေက ပွင့်လိမ့်မယ်။ နွေရာသီတိုင်း ငါ အဲ့ဒီကို သွားနေကြ။ အရမ်းလှတာပဲ။ နင် အဲ့ဒီကိုသွားခဲ့ပြီး ကိုယ်တိုင် သွားကြည့်လိုက်။ နောက်ပြီး မနေ့က ငါ့အိမ်က ပြတင်းပေါက်ခုံမှာ လိပ်ပြာ အကြီးကြီး တစ်ကောင် နားသွားသေးတယ်။”
လီနသည် သူမကို ပျော်ရွှင်အောင်ဖန်တီးပေးသည့် အရာများအကြောင်းကို ပြောနေသည်။ ဖုန်းယွီသည် လီန၏ လက် လှမ်းကိုင်ရန် ကြိုးပမ်းလိုက်သောအခါ စိတ်တိုစရာကောင်းသည့် ဝမ်တုန့်ကျွမ်းက ပြေးလာကာ
“ရှောင်ယွီ၊ ဦးလေးဖုန်းက ငါတို့ကို လာကြိုနေပြီ။ သူက ကျောင်းအိပ်ဆောင်ရဲ့ အပြင်ဖက်မှာ ငါတို့ကို စောင့်နေတယ်။”
လီနသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကာ
“ဖုန်းယွီ။ ငါ အိမ်ပြန်တော့မယ်။ နောက်ကျ ထပ်တွေ့ကြမယ်။”
ဖုန်းယွီသည် ဖြန့်ထားသော လက်ကို လေထဲတွင်သာ ပြန်သိမ်းလိုက်ရပြီး သူသည် ဝမ်တုန့်ကျွမ်းကို ကြောက်စရာကောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
‘မင်း ဘာကြောင့် တစ်မိနစ်လောက် နောက်ကျပြီး မလာရတာလဲ’
လီနသည် စာသင်ခန်းကို ပြန်သွားပြီး သူမ၏ အိတ်ကို ယူကာ ကျောင်းပြင်ကို ပြေးထွက်သွားတော့သည်။ ခပ်ဝေးဝေးတွင် သူမသည် ဖုန်းယွီကို သူ၏ အထုတ်အပိုးနှင့်အတူ ထွန်စက်လှည်းထဲတွင် မြင့်လိုက်ရသည်။ သူမသည် ဖုန်းယွီကို လက်ပြပြီးနောက် သူမ အိမ်ကို ဦးတည်လိုက်တော့သည်။
FY အခန်း ၂၇
? Views, Released on July 9, 2023
အံ့မခန်းပါရမီရှင် ဖုန်းယွီ
Extraordinary Genius, Chāo pǐn qícái, 超品奇才
Status: Ongoing Type: Web Novel Author: Qióng sì, 穷四 Artist: Swae Nyoe Sarsin, Thar Thu Hein Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။