အခန်း၃၀ ဟန်ကျိယု ထွက်ပေါ်လာခြင်း
“ဒါပေမဲ့…”
ကျွန်တော် တုံ့ဆိုင်းသွားသည့်အချိန်တွင် လျိုရင်းက ကျွန်တော်အား ကြည့်ကာ ပြောလိုက်သည်။
“ချောင်ရွှေ့ကို ငါသတ်မယ်။ နင် သတ္တိမရှိဘူးဆိုတာ ငါသိတယ်။”
“အဲဒါလည်း အဆင်ပြေပါတယ်။”
ကျွန်တော် ပြုံးပြီးပြောလိုက်သည်။ အမှန်အတိုင်းပြောရရင် ကျွန်တော် သတ်ဖို့လည်း သတ္တိမရှိပေ။ ကျွန်တော် ကျောက်ချန်းချန်းကို သတ်ခဲ့သော်ငြား သူမကို သတ်ခဲ့သည်က ကျွန်တော်ကိုယ်တိုင် မဟုတ်ဘဲ တံခါးစောင့်က သူမကို သတ်ခဲ့တာဖြစ်သည်။
“ဒီလိုဆိုတော့ ငါတို့ အဲ့အကြောင်းကို ဆွေးနွေးရအောင်။ နင် ချောင်ရွှေ့ကို မျှားထုတ်လာခဲ့။ ပြီးတော့ ငါ သူ့ကို တိုက်ခိုက်မယ်။”
လျိုရင်းက ပြောလိုက်သည်။
“ကောင်းပြီလေ။”
ကျွန်တော် မော့ကျင်းယွီကိုကြည့်ပြီးပြောလိုက်သည်။
“ကောင်းပြီ။”
လျိုရင်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
သူမ၏ နောက်ကျောကို ကြည့်ရင်း မော့ကျင်းယွီက ပြောလိုက်သည်။
“သူမက ယုံကြည်ရလို့လား။”
“ငါလည်း မသိပေမဲ့ တစ်ခေါက်လောက် ကြိုးစားကြည့်ကြတာပေါ့။”
ကျွန်တော် လျိုရင်း၏ နောက်ကျောကို ကြည့်ပြီးနောက်ပြောလိုက်သည်။
“တကယ်လို့ သူ ငါတို့ကို လိမ်ပြီး ခေါ်သွားရင် ငါတို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူးလား။”
မော့ကျင်းယွီက ပြောလိုက်သည်။
“ဒါက… မသိတော့ဘူးဟာ အဲ့အကြောင်းကို ဆက်မပြောချင်တော့ဘူး။”
ကျွန်တော် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
ဒီလိုနဲ့ နေ့လည်သို့ ရောက်လာခဲ့သည်။ နေ့လည်ခင်းတွင် အတန်းထဲရှိလေထုက ရုတ်တရက် တင်းမာနေသည်။ အထူးသဖြင့် ချောင်ရွှေ့တို့ကြောင့် ဖြစ်နိုင်သည်။ သူတို့က အလွန်စိုးရိမ်နေပုံပေါ်သည်။ သူတို့ဘာကို စိုးရိမ်နေမှန်းတော့ ကျွန်တော် မသိပေ။
လူသတ်ဂိမ်းပြီးဆုံးကာနီးအချိန်သို့ တဖြေးဖြေးချင်းနီးကပ်လာပြီဖြစ်သည်။ ကျွန်တော် အပါအဝင် လူခုနစ်ယောက်က အတွေးထဲတွင် နစ်မျောနေကြသည်။ ဂိမ်းကို အဆုံးသတ်နိုင်ရန်အတွက် နည်းလမ်းတစ်ခုသာရှိပြီး ထိုနည်းလမ်းက လူသတ်ရန်ဖြစ်သည်။
ဒီအချိန်တွင် ကျွန်တော် မတ်တပ်ရပ်လိုက်ပြီးနောက် မော့ကျင်းယွီ၏လက်ကိုဆွဲကာ အတန်းထဲမှ ထွက်လာသည်။ ကျွန်တော်တို့ ထွက်သွားတော့မည့်အချိန်တွင် ကျွန်တော် လျိုရင်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
ကျွန်တော် ထွက်လာသည့်အချိန်တွင် ချောင်ရွှေ့က လိုက်လာသည်။ ချောင်ရွှေ့တင်မကဘဲ ရဲ့လင်းယွမ်နှင့် လီဒဲတို့ပါ လိုက်လာကြသည်။ ကြည့်ရတာ သူတို့ အဆင်သင့်ဖြစ်နေသည့်ပုံပင်။
ဒီအချိန်တွင် ကျွန်တော် ဘာကိုမှ ဖုံးကွယ်မနေတော့ပေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော် ရလာဒ်က ထွက်လာပြီဆိုသည်ကို သိသောကြောင့်ဖြစ်သည်။
ကျွန်တော် မော့ကျင်းယွီကိုခေါ်ကာ ကျောင်းထဲရှိ လူပြတ်သည့်နေရာသို့ ခေါ်လာသည်။ ဒီနေရာက မိန်းကလေးအဆောင်၏ အနောက်မှာရှိတာဖြစ်သည်။ ဒီနေရာက ကျောင်းက လမ်းပိတ်တစ်ခုဖြစ်ပြီး မည်သူမှ ဒီနေရာသို့ မလာကြပေ။
ကျွန်တော် ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည့်အချိန်တွင် ချောင်ရွှေ့က ရဲ့လင်းယွမ်တို့ကို ခေါ်လာသည်ကို တွေ့လိုက်ရသည်။
“အကုန်လုံး ဒီမှာရောက်လာပြီဆိုတော့ အဲ့အကြောင်းကို ဆွေးနွေးဖို့ အချိန်ကျပြီ။”
ကျွန်တော် သူတို့အားကြည့်ကာပြောလိုက်သည်။
“ဘာဆွေးနွေးစရာရှိလို့လဲ။ ဒီလူသတ်ဂိမ်းက အဆုံးမှာ လူနှစ်ယောက်သတ်ဖို့ပဲ။ တစ်ယောက်သတ်ဖို့လိုသေးတယ်။ အဲဒါ မော့ကျင်းယွီပဲ။”
ချောင်ရွှေ့ကပြောလိုက်သည်။
မော့ကျင်းယွီက ချောင်ရွှေ့ကို ကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့်ပြောလိုက်သည်။
“ချောင်ရွှေ့ နင်နဲ့ငါနဲ့ ဘာရန်ငြိုးရှိလို့ နင်ငါ့ကို သတ်ချင်နေတာလဲ။ ငါ နင့်ကို ငြင်းခဲ့လို့လား။”
“ဟားဟား။ ဟုတ်တယ်။ နင် ငါ့ကို ငြင်းခဲ့လို့ပဲ။”
ချောင်ရွှေ့က ကျွန်တော့်အား ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“ဒါ အဆင်ပြေပါတယ်။ နင်ငါ့ရင်ခွင်ထဲကို လာလိုက်ရုံပဲ။ ဒါဆိုရင် ငါနင့်ကို လွှတ်ပေးမယ်။”
“ဘယ်သူက နင့်ကို ယုံမှာလဲ။”
မော့ကျင်းယွီက ရွံရှာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“အတိုချုံးပြောရမယ်ဆိုရင် နင်နဲ့ ချန်ဖန်းနှစ်ယောက်ထဲက တစ်ယောက်သေရမယ်။”
ချောင်ရွှေ့ကပြောပြီးသည်နှင့် ဓားမြှောင်ကိုထုတ်လိုက်သည်။
ရဲ့လင်းယွမ်နှင့် လီဒဲတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့ကိုကြည့်ပြီးနောက် ကျွန်တော်ပြောလိုက်သည်။
“ငါတို့ အချင်းချင်းသတ်စရာလိုလို့လား။”
“ငါတို့လဲ မတတ်နိုင်ဘူး။ ငါတို့ထဲက တစ်ယောက်က ဂိမ်းမပြီးခင်မှာ စတေးခံရမှာ။”
ရဲ့လင်းယွမ်က ပြောပြီးသည်နှင့် သူ့လက်ထဲမှ စတီးပိုက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီးနောက် ကျွန်တော့်ကိုကြည့်လိုက်သည်။ ပိုပြီး အံ့အားသင့်စရာကောင်းသည်က ယင်းရန်ကလည်း ထိုနည်းပင်။
“ယင်းရန် နင်ကလည်း နစ်နာသူပဲကို ဘာလို့ သူ့ကို ကူညီနေတာလဲ။ ချောင်ရွှေ့ နင့်ကို ဘာလုပ်ခဲ့လဲဆိုတာကို နင်မေ့သွားပြီလား။”
ကျွန်တော် ယင်းရန်ကိုကြည့်ပြီးနောက် အော်ပြောလိုက်သည်။
ယင်းရန်က ကျွန်တော့်အားကြည့်ကာပြောလိုက်သည်။
“ချောင်ရွှေ့က ငါ့ကို ဘာမှမလုပ်ပါဘူး။”
“ဘာ။”
ကျွန်တော် ဒါကို မမျှော်လင့်ထားပေ။ ဒါက ဒီလိုဖြစ်နေမှန်း ကျွန်တော် ထင်မထားပေ။ လျိုရင်းက ကျွန်တော့်အား လိမ်နေသည်လား။ ကျွန်တော် ဒါကို တွေးရင်း စိုးရိမ်သွားသည်။
“စကားနည်းနည်းပဲပြော။ သူ့ကို ချက်ချင်းသတ်။ ဒါမှ ငါတို့ အသက်ရှင်မှာ။”
ရဲ့လင်းယွမ်က ပြောလိုက်သော်ငြား သူမ၏လက်များက အနည်းငယ်တုန်ရင်နေပြီး သူမ ဘာမှမလုပ်ရဲပေ။
ချောင်ရွှေ့နှင့် လီဒဲကမူ တူညီသည့် တုန့်ပြန်မှုရှိသည်။ ဒါကိုမြင်သည့်အချိန်တွင် ကျွန်တော့်ရင်ထဲရှိ သံသယက ပို၍ပင် ကြီးမားလာပြီး ကျွန်တော် တစ်ခုခုကို တွေးမိကာ မော့ကျင်းယွီကို ဆွဲကာ ပြေးတော့သည်။
ကျွန်တော်တို့နှစ်ယောက်ပြေးသည်ကို မြင်သောအခါ ချောင်ရွှေ့က အမြန်လိုက်ဖမ်းသော်ငြား ကျွန်တော် တို့ အမြန်ပြေးသောကြောင့် သူ လိုက်မမှီပေ။ မျက်စိတစ်မှိတ်အတွင်း ကျွန်တော်နှင့် မော့ကျင်းယွီတို့ ကစားကွင်းသို့ ရောက်လာခဲ့ပြီး ကျောင်းသားများကြား ဝင်ရောလိုက်ကြသည်။
ဒီအချိန်တွင် ချောင်ရွှေ့က ဘာလုပ်လို့လုပ်ရမှန်း မသိပေ။ ဘာဖြစ်နေမှန်း ကျွန်တော် ခန့်မှန်းမိပြီဖြစ်သည်။ ကျွန်တော် မော့ကျင်းယွီကို ကြည့်ကာပြောလိုက်သည်။
“ကြည့်ရတာ ငါတို့ အကုန်လုံး လျိုရင်း လိမ်တာ ခံလိုက်ရတဲ့ပုံပဲ။ လျိုရင်းက ဟယ်ဝမ်ကို သတ်ခဲ့တာ။ ငါတို့အကုန်လုံးက သူမရဲ့ကစားစရာတွေပဲ။”
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
မော့ကျင်းယွီက ကြောက်လန့်တကြားဖြင့်ပြောလိုက်သည်။
“အမြန်ပြေး။ တကယ်လို့ ငါ ခန့်မှန်းတာမှန်ရင် သူမ မကြာခင်မှာ စတော့မှာ။”
ကျွန်တော် သူမ လက်ကိုဆွဲကာ အမြန်ပြေးတော့သည်။
ကျွန်တော် သူမကို ခေါ်ကာ ဆရာ/မ အဆောင်ထဲသို့ ဝင်ပြေးတော့သည်။ ပြီးနောက် ကျွန်တော် သူမကိုပြောလိုက်သည်။
“အခု ငါတို့ လုပ်ရမှာက စောင့်ဖို့ပဲ။ ဒီလူသတ်ဂိမ်းက ပြီးတော့မှာ။”
ကျွန်တော် ပြောပြီးသည်နှင့် တံခါးစောင့်၏အသံက ထွက်ပေါ်လာသည်။
“ဟယ်ဝမ်သေပြီ။ ချောင်ရွှေ့သေပြီ။ လူသေရမယ့်အရေအတွက် ပြည့်သွားပြီ။ လူသတ်ဂိမ်းပြီးပြီ။”
ဖုန်းကိုကြည့်ပြီးနောက် မော့ကျင်းယွီက သက်ပြင်းချကာပြောလိုက်သည်။
“နင် ဘယ်လိုသိတာလဲ။”
“ငါ အခုလေးတင် သံသယရှိနေတာ။”
ကျွန်တော် မော့ကျင်းယွီကိုကြည့်ကာပြောလိုက်သည်။
“ချောင်ရွှေ့နဲ့ တခြားသူတွေက လူမသတ်ရဲကြဘူး။ မဟုတ်ရင် သူတို့က ငါတို့ကို သတ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။”
“ဒါပေမဲ့ ဟယ်ဝမ်သေတာက တစ်ချက်တည်းနဲ့ အပိုင်းခံလိုက်ရတာ။ သူမရဲ့ ဒဏ်ရာကိုကြည့်ရတာ လူသတ်သမားက သွေးအေးပြီး ရက်စက်တဲ့သူပဲ။ ပြီးတော့ အဲဒါ လျိုရင်းဆိုတာသိသာတယ်။ ဘာလို့လဲဆိုတော့ သူမက ငါတို့ကို လိမ်ခဲ့တယ်လေ။ ဒီတော့ လျိုရင်းက လူသတ်သမားပဲလို့ ငါ ကောက်ချက်ချခဲ့တာ။”
“ဒါပေမဲ့ သူမက ကောင်မလေးတစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီး သူမက အဲ့လောက် အားရှိမှာလဲ။”
မော့ကျင်းယွီကပြောလိုက်သည်။
“ဒါတော့ ငါလည်း မသိဘူး။ သူမက ငါတို့ကို အချင်းချင်းသတ်ခိုင်းတာ သိသာပေမဲ့ ငါတို့ ပြေးလာခဲ့တော့ သူမက သူမဘာသာ လုပ်ခဲ့တာနေမှာ။”
ကျွန်တော် သက်ပြင်းချလိုက်သည်။
“အင်း ဒီလျိုရင်းက တကယ်ထူးခြားတာပဲ။”
ကျွန်တော်တို့ ကစားကွင်းတို့ ပြန်လာသည့်အချိန်တွင် ချောင်ရွှေ့၏ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ သူ၏ အလောင်းက မြေပြင်ပေါ်တွင် ကျနေပြီး သူ့လည်ပင်းက အလှီးခံထားရပြီး သူ့မျက်နှာကို ကြည့်ရခြင်းဖြင့် သူ မပြင်ဆင်ထားသည့်ပုံပင်။
“ချက်ချင်းသေသွားတာ။”
ကျွန်တော် အလောင်းကိုကြည့်ကာပြောလိုက်သည်။
မော့ကျင်းယွီက ကြောက်ရွံ့စွာဖြင့် ကျွန်တော့် နောက်တွင် ပုန်းနေပြီး ထွက်မလာရဲပေ။ ကျွန်တော် သူမ ခေါင်းကို သာသာလေးပုတ်ပေးပြီးနောက် ကျွန်တော်တို့ အခန်းထဲသို့ ပြန်လာကြသည်။
ကျွန်တော်တို့ ပြန်ရောက်လာသည့်အချိန်တွင် ရဲ့လင်းယွမ်က အမြန်ပင် ထွက်လာပြီးနောက် ကျွန်တော့်ကိုကြည့်ကာ ကြောက်လန့်တကြားဖြင့် အော်ပြောလိုက်သည်။
“နင်ချောင်ရွှေ့ကို သတ်လိုက်တာမလား။”
သူမ၏ ကြောက်ရွံ့နေသည့်မျက်နှာကိုကြည့်လိုက်ပြီးနောက် ကျွန်တော် ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။
“ချောင်ရွှေ့သေတာက ငါနဲ့ ဘာမှမဆိုင်ဘူး။”
“သေချာပေါက်နင်ပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ ချောင်ရွှေ့က ပျောက်သွားတာ။”
ရဲ့လင်းယွမ်ကအော်ပြောလိုက်သည်။
ကျွန်တော် သူ့အား တည်ငြိမ်စွာဖြင့်ကြည့်လိုက်ပြီးနောက် ကျွန်တော့် ထိုင်ခုံဆီသို့ ပြန်လာလိုက်သည်။ ကျွန်တော် လျှောက်လာစဉ် လျိုရင်းကို တိုးတိုးပြောလိုက်သည်။
“ရှေ့မှာပိတ်နေတဲ့အရာတွေကို ကူရှင်းပေးလို့ ကျေးဇူးပါ။”
လျိုရင်းက ကျွန်တော့်အားကြည့်ပြီးနောက် ဘာမှမပြောပေ။
ကျွန်တော့်နေရာသို့ ပြန်လာပြီးနောက် ကျောက်ဖန်းယွီက ပြောလိုက်သည်။
“ကျန်းဖန် မင်းက အရမ်းအားကောင်းတာပဲ။”
“အဲဒါ ဘာမှမဟုတ်ပါဘူး။”
ကျွန်တော် တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။ အကုန်လုံးက ချောင်ရွှေ့ကို ကျွန်တော် သတ်လိုက်သည်ဟု ထင်နေကြတာဖြစ်သည်။ တကယ်တမ်းတော့ ကျွန်တော် သတ်တာမဟုတ်ပေ။
လီယုထျန်းက မတ်တပ်ရပ်လိုက်ပြီးနောက် အကုန်လုံးအား စိတ်အေးအေးထားဖို့ ပြောသည်။ ပြီးနောက် သူက ကျွန်တော်တို့အားကြည့်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“ဒီလိုဆက်သွားလို့ မဖြစ်တော့ဘူး။ ငါတို့အတန်းထဲက နောက်ထပ်နှစ်ယောက်သေသွားပြီ။ ငါတို့ ဟန်ကျိယုကို သတ်မှဖြစ်မယ်။”
“ဟုတ်တယ်။ ငါတို့ နည်းလမ်းတစ်ခုခုရှာမှဖြစ်မယ်။”
“ဒါပေမဲ့ ဟန်ကျိယုက ထွက်မလာသေးဘူး။ ငါတို့ ဘာလုပ်သင့်လဲ။”
“ဟုတ်တယ်။ သူမ ငါတို့ကို ကြောက်တာဖြစ်နိုင်တယ်။”
အကုန်လုံးက ဆွေးနွေးနေစဉ် လီယုထျန်းက အော်ပြောလိုက်သည်။
“ငါတို့ ဟန်ကျိယုကိုထွက်လာစေမယ့် နည်းလမ်းတစ်ခုရှာရမယ်။ ငါတို့ သူမ ငါတို့ကို ထပ်ဒုက္ခပေးခွင့် မပေးရဘူး။”
ဟန်ကျိယုကို မည်သို့ မျှားခေါ်ရမည်နည်း ဆိုသည်က နောက်ထပ်မေးခွန်းတစ်ခုဖြစ်သည်။
လီယုထျန်းက ခဏလောက်တွေးပြီးနောက် ကျွန်တော်တို့အားကြည့်လိုက်သည်။
သူ့ကိုကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့်ပြောလိုက်သည်။
“ငါတို့ ဟန်ကျိယုရဲ့ နေ့စဉ်အသုံးအဆောင် ပစ္စည်းတွေကို မီးရှို့ရင်ရော။ ဒီလိုဆိုရင် သူမ ထွက်လာလောက်တယ်။”
“ဒါကလည်း နည်းလမ်းကောင်းပဲ။”
လီယုထျန်းက ခေါင်းညိတ်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
“ငါ့တာဝန်ထားလိုက်။”
ခဏကြာပြီးနောက် လီယုထျန်းက ဟန်ကျိယု၏ အသုံးအဆောင်များ ရလာခဲ့သည်။ ထိုအရာများကို သူ ဟန်ကျိယု၏ အိမ်မှရလာခဲ့ခြင်းဖြစ်သည်။ သူ ဤအရာများအတွက် ပိုက်ဆံအတော်များများသုံးခဲ့တာဖြစ်သည်။
ဒီပစ္စည်းများကို အတန်းထဲယူလာပြီးနောက် လီယုထျန်းက မီးမွှေးလိုက်ပြီးနောက် ထိုပစ္စည်းများကို မီးရှို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ဘေးကို ပတ်ကြည့်လိုက်သည်။
အကုန်လုံးက နွားမျက်ရည် ကွင်းထားကြပြီး သရဲမြင်နိုင်ကြပြီဖြစ်သည်။
ဒီပစ္စည်းများအား တစ်ခုပြီးတစ်ခု မီးရှို့နေသော်ငြား ကျွန်တော်တို့ ဟန်ကျိယုအား မတွေ့ရသေးပေ။ ဒီနည်းလမ်းပ အလုပ်မဖြစ်ဟု တွေးနေစဉ် ပုံရိပ်တစ်ခုက အခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ဒါက ဟန်ကျိယုမှန်း ကျွန်တော် မြင်လိုက်သည်နှင့်သိသည်။ သူမက ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသေးပြီးနောက် သူမ၏ မျက်လုံးများက အပေါက်များဖြစ်နေသည်။ သူမကို မြင်သည့်အချိန်တွင် အတန်းထဲရှိသူများက ကြောက်လန့်သွားကြကာ မည်သူမှ စကားမပြောရဲကြပေ။
ဟန်ကျိယုက အတန်းထဲသို့ ဝင်လာပြီးနောက် မီးပုံကို ကြည့်လိုက်ပြီးနောက် တစ်ခုခုစဉ်းစားနေသည့်ပုံပင်။
“လာစမ်း။”
လီယုထျန်းက အော်လိုက်ပြီးနောက် ရုတ်တရက် မှော်ကတော့ကို ထုတ်လိုက်သည်။ သူ ဘယ်ကနေ သတ္တိရလာမှန်းမသိပေ။ သူ ဟန်ကျိယုအား ထိုးလိုက်တော့သည်။
ဟန်ကျိယုက သူမ ဆီသို့ လီယုထျန်း ပြေးဝင်လာတာကို မမြင်ပေ။ မမျှော်လင့်စွာဖြင့် သူမ ရင်ဘတ်ကို မှော်ကတော့က ထိုးစိုက်သွားသည်။ သူမ စူးစူးဝါးဝါး အော်လိုက်ပြီးနောက် လူတော်တော်များများက နားအူသွားကြသည်။
လီယုထျန်းက ကျူ့မူကတော့ကို ဆွဲလိုက်ပြီးနောက် အော်လိုက်သည်။
“အမြန်သေစမ်း။”
ဟန်ကျိယုက ဆက်လက်အော်နေပြီးနောက် အနက်ရောင်သွေးများက သူမ၏ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။ သူမကို ဤကဲ့သို့မြင်ရသည့်အချိန်တွင် ကျွန်တော့်ရင်ထဲတွင် အနည်းငယ်သနားလာသော်ငြား သူမက တံခါးစောင့်ဆိုသည့် အတွေးက ကျွန်တော့်၏ သနားစိတ်ကို ထိန်းထားခဲ့သည်။
ဟန်ကျိယုက ဆက်အော်နေပြီးနောက် သူမ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာက ပိုပြင်းထန်လာတော့သည်။ အကုန်လုံးက သူမ ဤနေရာတွင် သေတော့မည်ဟုပင် တွေးနေကြသည်။ ရုတ်တရက် သူမက မှော်ကတော့ကို သူမ ခန္ဓာကိုယ်မှ ဆွဲထုတ်လိုက်ပြီးနောက် ပြေးထွက်သွားတော့သည်။
“သူ့ကို မပြေးစေနဲ့။”
လီယုထျန်းက အော်လိုက်ပြီးနောက် လူတော်တော်များများက သူမနောက် ပြေးလိုက်သွားကြသည်။
သို့သော် သူတို့ နောက်ကျသွားပြီဖြစ်သည်။ အတန်းထဲမှ ပြေးထွက်သွားကြသည့်အချိန်တွင် ဟန်ကျိယုက ပျောက်ကွယ်သွားပြီဖြစ်ပြီး သူမ ဘယ်ရောက်သွားမှန်း မည်သူမှမသိပေ။