အခန်း၂၂ သရဲခြောက်တာများလား
ဒါက ကျွန်တော် သရဲကို ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ကျွန်တော့်ရှေ့ရှိ သရဲမက အလွန်ခက်ထန်သည့်ပုံပေါ်သည်။ သူမ၏ အကြည့်များက စူးရှသည်။ သူမရှေ့တွင် ကျွန်တော် သူမအား ပြန်မလွန်ဆန်နိုင်မှန်းသိသည်။ သူမက သာမာန်သရဲဖြစ်ပုံမပေါ်ပေ။ အစွမ်းထက်သည့်သရဲများက ဝတ်ရုံနီများဝတ်သည်ဆိုသည့် အဘိုးကြီးပြောတာကို ကျွန်တော် ကြားဖူးသည်။
သို့သော် သူမ ကျွန်တော့်အား ဟန်ကျိယုကြောင့် ပြန်လွှတ်သည့်အတွက် ကျွန်တော့်ရင်ထဲတွင် မျှော်လင့်ချက် အရိပ်ရောင်များ ဖြတ်သန်းလာသည်။ ဟန်ကျိယုက သူမနှင့် သိလောက်သည်။
ကျွန်တော် စကားပြောတော့မည့်အချိန်တွင် သရဲမက ကျွန်တော့်အား ခက်ထန်စွာဖြင့် အော်ပြောတော့သည်။
“ဟန်ကျိယု သူဘယ်မှာလဲ။ ငါ သူ့ကို သတ်မယ်။”
သူမ၏ စကားများက ကျွန်တော်ပြောတော့မည့်စကားကို ပြန်မျိုချသွားစေခဲ့သည်။
“ငါ ဟန်ကျိယုကိုသိတယ်။ ဒါပေမဲ့ မင်းဘာလို့ သူမကို သတ်ချင်ရတာလဲ။”
ကျွန်တော် မမေးဘဲ မနေနိုင်ခဲ့ပေ။
သရဲမ၏ ဒုတိယစကားက ကျွန်တော့်အား ကြက်သေသေသွားစေသည်။
“သူမက တစ်ရွာလုံးကို သတ်ခဲ့တာ။ ငါ အပါအဝင်ပေါ့။”
သရဲမက ပြောလိုက်သည်။ သူမ၏ အသံထဲတွင် အမုန်းတရားများ ပါဝင်နေသည်။
ဒါကိုကြားသည့်အချိန်တွင် ရုတ်တရက် ကျွန်တော့်ရင်ထဲတွင် အလွန်စိတ်ရှုပ်ထွေးသွားသည်။ ကျွန်တော် သူမအား မေးလိုက်သည်။
“သူမက မင်းကို ဘယ်လိုသတ်ခဲ့တာလဲ။”
သရဲမက ကျွန်တော့်အားကြည့်ကာ အော်ပြောလိုက်သည်။
“သူမက ကျိန်စာကို သယ်လာတာ။ တကယ်လို့ သူ့ကြောင့်သာ မဟုတ်ရင် ရွာထဲက လူတွေက သေမှာမဟုတ်ဘူး။”
သရဲမ၏ လေသံက ပို၍ မာကျောလာသည်။
ကျွန်တော် စိတ်လွတ်နေသည့် သရဲမအား ကြည့်ရင်း ကျွန်တော့်ရင်ထဲရှိ အကြောက်တရားကို အံတုကာ မေးလိုက်သည်။
“ဒီတော့ ကျိန်စာက သူမနဲ့ဆိုင်တာပေါ့။”
“ဒါပေါ့။ သူမ ကိုယ်တိုင်က ကျိန်စာပဲ။ သူမက ငါတို့ကို သတ်ခဲ့တာ။”
ပြောနေရင်း ထိုသရဲမ၏ မျက်နှာက ပို၍တောင် ဆိုးရွားလာသည်။
ဒါကို ကြားသည့်အချိန်တွင် ကျွန်တော် အမြန်ပင်မေးလိုက်သည်။
“အဲ့ကျိန်စာက တံခါးစောင့်လား။”
ကျွန်တော် ဒါကို ပြောလိုက်သည့်အချိန်တွင် သရဲမ၏ မျက်နှာက ပို၍ကြောက်စရာကောင်းလာသော်ငြား သူမက ကျယ်လောင်စွာ ရယ်ပြီးပြောလိုက်သည်။
“ဟုတ်တယ်။ သူမက တံခါးစောင့်ပဲ။”
ဒါကိုကြားသည့်အချိန်တွင် ကျွန်တော် ချက်ချင်းပင် အော်ပြောလိုက်သည်။
“တကယ်လို့ မင်း သူမကို ရှာချင်ရင် အထက်တန်းကျောင်းရဲ့ အခန်း၃ကို သွားလိုက်ရုံပဲ။ သူမ ငါတို့ အတန်းထဲမှာရှိတယ်။”
ဒါကိုပြောပြီးနောက် သရဲမက ခဏလောက်တွေးနေသည်။ ဒီအချိန်တွင် ကျွန်တော် အပြင်သို့သာ ထွက်သွားချင်ခဲ့သည်။
သို့သော် ဒီအချိန်တွင် ထိုသရဲမက ကျွန်တော့် ပခုံးကို ထပ်ဆွဲလိုက်သည်။ ပြီးနောက် ကျွန်တော့်အား ခက်ထန်စွာဖြင့် ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ငါ ဒီရွာကနေ ထွက်သွားလို့မရဘူး။”
“အဲ့လိုလား။ အဲဒါတော်တော်ဆိုးတာပဲ။”
ကျွန်တော် သူမအား စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။
“ဒီတော့ နင် ဟန်ကျိယုကို သတ်ဖို့အတွက် ငါ့ကို ကူမှာလား။”
သရဲမက မေးသည်။
“ငါ မင်းကို သေချာပေါက် ကူညီပေးမှာပါ။”
ကျွန်တော် အမြန်ပင်ပြောလိုက်သည်။
“ကောင်းပြီ။ ဒါပေမဲ့ နင် ငါ့ကို လိမ်ရင် ငါ သေချာပေါက် နင့်ကို အလောင်းပါ မကျန်အောင် လုပ်ပစ်မယ်ဆိုတာကို မှတ်ထား။”
သရဲမက ကျွန်တော့်အားပြောသည်။
“ဒါပေါ့ ဒါပေါ့။”
ကျွန်တော် အမြန်ပင် အော်ပြောလိုက်သည်။
ပြီးနောက် ထိုသရဲမက ကျွန်တော့်အား အေးစက်သည့်အကြည့်ဖြင့် ကြည့်ပြီးနောက် သူမ လက်ကိုလွှတ်လိုက်သည်။ ကျွန်တော် တံခါးဆီသို့ အမြန်ပြေးသွားခဲ့သည်။
တံခါးဆီသို့ အမြန်ပြေးသွားပြီးနောက် ကျွန်တော် ဘယ်သို့ သွားရမှန်း မသိဖြစ်နေသည်။ ပြီးနောက် ကျွန်တော် ကျောက်ဖန်းယွီတို့အား သတိရပြီး သူတို့ နာမည်များကို အော်ခေါ်လိုက်သည်။
တဖြည်းဖြည်း မှောင်လာပြီးနောက် တစ်ရွာလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားပြီဖြစ်သည်။
အမှောင်ထုထဲတွင် တစ်ခုခုဖြစ်တော့မည့်ပုံပင်။
ကျွန်တော် သူတို့ နာမည်များအား အော်ခေါ်နေပြီး ကြောက်လန့်တကြားဖြင့် ဘေးကို ကြည့်လိုက်သည်။ တစ်ရွာလုံးကို အမှောင်ထုက ဖုံးလွှမ်းနေသည်။
လေပြေက ကျွန်တော့်အား အလွန်အေးသည်ဟု ခံစားရစေသည်။
ကျွန်တော် ဖုန်းဖွင့်လိုက်ပြီးနောက် အမြန်ပင် ကျောက်ဖန်းယွီကို ခေါ်လိုက်သည်။ ဖုန်းဝင်သွားသည့်အချိန်တွင် ကျောက်ဖန်းယွီက အမြန်ပင် အော်ပြောလာသည်။
“မင်း သရဲလား။”
“-ီးကို သရဲပါ့လား။ သေကာနီး ကပ်သီးလေး လွတ်လာတာကွ။”
ကျွန်တော် ဒေါသတကြီး အော်ပြောလိုက်သည်။
“ဒါဆို တော်ပါသေးရဲ့။”
ကျောက်ဖန်းယွီက သက်ပြင်းချလိုက်သည်။
“မင်းတို့ ဘယ်မှာလဲ။ ငါ မင်းတို့ကို ရှာလို့ကို မတွေ့ဘူး။”
ကျွန်တော် မမေးဘဲ မနေနိုင်ခဲ့ပေ။
“မင်း သေသွားပြီထင်လို့ ငါတို့ ရွာထဲကနေ ထွက်လာကြတာ။”
ကျောက်ဖန်းယွီက ပြောသည်။
“ချီးပဲ။ ငါ့မှာတော့ သရဲမနဲ့ နှစ်ပါးသွားနေရတာ။ မင်းတို့ကတော့ ရွာထဲကနေ အေးဆေးထွက်သွားကြတယ်ပေါ့။”
ကျွန်တော် သူ့အားအော်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်ပြီး ရွာထဲမှ ထွက်လာရန် ကြံလိုက်သည်။
သို့သော် ကျွန်တော် မည်မျှပင် သွားနေကာမူ ရွာထဲမှ ထွက်မသွားနိုင်ဖြစ်နေသည်။ အကြိမ်ရေအနည်းငယ် သွားပြီးသော်ငြား ကျွန်တော် ဤအိမ်ရှေ့သို့သာ ပြန်ရောက်လာသည်။
ဒီတစ်ထပ်အိမ်က တစ်ရွာလုံး၏ အလယ်တွင် ရှိနေတာဖြစ်သည်။
ကျွန်တော် ထိုအိမ်ရှေ့တွင် ရပ်နေပြီး ကျွန်တော့်မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုက ရှိနေသည်။
ကျွန်တော် သရဲ အခြောက်ခံနေရသည်လား။
ဤအခြေအနေနှင့် ကြုံလျှင် ပုံမှန်ဆို ကျွန်တော် အလွန်လန့်သွားမှာဖြစ်သည်။ သို့သော် ကျွန်တော် ကျွန်တော့်၏ အတွင်းစိတ်မှ အကြောက်တရားကို အတင်းဖိနှိပ်ကာ ရှေ့သို့သာ ဆက်၍ သွားနေသည်။ သွားနေစဉ် လမ်းတစ်ဝက်သို့ ရောက်သည့်အချိန်တွင် ရုတ်တရက် အနောက်မှ ကျွန်တော့်နာမည်ကို ခေါ်လိုက်သည့်အသံကို ကျွန်တော် ကြားလိုက်ရသည်။
သို့သော် ဒီတစ်ချိန်တွင် ကျွန်တော် လှည့်မကြည့်ရဲတော့ဘဲ ဆက်၍ပဲ သွားနေခဲ့သည်။ ကျွန်တော် ဆက်၍ သွားနေစဉ် အသံက တဖြည်းဖြည်းကျယ်လာပြီး နီးကပ်လာသည့်ပုံပေါ်မည်မှန်း ဘယ်သူသိမည်နည်း။
“ကျန်းဖန် သားကြီး။”
ကျွန်တော့်နောက်မှ အက်ကွဲနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ကျွန်တော် နောက်သို့ လှည့်ကြည့်ချင်သော်ငြား ရုတ်တရက် အဖေ ကျွန်တော့်အား ပြောပြခဲ့ဖူးသည့်အရာကို ရုတ်တရက် သတိရသွားသည်။ အကယ်၍ ညအချိန်တွင် ကျွန်တော်လမ်းလျှောက်နေစဉ် အနောက်မှ နာမည်ကို ခေါ်လျှင် သို့မဟုတ် ကျွန်တော့်၏ ပခုံးကို လာပုတ်လျှင် ပြန်လှည့်မကြည့်သင့်ကြောင်း အဖေကျွန်တော့်အားပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများက မသန့်ရှင်းသည့်အရာများဖြစ်သောကြောင့်ဖြစ်သည်။
ကျွန်တော် နောက်သို့ လှည့်မကြည့်သ၍ မသန့်ရှင်းသည့် အရာများက ကျွန်တော့်ကို ဒုက္ခပေးနိုင်မှာမဟုတ်ပေ။ သို့သော် ကျွန်တော် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်မိသည်နှင့် ကျွန်တော် သေမှာဖြစ်သည်။
ဒါကို တွေးရင်း ကျွန်တော် ရင်ထဲမှ အကြောက်တရားကို တွန်းလှန်ကာ အနောက်သို့ လှည့်မကြည့်ခဲ့ပေ။ တစ်ချိန်တည်းမှာပဲ ကျွန်တော် ရှေ့သို့ ဆက်၍ လျှောက်လာသည်။
ထိုအသံများက ကျွန်တော့်နောက်သို့ ဆက်လိုက်လာပြီး ကျွန်တော့်နာမည်ကို ဆက်လက် အော်ခေါ်နေကြသည်။ အသံများက တဖြည်းဖြည်းထူးဆန်းလာသည်။
အစက အဘိုးအိုတစ်ယောက်၏ အသံဖြစ်ပြီးနောက် အမျိုးသမီးတစ်ယောက်၏အသံ။ ပြီးနောက် ကောင်လေးတစ်ယောက်၏ အသံဖြစ်လာသည်။
ပြောရလျှင် ကျွန်တော့်နောက်ရှိ အသံများက တဖြည်းဖြည်းထူးဆန်းလာပြီး ကျွန်တော့်အား ချောက်ခြားစေခဲ့သည်။
သို့သော် ကျွန်တော် နောက်သို့ လှည့်မကြည့်ခဲ့ပေ။
အချိန်မည်မျှကြာသွားပြီမသိ။ ရုတ်တရက် ကျွန်တော့်ရှေ့ရှိ အမှောင်ထုက ပျောက်ကွယ်သွားသည်။ ကျွန်တော် ရွာထဲမှ ထွက်လာပြီးနောက် ရွာပြင်ရှိ အဝေးပြေးလမ်းမကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ပြီးနောက် ကျွန်တော့်နောက်ရှိ အသံသည်လည်းတဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ဒီအချိန်တွင် ကျွန်တော် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အန္တရာယ်တွင်းထဲမှ ခဏတာ လွတ်မြောက်သွားပြီဖြစ်သည်။
ကျွန်တော် အမြန်ပင် ဖုန်းထုတ်ပြီး ခေါ်ချင်ခဲ့သည်။ သို့သော် ကျွန်တော် ဖုန်းကို ထုတ်နေစဉ် အနောက်မှ တစ်ခုခုကို ခံစားမိလိုက်သည်။
ကျွန်တော် ရုတ်တရက် လန့်သွားပြီး အနောက်သို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသော်ငြား ကျွန်တော် လှည့်ကြည့်လိုက်သည်နှင့် စိတ်ထဲတွင် ထိုသို့ ပြုလုပ်လိုက်မိသည့်အတွက် အလွန်နောင်တရခဲ့သည်။
ကျွန်တော့် ရင်ထဲသို့ လေအေးများ ဝင်လာသလိုပင် ကျွန်တော်ခံစားလိုက်ရသည်။ ထိုလူ့ကို ကျွန်တော် သေချာ မမြင်ရပေ။ သူက အရပ်ရှည်ပြီး ခပ်နွမ်းနွမ်းသိုးမွှေးအင်္ကျီကို ဝတ်ဆင်ထားသည်။ သူ ကျွန်တော့်အားကြည့်သည့် အကြည့်က အေးစက်နေသည်။
သူ ကျွန်တော့်ကို မြင်သည့်အချိန်တွင် သူ့ နှုတ်ခမ်းများက ပင့်တက်သွားသည်။
“နောက်ဆုံးတော့…. မင်း…ကို… တွေ့ရပြီ။”
အဲ့လူက တစ်လုံးချင်းစီ ပြောလိုက်သည်။
ဒီအချိန်တွင် ကျွန်တော် လှည့်ကြည့်လိုက်ပြီးနောက် ငါတော့ သေပြီဟု တွေးလိုက်သည်။
ကျွန်တော် နိုးလာသည့်အချိန်တွင် အချိန်မည်မျှ ကုန်ဆုံးသွားပြီမှန်းမသိပေ။ အဖေ ဟင်းချက်နေသည်ကို ကျွန်တော် မြင်လိုက်ရသည်။ အဖေ ဟင်းချက်နေသည်ကို မြင်လိုက်ရသည်နှင့် ကျွန်တော် အမြန်ထလိုက်သည်။ ကျွန်တော် အမြန်ထလာသည်ကို မြင်သည့်အချိန်တွင် အဖေက အမြန်ပြောလိုက်သည်။
“မင်း အားနည်းနေတဲ့ပုံပဲ။ နားလိုက်ပါဦးလား။”
ကျွန်တော် ဘေးကိုစိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။
“သား မသေသေးဘူးလား။”
“ဒါပေါ့ မင်း မသေပါဘူး။ မင်း ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲကို။”
အဖေက ကျွန်တော့်အား ထူးဆန်းစွာဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မင်းသာ မနေ့ညက လမ်းပေါ်မှာ မအိပ်ခဲ့ရင် ဒါမှမဟုတ် ဘေးအိမ်က အဒေါ်ကြီးသာ ငါ့ကို မခေါ်ခဲ့ရင်တော့ တစ်မျိုးပေါ့။”
“သား လမ်းပေါ်မှာ အိမ်နေတယ်လို့ အဖေပြောတာလား။ ဘယ်အချိန်တုန်းက အဖေ သားကို တွေ့တာလဲ။”
ကျွန်တော် အဖေ့ကို မေးလိုက်သည်။
“လွန်ခဲ့တဲ့ ငါးနာရီလောက်ကနေမှာ။ မင်း ဘာဖြစ်နေတာလဲ။”
အဖေ ကျွန်တော့်အား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျွန်တော် ခေါင်းခါလိုက်သည်။ ကျွန်တော့် ခေါင်းထဲတွင် အတွေးများက ပြည့်နှက်နေကာ ခေါင်းပင် မနည်းငယ် ကိုက်လာခဲ့သည်။ မနေ့ကဖြစ်ခဲ့သည်ကို ကျွန်တော် မမှတ်မိသည့်ပုံပင်။
ကျွန်တော် လမ်းပေါ်သို့ အကြောင်းမရှိဘဲ မည်ကဲ့သို့ ပေါ်လာရသနည်း။ ထိုအချိန်အတွင်း ကျွန်တော် ဘာဖြစ်ခဲ့သနည်း။
ကျွန်တော့်ရင်ထဲတွင် စိတ်ထင့်သွားသော်ငြား ဖုန်းကို ကြည့်လိုက်သည့် အချိန်တွင် ထိုအကြောင်းကို ကျွန်တော် ဆက်၍ တွေးချိန် မရတော့ပေ။ ကျွန်တော် မတ်တပ်ရပ်ပြီး အော်ပြောလိုက်သည်။
“အဖေ သား မစားတော့ဘူး။ လုပ်စရာလေးတွေရှိလို့ သွားရတော့မယ်။”
ပြောပြီးသည်နှင့် ကျွန်တော် အိမ်မှ အမြန်ကျောင်းသို့ ပြေးထွက်လာခဲ့သည်။
ကျွန်တော် ကျောင်းသို့ ရောက်သည့်အချိန်တွင် တတိယမြောက်အတန်းချိန်သို့ ရောက်နေပြီဖြစ်သည်။ အတန်းထဲရှိလူများက ကျွန်တော့်အား အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် လီယုထျန်းဖြစ်သည်။ သူက ကျွန်တော့်ကို ကြည့်ကာ
“ကျန်းဖန် ငါ မင်းသေပြီလို့ ထင်နေတာ။”
“ဒါပေါ့။ ငါ ဘာလို့သေရမှာလဲ။ ပြီးတော့ ငါ အရေးကြီးတဲ့ သဲလွန်စတွေကိုလည်း ရှာတွေ့ခဲ့တယ်။”
ကျွန်တော် သူ့ကိုကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဘာ အရေးကြီးတဲ့ သဲလွန်စလဲ။”
လီယုထျန်းက ကျွန်တော့်ကို အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ဖန်လင်းရွာကလည်း ငါတို့လိုပဲဖြစ်ခဲ့တာ။ ပြီးတော့ ကြည့်ရတာ အဲ့ကျိန်စာကို ဟန်ကျိယုက ယူလာခဲ့တဲ့ပုံပဲ။”
ကျွန်တော် အကုန်လုံးကိုကြည့်လိုက်ပြီးနောက် သရဲမ ကျွန်တော့်အားပြောပြခဲ့သည့် အရာများကို ပြောလိုက်သည်။
“ဟန်ကျိယုက တံခါးစောင့်ဆိုတာသေချာတယ်။ သူမက ငါတို့ကို ဒုက္ခပေးရုံတင်မကဘဲ လူတွေ အများကြီးလည်း သတ်ခဲ့တာပဲ။”
လီယုထျန်းက အံကြိတ်လိုက်သည်။
“ဟုတ်တယ်။ တစ်ရွာလုံးက သူမ သတ်တာခံရတာဖြစ်နိုင်တယ်။”
“ဒီလိုဆို ငါတို့ သူမကို သတ်မှဖြစ်မယ်။ မဟုတ်ရင် ငါတို့ သူမ သတ်တာခံရလိမ့်မယ်။”
အကုန်လုံး၏စကားများကို နားထောင်ပြီးတစ်ခုခု ထူးဆန်းနေသည်ဟု ကျွန်တော်ခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် ဟန်ကျိယုက တံခါးစောင့် မဟုတ်နိုင်ဟု ကျွန်တော် အမြဲခံစားမိနေသောကြောင့်ဖြစ်သည်။ သို့သော် သရဲမကလည်း ကျွန်တော့်ကို လိမ်မှာမဟုတ်ပေ။ သူမ၏ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူမက ဟန်ကျိယုကို အလွန်မုန်းတီးနေသည်မှာ ထင်ရှားသည်။
ပြီးနောက် အကယ်၍ သူမက တံခါးစောင့် မဟုတ်လျှင် ဖန်လင်းရွာတစ်ရွာလုံး သေဆုံးခဲ့ပြီး အဘယ့်ကြောင့် သူမတစ်ဦးတည်း ရှင်ကျန်ရစ်ခဲ့သနည်း။
ဒီတော့ သူမက တံခါးစောင့် မဟုတ်လျှင်တောင် သူမက တံခါးစောင့်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ရှိမှာဖြစ်သည်။
ကျွန်တော်တွေးနေစဉ် လီယုထျန်း၏ အော်သံကို ကြားလိုက်ရသည်။
“ငါတို့ ဟန်ကျိယုကို သတ်ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင် ငါတို့ အကုန်သေလိမ့်မယ်။”
“ဟုတ်တယ်။ ဘာပဲရင်းရရင်းရ သူမကို သတ်မှဖြစ်မယ်။”
အတန်းထဲရှိသူများကလည်း ပြောလိုက်ကြသည်။
“ဒါနဲ့ပတ်သက်ပြီးတော့ ငါ့မှာ နည်းလမ်းတစ်ခု ရှိလောက်တယ်။”
ရုတ်တရက် ချောင်ဟူက မတ်တပ်ရပ်ပြီးနောက် ပြောလိုက်သည်။
“ဘာနည်းလမ်းလဲ။”
လီယုထျန်းက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
“ဟန်ကျိယုက ဘယ်လောက်ပဲ စွမ်းအားရှိနေပါစေ။ သူမက သရဲတစ်ကောင်ပဲ။ ငါ ဝမ်ရင်းယန်ဆိုတဲ့ သရဲနှင်တဲ့သူကို သိတယ်။ သူက ငါတို့ကို သေချာပေါက် ကူညီပေးမှာပဲ။”
ချောင်ဟူက ပြောလိုက်သည်။
သူ့စကားများက ကျွန်တော့်ကို ခဏလောက် ကြက်သေသေသွားစေသည်။ ဝမ်ရင်းယန်ကို သူသိမည်ဟု ကျွန်တော်ထင်မထားပေ။ ကြည့်ရသည်မှာ ဝမ်ရင်းယန်၏ ဂုဏ်သတင်းက သိပ်မသေးပေ။
အခန်း ၂၂
? Views, Released on June 6, 2023
Private: သေမင်း၏စေညွှန်ရာ
Lethal Impulse, 致命冲动
Status: Ongoing Type: Web Novel Author: Parting Sorrow Forgotten, 忘记离愁 Artist: Swae Nyoe Sarsin, ညိမ်းမြတ် Native Language: Chinese
သူစိမ်းတွေဆီက ရတဲ့ ဝီချက် အန်ပေါင်းတွေက မရဏလမ်းပဲ လှုံ့ဆော်မှုကြောင့်ပဲ သွားမထိလိုက်လေနဲ့....တစ္ဆေသရဲတွေနဲ့ လှုံ့ဆော်တဲ့ အရာတွေက အကျိုးဆက်တွေ ဖြစ်စေတယ်။ ဝီချက်ဂရုထဲက သူစိမ်းတွေဆီက ရတဲ့ အန်ပေါင်းတွေကို ကျွန်တော်ရဲ့ အတန်းဖော်တွေက ထိလိုက်မိတယ်။ကျွန်တော် သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်ပြီကျွန်တော်လည်း နောက်ဖြစ်မဲ့ တစ်ယောက် ဖြစ်နိုင်တယ်.....။